ကန်တရားရုံးချုပ်တရားသူကြီးအဖြစ် Amy Coney Barrett ကျမ်းသစ္စာ ကျိန်ဆို

ကန်တရားရုံးချုပ်တရားသူကြီးအဖြစ် Amy Coney Barrett ကျမ်းသစ္စာ ကျိန်ဆို

(Zawgyi/Unicode)

အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ် Amy Coney Barrett အင်္ဂါနေ့က တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန် ဆီးနိတ် အထက်လွှတ်တော်က ၅၂ မဲ ၄၈ မဲ နဲ့တနင်္လာနေ့က အတည်ပြု ခန့်အပ်ခဲ့ပြီးတဲ့ နောက်မှာ တရားရုံးချုပ် တရားသူကြီးချုပ် John Roberts ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာ ဖြစ်ပါတယ်။

တရားသူကြီး ၉ ဦးနဲ့ ဖွဲ့စည်းထားတဲ့ အမေရိကန် တရားရုံးချုပ်မှာ Barrett ဟာ သမ္မတ ဒေါ်နယ်ထရမ့် ခန့်အပ်တဲ့ တတိယမြောက် တရား သူကြီး ဖြစ်ပြီး ရှေးရိုးဆန် ကွန်ဆားဗေးတစ်တို့ဘက်က ၆ မဲ ၃ မဲ နဲ့ လစ်ဘရယ် တရားသူကြီးတွေအပေါ် သိသိသာသာ အသာစီးရစေမှာ ဖြစ်ပါတယ်။

တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်ခံရလို့ များစွာ ဂုဏ်ယူမိကြောင်းနဲ့ ဆီးနိတ် အထက်လွှတ်တော်က ခန့်အပ်မှုကို အတည်ပြုပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း Barrett က ပြောပါတယ်။

ဒီမိုကရက်တွေကတော့ အခုလို သမ္မတ ရွေးကောက်ပွဲ နီးကပ်နေချိန်မှာ တရားရုံးချုပ် တရားသူကြီးတစ်ဦးကို အဆိုပြုတဲ့ကိစ္စကို အနိုင်ရမယ့် သမ္မတ လက်ထဲကို လွှဲအပ်ထားသင့်ကြောင်း တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရပ်တည်ချက်မျိုးကို ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲကာလ တုန်းက ရစ်ပတ်ဘလင်ကန်တို့ ထားရှိဖူးပါတယ်။

အဲဒီ အချိန်တုန်းက သမ္မတ ဘားရက် အိုဘားမား အဆိုပြုခဲ့တဲ့ တရားသူကြီး Merrick Garland ကို ရစ်ပတ်ဘလင်ကန်အမတ်တွေက အတည် ပြု ခန့်အပ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ပူပူနွေးနွေး ခန့်အပ်ခံရတဲ့ တရားသူကြီး Barrett အနေနဲ့ သိပ်မကြာခင်မှာပဲ အမေရိကန် နိုင်ငံရေးမှာ အရေးကြီးတဲ့ ကိစ္စကြီးနှစ်ခုထဲ ပါဝင်ပတ်သက် ဆုံးဖြတ်လာရဖို့ ရှိပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေအပေါ် တရားရုံးချုပ်က ဆုံးဖြတ်ဖို့ လိုအပ်လာ တဲ့အခါ ပါဝင် ပတ်သက် ဆုံးဖြတ်ဖို့ ရှိလာမှာ ဖြစ်သလို နိုဝင်ဘာလ ၁၀ ရက်နေ့မှာလည်း Affordable Care Act လို့ခေါ်တဲ့ အမေရိကန် ကျန်းမာရေး စောင့်ရှောက်မှု စနစ် ဆက်လက် တည်ရှိရေး မတည်ရှိရေးကိစ္စကို တရားရုံးချုပ်က ဆုံးဖြတ်တဲ့အခါ ပါဝင်ဆွေးနွေး ဆုံးဖြတ်လာရဖို့ ရှိနေပါတယ်။

Obamacare လို့လည်း ခေါ်ဆိုတဲ့ အဲဒီ ကျန်းမာရေး စောင့်ရှောက်မှု စနစ်က ပြည်သူတွေ အခွန်ငွေတွေကို အများ အပြား သုံးစွဲနေသလို အစိုးရ ရဲ့ ထိန်းချုပ်မှု များပြားလွန်းတယ်လို့ ရစ်ပတ်ဘလင်ကန်တွေက ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကျန်းမာရေး စောင့်ရှောက်မှု အောက်က ဥပဒေတစ်ခုဖြစ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု အာမခံ မဝယ်မနေရ အပိုဒ် ကို ရစ်ပတ်ဘလင်ကန်တွေ ကြီးစိုးခဲ့တဲ့ အောက် လွှတ်တော်က ၂၀၁၇ ခုနှစ်က ပယ်ဖျက်ခဲ့ပါတယ်။ အခုအချိန်မှာ ဒီ ကျန်းမာရေး စောင့်ရှောက်မှု စနစ် တစ်ခုလုံးကို တရားရုံးချုပ်က ပယ်ဖျက် ပေးဖို့ ရစ်ပတ်ဘလင်ကန်တွေက လိုလားနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကန်တရားရုံးချုပ်တရားသူကြီးအဖြစ် Amy Coney Barrett ကျမ်းသစ္စာ ကျိန်ဆို


...............


(Unicode)







