(Zawgyi/Unicode)
လစ်လပ်နေတဲ့ တရားရုံးချုပ် တရားသူကြီးနေရာမှာ အစားထိုးခန့်အပ်ဖို့ သမ္မတထရမ့် အမည်စာရင်း တင်သွင်းထားတဲ့ Amy Coney Barrett ကို အတည်ပြု ခန့်အပ်သင့်မသင့် အထက်လွှတ်တော် တရားရေးကော်မတီရှေ့မှောက် ၄ ရက်ကြာပြုလုပ်တဲ့ ကြားနာပွဲတွေဟာ ကြာသပတေးနေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
Barrett အတွက် ကော်မတီအဖွဲ့ဝင်တွေက အပြီးသတ် မဲပေးရွေးချယ်ဖို့ ကော်မတီရဲ့ ဆုံးဖြတ်ချက်ကို လာမယ့် ကြာသပတေးနေ့ အထိ ရွှေ့ဆိုင်းဖို့ ဒီမိုကရက်တွေက ပန်ကြားခဲ့ပါတယ်။ သူမအတွက် အထက်လွှတ်တော် တရပ်လုံးရဲ့ မဲပေးမှုကိုတော့ နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ မတိုင်ခင် ရက်အနည်းငယ်အလို ဒီလကုန်လောက်မှာပေးဖို့ ဖြစ်နိုင်ပါတယ်။
၄၈ နှစ်ရှိပြီဖြစ်တဲ့ Barrett ကို အတည်ပြု ခန်အပ်ဖို့ သူတို့မှာ မဲအလုံအလောက်ရှိကြောင်း အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် ရီပတ်ဘလစ်ကင်ပါတီက Mitch McConnell သူ့ရဲ့ ပြည်နယ် ဖြစ်တဲ့ Kentucky မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် သူမအတွက် အထက်လွှတ်တော် တရပ်လုံးမှာ မဲခွဲ ဆုံးဖြတ်ဖို့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။
တကယ်လို့ သူမကို အတည်ပြုနိုင်ခဲ့ရင် Barrett ဟာ ပဉ္စမမြောက် အမျိုးသမီး တရားရုံးချုပ် တရားသူကြီး ဖြစ်လာမှာပါ။
လက်ရှိ အယူခံတရားရုံး တရားသူကြီး တဦးဖြစ်တဲ့ Barrett ကို တသက်တာတာဝန်ထမ်းဆောင်ရတဲ့ နိုင်ငံတော် တရားရုံးချုပ် တရားသူကြီး တဦးအဖြစ် သမ္မတ ဒေါ်နယ်ထရမ့်က အမည်စာရင်းတင်သွင်းခဲ့တဲ့ အတွက်. တရားရုံးချုပ်တရားသူကြီး ၉ ဦးမှာ ရှေးရိုးကွန်ဆာဗေးတစ် အမြင်ရှိသူ တယောက် ထပ်တိုးလာရင် ၆ ယောက် ၃ ယောက်နဲ့ လစ်ဘရယ်အယူရှိသူ အရေအတွက် နည်းသွားနိုင်တာကြောင့် တရားရုံးချုပ်အတွက် တရားရေးအငြင်းပွါးမှု ဆိုင်ရာ ရလဒ်တွေ အပေါ်မှာ ဆယ်စုနှစ်နဲ့ ချီပြီး သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
လွှတ်တော်အမတ်တွေရဲ့ မေးမြန်းချက်တွေကို အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ Barrett ဟာ နာရီပေါင်းများစွာ ဖြေကြားခဲ့ရတာပါ။ ကြာသပတေးနေ့မှာတော့ ရီပတ်ဘလစ်ကင်နဲ့ ဒီမိုကရက်အမတ်တွေက Barrett ကို အတည်ပြုရေး မပြုရေး. အတွက် သူတို့ တင်ပြချက်တွေ ပိုခိုင်မာစေဖို့ သက်သေတွေ ဆင့်ခေါ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ရှေ့နေများအဖွဲ့ American Bar Association ရဲ့ လက်ရှိကော်မတီဝင် ၂ ဦးက Barrett ဟာ တရားရုံးချုပ် တရားသူကြီးတဦး ဖြစ်ထိုက်ကြောင်း သူတို့ရဲ့ အကဲဖြတ်ချက်ကို ထွက်ဆိုခဲ့တာပါ။
............
(Unicode)