ရှမ်းအရှေ့ပိုင်း မိုင်းယောင်းကို ဝင်ရောက်တိုက်ခိုက်ခြင်းမှုမရှိကြောင်း မိုင်းလားအဖွဲ့ပြော

Google Map မြေပုံက မြင်တွေ့ရတဲ့ ရှမ်းပြည်နယ် မိုင်းယောင်းမြို့နယ်ရှိ မိုင်းယောင်းမြို့

ရှမ်းပြည်နယ် အရှေ့ပိုင်းက မိုင်းယောင်းဒေသကို ဝင်ရောက်ချုပ်ကိုင်ထားတာ မရှိဘူးလို့ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် NDAA (မိုင်းလားအဖွဲ့)က ပြောဆိုလိုက်ပါတယ်။ အဲဒီဒေသကို ဝင်ရောက်လာတာက ဆက်ကြေးကောက်ယူမှုတွေ ရှိလာတဲ့အတွက် လာကောက်တဲ့အဖွဲ့ကို မလုပ်ဖို့ ဝင်ရောက် ထိန်းသိမ်းတာ ဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိ ရှမ်းမြောက်မှာ တိုက်ပွဲတွေပြင်းထန်နေမှုနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့အတွက် ဝင်ရောက်ကူညီပေးဖို့လည်း အသင့်ရှိတယ်လို့ NDAA အဖွဲ့က ပြောဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး မမြသဇင်အောင်က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေချိန် ရှမ်းပြည်နယ် အရှေ့ပိုင်းကမိုင်းယောင်းဒေသကို မိုင်းလားအဖွဲ့တွေ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဝင်ရောက်လာတာက ဒေသခံတွေဆီက ဆက်ကြေး ကောက်ယူမှုတွေရှိလာတဲ့အတွက် လာကောက်တဲ့အဖွဲ့ကို မလုပ်ဖို့ ဝင်ရောက် ထိန်းသိမ်းတာဖြစ်တယ်လို့ မိုင်းလား အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ဗွီအိုအေကိုပြောပါတယ်။

“ဖြစ်တာကဒီလိုလေ တခြားမဟုတ်ပါဘူး။ အရင်ထဲက အစိုးရကို အားပေးတဲ့အခံနဲ့ တခြားအဖွဲ့မဝင်ဘူး။ အစိုးရဘဲအုပ်ချုပ်သွားမှာ။ ခုဟာက ဒီတလော ထလာပြန်တယ်။ သူတို့ မြို့ထဲမှာမဟုတ်ဘဲနဲ့ ဘေးနားမှာ၊ ရွာတွေမှာ ဆက်ကြေးကောက်တာ၊ တပ်သားသစ်စုလာတာတွေ ကျနော်တို့ လက်မခံဘူး။ အဲဒါနဲ့ ကျနော်တို့မောင်း ထုတ်တာပါ။ ပိုင်တာကတော့ အစိုးရ ပိုင်တာဘဲ။ သူတို့ရုံးဌာနကော အစိုးရပိုင်ပါတယ်။ ကျနော်တို့ကတော့ ရွာထဲမှာ မဟုတ်တာ လာလုပ်တဲ့ကောင်တွေ ကျနော်တို့မောင်းထုတ်တယ်။ ဒေသထဲ စိမ့်ဝင်လာတဲ့သူတွေ ကိုမောင်းထုတ် တယ်။ ဒေသခံပြည်သူက အော်တယ်လေ မခံချင်ဘူး။ သူတို့အေးအေးဆေးဆေးဘဲနေချင်တယ်ဆိုတော့။”

ဘယ်အဖွဲ့တွေက ဆက်ကြေးကောက်ယူနေသလဲလို့ မေးခွန်ကိုတော့ ဖြေဆိုတာ မရှိခဲ့ပါဘူး။ အဲဒီဒေသမှာ ရှမ်းအဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့အပြင် တအောင်းအဖွဲ့TNLA တို့တွေလည်း နယ်မြေထဲ သွားလာမှုတွေ ရှိနေတယ်လို့ ဒေသခံတွေ ဘက်ကပြောဆို ထားခဲ့ဖူးပါတယ်။

ဇူလိုင်လ ဒုတိယပတ်အတွင်း လားရှိုးမြို့နဲ့နီးစပ်တဲ့ တန့်ယန်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တအောင်းအဖွဲ့ TNLAက ထိုးစစ်ဆင်ခဲ့တာမှာ ၀တပ်ဖွဲ့ (UWSA) တပ်တွေက တန့်ယန်းမြို့ကို ဝင်ရောက် တပ်စွဲ ထိန်းချုပ်တာ ရှိခဲ့ပါတယ်။ နောက်ပြီး ရှမ်းမြောက်က မိုင်းရယ်မြို့ကိုလည်း TNLA က ဝင်ရောက်လာတာမှာ SSPP က မိုင်းရယ်မြို့ကို အင်အားထောင်ချီ ဝင်ရောက်တပ်စွဲတာမျိုး လုပ်ခဲ့ပါတယ်။ ဒေသခံ ပြည်သူလူထု တောင်းဆိုချက်မို့ အခုလို နေရာယူခဲ့တာ ဖြစ်တယ်လို့ ၂ဖွဲ့စလုံးက ထုတ်ပြန်ထားပါတယ်။

အဲဒီဖြစ်စဉ်နောက်ပိုင်း မိုင်းယောင်း ကို မိုင်းလားအဖွဲ့က ဝင်ရောက်လာတာဖြစ်လာတာဖြစ်ပါတယ်။ လတ်တလောမှာတော့ စစ်ကောင်စီက အုပ်ချုပ်ရေးဆိုင်ရာကို ဆက်လက် အုပ်ချုပ်နေဆဲရှိတယ်လို့ မိုင်းလားအဖွဲ့က ဆိုပါတယ်။ လတ်တလောမှာတော့ မိုင်းယောင်း အခြေအနေနဲ့ ပတ်သတ်လို့ ဒေသခံတွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်‌ မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအနေနဲ့ တ‌အောင်းတပ်မတော်(TNLA)က ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်ကစလို့ မဟာမိတ် တပ်တွေနဲ့အတူ ရှမ်းမြောက်မှာရှိတဲ့ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်စတဲ့မြို့နယ်တွေကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက် နေပါတယ်။ အဲဒီဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လျက်ရှိနေတာပါ။ ကိုးကန့်တပ်ဖွဲ့ (MNDAA)ကလည်း ဇူလိုင် ပထမပတ်ကစလို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)စစ်တိုင်းတည်ရှိရာ လားရှိုးမြို့ကို ထိုးစစ်ဆင်နေလျက် ရှိပါတယ်။ တိုက်ပွဲတွေဟာ မြို့အတွင်းပိုင်းထိပါ ရောက်လာနေတာပါ။

ရှမ်းမြောက်မှာ တိုက်ပွဲတွေပြင်းထန်နေမှုနဲ့ နေရာစုံမှာ စစ်ဘောင်ကျယ်နေတာနဲ့ ပတ်သက်လို့ မိုင်းလားအဖွဲ့ သဘောထားကတော့ ပြည်သူကိုကြည့်ကာ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ နဲ့ ဆွေးနွေးမယ်ဆိုရင် ဝင်ရောက် ကူညီပေးဖို့ အသင့်ရှိတယ်လို့ မိုင်းလား အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်ကပြောပါတယ်။

“ကျနော်ကတော့ တိုင်းပြည်ကို အပျက်မခံချင်ဘူး။ ကိုးကန့်ဘက်မှာလည်း ကျနော်တို့ ပြောပြတယ်။ မြို့ပျက်ရွာ ပျက်ဆိုရင်တော့ ပြည်သူလူထု ထောက်ခံမှုရဖို့ ခက်တယ်။ နင်တို့က သေချာတဲ့၊ ဆွေးနွေးညှိုနှိုင်းနိုင်တဲ့ လမ်းကြောင်း ရှိရင်လုပ်ပါလို့။ လူထုကိုလည်း လုပ်ချင်တယ်လို့ အသံထွက်နေတယ်။ ဒါပေမယ့် ဘယ်သူနဲ့လုပ်မလဲပေါ့၊ လုပ်ချင်တယ်ဆို နည်းလမ်းမျိုးစုံရှိတယ်လို့ အဲလိုတော့ ပြောတော့ပြောထားတယ်။ လက်တွေ့ ဘယ်လို အကောင်အထည်ဖော်မလဲတော့ မသိသေးဘူး။ ပြည်သူလူထု သိပ်နာလွန်းတာ မရဘူးလေ၊ အခုက ကြည့်လို့ မကောင်းတော့ဘူး။ ပုံစံလုံးဝပြောင်းသွားပြီလေ။ အရင်က မြို့ထဲမှာတော့ ပြဿနာမရှိဘူး၊ တောထဲမှာဘဲ တိုက်ပွဲဖြစ်တယ်ဆိုတော့ တခြား ဘာမှ မပြောချင်တော့ဘူး။ ကျနော်တို့ သူတို့ဘက်က ကူညီပေးပါလို့ လာတောင်းဆိုရင်တော့ ကျနော်တို့ ကူညီမှာဘဲ။ ကျန်တဲ့အချိန်ကျတော့ ကျနော်တို့ ပြောဖို့ခက်တယ်လေ၊ အကြံညဏ်ဘဲပေးနိုင်တာပေါ့။”

အတည်မပြုနိုင်သေးတဲ့ သတင်းအရ စစ်ကောင်စီက ဝတပ်ဖွဲ့(UWSA) ဌာနချုပ် ပန်ဆန်းဒေသကို သွားရောက်ပြီး လက်ရှိ ရှမ်းမြောက်တိုက်ပွဲတွေ ရပ်တန့်ပေးရေး ကြားဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တာတွေ လုပ်ခဲ့တယ်လို့ တိုင်းရင်းသားအဖွဲ့တချို့က ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ရှမ်းအရှေ့ပိုင်း မိုင်းယောင်းကို ဝင်ရောက်တိုက်ခိုက်ခြင်းမှုမရှိကြောင်း မိုင်းလားအဖွဲ့ပြော