သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်နယ်မှာ ရေဘေးကြောင့် ဒေသခံထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း 


ဘီးလင်းမြစ် စိုးရိမ်ရေမှတ်ထက် ၆ လက်မခန့်ကျော်နေဟု မိုးဇလထုတ်ပြန်ထား (သြဂုတ် ၂၊ ၂၀၂၃)
ဘီးလင်းမြစ် စိုးရိမ်ရေမှတ်ထက် ၆ လက်မခန့်ကျော်နေဟု မိုးဇလထုတ်ပြန်ထား (သြဂုတ် ၂၊ ၂၀၂၃)

မွန်ပြည်နယ်မှာ ဒီရက်ပိုင်း မိုး ဆက်တိုက် ရွာနေပြီး ဘီးလင်းမြို့နယ် အနိမ့်ပိုင်း ရပ်ကွက် ကျေးရွာအများစု ရေလွှမ်းနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့နေရတယ်လို့ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ဒါ့အပြင် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအား ကောင်းနေတာကြောင့် ကမ်းရိုးတန်း ဒေသတွေမှာ မနက်ဖြန်အထိ ဆက်ပြီး မိုးများနိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒဌာနက သတိပေးထားပါတယ်။ မွန်ပြည်နယ်ဘက်က ရေဘေးအခြေအနေကိုတော့ မဆုမွန် က တင်ပြပေးပါမယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန် ရက်ပိုင်းတွေကစလို့ ရက်ဆက် မိုးသည်းထန်နေတာမှာ ဒီကနေ့ မနက်ပိုင်းမှာတော့ ဘီးလင်း အနိမ့်ပိုင်း ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံပြီး ဒေသခံတွေ ဘေးလွတ်ရာကို ယာယီ ပြောင်းရွှေ့ရတဲ့အထိ ဖြစ်နေတာပါ။

ဒီနေ့ မနက်အစောပိုင်း ဘီးလင်းမြို့နယ်ထဲက အလူးလေး ကျေးရွာမှာ နေအိမ် ၂၀၀ လောက်က ရေဘေးသင့်နေပြီး အဲ့ဒီထဲက ၉ အိမ်လောက် ကတော့ လုံးဝ ရေမြှုပ်သွားတယ်လို့ အဲ့ဒီရွာမှာ ကူညီ ကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတသမားတဦးက ဗွီအိုအေကို ခုလို ပြောပါတယ်။

“အလူးလေးရွာဆိုရင် အိမ်ခြေပေါင်း ၂၀၀ နီးပါးလောက် ရေရောက်တယ်ပေါ့နော်။ အိမ်ခြေ ၈ အိမ် ၉ အိမ်လောက်က မြှုပ်သွားတယ်။ အိမ်လုံးဝမြှုပ်တာ။ တချို့တွေက ပြောင်းတယ်။ ဒီအပေါ်ကို ပြောင်းတယ်ပေါ့။ နောက်တခါ ဟိုဘက်ဆိုရင် ကျနော်တို့ ညောင်ပင်ဘက်တွေပေ့ါ။ ရွာစပ်တွေပေ့ါ။ အကုန် ရေရောက်တယ်ပေါ့။ နောက်… ဘီးလင်း ရပ်ကွက်(၈)၊ ရပ်ကွက်(၇)။ ရပ်ကွက်(၇) ဆိုရင် ကယ်ဆယ်ရေးစခန်းကို တက်ရတယ်။ အဲ့ဒါတွေ လူတွေက ပြောင်းရွှေ့ရတယ်။ နောက်တခါ ဟို…စမ်းချောင်းရွာဆိုရင် ကျနော့်ကို ဖုန်းဆက်တယ်။ ကျနော်က ရောက်တော့ မရောက်သေးဘူး။ သူတို့မှာလည်း ရေက တော်တော်ရောက်နေပြီတဲ့။ နှင်းပုလဲမှာဆိုလည်း အိမ်ခြေ ၂၀ ၊ ၃၀ လောက် ရေဝင်တယ်ပေါ့နော်။”

ဘီးလင်းမြို့ပေါ်က အနိမ့်ပိုင်း ရပ်ကွက်တွေနဲ့ အလူးလေးကျေးရွာ၊ စမ်းချောင်းကျေးရွာ၊ နှင်းပုလဲကျေးရွာ စတဲ့ နေရာတွေမှာ ရုတ်တရက် မြစ်ရေတက်လာပြီး ရေဘေး ကြုံကြရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ အလူးလေး ကျေးရွာမှာတော့ သီးခြား ကယ်ဆယ်ရေး စခန်းမရှိဘဲ နီးစပ်ရာ ဆွေမျိုးအိမ်တွေကို ပြောင်းရွှေ့နေကြရတယ်လို့ ပြောပါတယ်။

ရက်ဆက် မိုးသည်းထန်လို့ ရေကြီးတာ၊ မြေပြိုတာ၊ သစ်ပင်တွေ ကျိုးကျပြီး နေအိမ်တွေ ပျက်စီးတာ၊ လူထိခိုက် သေဆုံးရတာတွေ ကတော့ မွန်ပြည်နယ်မှာ ခုလို မိုးရာသီဆိုရင် နှစ်စဉ်နေ့တိုင်း ကြုံတွေ့နေရတဲ့အပြင် ကားလမ်းတွေလည်း ရေလျှံလေ့ ရှိပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့ မုန်တိုင်းငယ်အရှိန်နဲ့ မုတ်သုံလေအား အလွန်ကောင်းနေတာမို့ ကမ်းရိုးတန်း ဒေသတလျှောက်မှာ ရက်ဆက် မိုးများနေပြီး မွန်ပြည်နယ်က ဘီးလင်းမြစ်နဲ့ ရခိုင်ပြည်နယ်က သံတွဲမြစ်တွေမှာ စိုးရိမ်ရေမှတ်အထက် ကျော်ပြီး ရေတက် နေတာလို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
မုတ်သုံလေအား အလွန် ကောင်းနေဆဲ ဖြစ်တာမို့ ကမ်းရိုးတန်းဒေသတွေမှာ ဆက်ပြီး မိုးများနေဦးမယ်လို့လည်း ဦးလှထွန်းက သတိပေးပါတယ်။

“မုန်တိုင်းက အခု လက်ရှိအနေအထားအရ သူကတော့ ကမ်းကိုတော့ ဖြတ်သွားပါပြီနော်။ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်တယ်။ ဖြတ်ပြီးရင် ဘင်္ဂလာဒေ့ရှ်ကနေ တဆင့် ဆက်ပြီး အနောက်မြောက်ဘက် ရွေ့ ရွေ့ရင်းနဲ့ အခု အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားတို့ ခေါ်တာပေါ့လေ။ အဲ့ဒီပြည်နယ် ကုန်းတွင်းထဲကို ရောက်သွားပါပြီနော်။ သို့သော် သူ့ရဲ့ ပင်လယ်မှာတော့ မုတ်သုံကလည်း အားကောင်းနေတယ်ပေါ့။ မိုးရွာသွန်းမှုက ကမ်းရိုးတန်း ဒေသတွေမှာတော့ ဆက်ပြီးတော့ များနေမယ့် အနေအထားရှိတယ်။ ဒီနေ့ နဲ့ မနက်ဖြန်ပေါ့။”

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားအလွန်ကောင်းနေတာမို့ သြဂုတ် ၃ ရက် မနက်ဖြန်အထိ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်တွေမှာ နေရာ စိပ်စိပ်နဲ့ ကျန်တိုင်းဒေသနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး ရခိုင်ပြည်နယ်၊ နေပြည်တော်၊ မကွေးတိုင်း၊ ပဲခူးတိုင်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာတော့ နေရာကွက် မိုးကြီးနိုင်တဲ့အကြောင်း နဲ့ ရွာရင် ရာနှုန်းပြည့် ရွာသွန်းမယ့်အကြောင်း မိုးဇလဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG