MNDAA ကိုးကန့်တပ်ဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းယူလိုက်ကြောင်းနဲ့ ဒါဟာ သမိုင်းဝင်အောင်ပွဲတခုဖြစ်ကြောင်း ကြေညာခဲ့ပေမဲ့ စစ်ကောင်စီကတော့ မမှန်ဘူးလို့ တုံ့ပြန်ထားပါတယ်။ လားရှိုးဒေသခံတွေကတော့ မြို့အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ပြောဆိုပေမဲ့ ရမခကို သိမ်းယူတဲ့သတင်းကိုတော့ အတည်မပြုပါဘူး။ လားရှိုးမြို့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။
MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ လားရှိုးမြို့ကို ဒီလ ၃ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့မှာတော့ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လုံး၀ သိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့ဟာ လုံး၀ လွတ်မြောက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာပါ။ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ MNDAA က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်တယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိကြောင်းနဲ့ လားရှိုးမြို့ မြို့စွန်ရပ်ကွက်တွေမှာ သောင်းကျန်သူတွေ စိမ့်ဝင်နေလို့ လိုက်လံ ရှင်းလင်းနေကြောင်း သတင်းမီဒီယာတွေကို ပြန်လည် ဖြေကြားထားပါတယ်။ လားရှိုးမြို့ရှိ ဒေသခံတဦးကို VOA က ဆက်သွယ်မေးမြန်းရာမှာတော့ ရမခကို သိမ်းယူတဲ့သတင်း မကြားသိရသေးကြောင်းနဲ့ မြို့တွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေကြောင်း ပြောပါတယ်။
“ ရမခဘက်တော့ မကြားဘူးပဲ။ ရမခတော့ မကျလောက်သေးဘူးထင်တာပဲ။ ဆင်တောင်ဘက်မှာလည်း လက်နက်တွေ ဆင်ထားတယ်။ ဆင်တောင်မှာ အကုန်ဆင်ထားတယ်။ အကာအကွယ်တွေ ယူထားတယ် ဆိုတော့ လွယ်တော့ မလွယ်ဘူး။ အဲဒီ ရမခကို ရဖို့ကတော့။ အခုက ကျနော်တို့ ရပ်ကွက် ၇ အသားကုန်တွယ်နေတာဟေ့။ ကျနော့ရဲ့ နောက်တလမ်း၊ ၂လမ်းမြောက်မှာလည်း တလုံး၊ ဂျက်လေယာဉ် ဖိုက်တာ ချသွားတာ။ အခုနောက်တချက်က ကျနော့ရဲ့ အနောက်လမ်းမှာ တချက်ချသွားတယ်။ လေကြောင်းက တိုက်နေတာ ၉နာရီ။ ၁၀နာရီလောက်က။ ချာတာတော့ မနေ့ညကတည်းက ချနေတာလေ။ (လက်နက်ကြီးသံ) ဟော ချပြန်ပြီ တလုံး။ ကျနော့နောက်ပဲ။ (လက်နက်ကြီးသံ) တော်တော်ကြမ်းတယ်။ ရပ်ကွက် ၇က။ ရပ်ကွက် ၇ မဟုတ်ပါဘူး။ တခြားနေရာလည်း ကြမ်းနေတာပဲ။ ၆၈ ဘက်လည်း ချနေတာပဲ။ ၆၈ ဘက်ရယ် ဟူးမူဆယ်ဘက်လည် ချနေတာ။ အဲဒါ ကျနော် အပေါ်ထပ် တက်ကြည့်တော့ အဲဒါလည်း လေယာဉ်နဲ့လည်း ပစ်တယ်။ အဝေးပစ်နဲ့လည်း ပစ်တာပဲ။ ”
မနေ့ညပိုင်းကလည်း ရပ်ကွက် ၅မှာ လက်နက်ကြီးကျတာကြောင့် နေအိမ်အတော်များများ မီးလောင်သွားခဲ့ ပါတယ်။ လောလောဆယ် တိမ်းရှောင်နေတဲ့ လားရှိုးမြို့ခံတဦးကလည်း သူရရှိတဲ့သတင်းအရ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းတယ်ဆိုတာ မမှန်ကြောင်း ပြောပါတယ်။
“ မြေပြင်သတင်းအရတော့ မဟုတ်သေးဘူးအကိုရေ။ အဲဒါကတော့။ သူက ပတ်ချာလည်ရပ်ကွက်ထဲ စိမ့်ဝင် ဘာညာတော့ အဲလိုမျိုးတော့ ရှိတယ်။လက်ရှိလည်း တိုက်ပွဲကတော့ ဖြစ်နေတာ။ ဒါပေမဲ့ ရမခ ဒီ တိုင်းစစ်ဌာနချုပ်ထဲ ဝင်သိမ်းတယ်ဆိုတာကမဟုတ်သေးဘူး။ မနက်ပိုင်း ၁၀နာရီ ၊ ၁၁နာရီလောက်ထိအောင် ကို စစ်ဆေးရုံတို့ ဘာတို့ ဆိုတာ လှုပ်ရှားမှုရှိသေးတယ်။ စစ်ဆေးရုံဆိုတာက ရမခ ဧရိယာဝန်းထဲမှာပဲ ရှိတာဗျာ။ ”
ဒီရက်ပိုင်းတွေအတွင်းမှာတော့ လားရှိုးမြို့က ပရဟိတအဖွဲ့ ၂ ဦး လူနာသယ်ယူစဉ် ပစ်ခတ်ခံရလို့ ဒဏ်ရာရခဲ့သလို ပေးသောလက် ပရဟိတအဖွဲ့က ဦးဆောင်သူတယောက်လည်း ပျောက်ဆုံးနေကြောင်းနဲ့ သူရဲ့ ကားနဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို စစ်တပ်က သိမ်းယူသွားတာရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ PDF ပူးပေါင်းတပ်တွေဟာ မိုးကုတ်မြို့ကို အပြီးသတ် သိမ်းယူခဲ့ကြောင်းနဲ့ မိုးကုတ်မြို့နယ် တပ်စခန်းတွေကနေ စစ်သုံ့ပန်း ၃၀ကျော် ၊ အတွဲလိုက်ပစ် ဒုံးလက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ ၂၀၀ ကျော်နဲ့ ကျည်ဆံအများအပြားသိမ်းဆည်းရမိကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ မိုးကုတ်မြို့ သိမ်းယူတဲ့သတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ ရပါဘူး။
Forum