သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် တိုက်ပွဲတွေအပေါ် တရုတ်နိုင်ငံခြားရေးဌာန သတိပေး


ယခင်မှတ်တမ်းရုပ်ပုံ | ဘေကျင်းမြို့သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning (ဇူလိုင် ၂၆၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ဘေကျင်းမြို့သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning (ဇူလိုင် ၂၆၊ ၂၀၂၃)

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲအခြေအနေတွေကို တရုတ်နိုင်ငံအနေနဲ့ သေချာအနီးကပ် စောင့်ကြည့်နေပြီး တိုက်ပွဲတွေကြောင့် ထိခိုက်မလာဖို့လည်း သတိပေးလိုက်ပါတယ်။ တရုတ်-မြန်မာနယ်စပ် နဲ့ နယ်စပ်ဒေသတလျှောက်မှာနေထိုင်နေကြတဲ့သူတွေ အန္တရာယ်မကျရောက်အောင် လုပ်ဆောင်ဖို့ မြန်မာနိုင်ငံအတွင်း တရုတ်စီမံကိန်းတွေမှာ အလုပ်လုပ်နေကြတဲ့ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်ကုမ္ပဏီတွေ မထိခိုက်အောင် လုပ်ဆောင်ကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရ Mao Ning က ဒီနေ့ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေကို အလေးအနက်စောင့်ကြည့်နေပါတယ်။ ဒီပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေတဲ့ သက်ဆိုင်တဲ့သူတွေကို စေ့စပ်ဆွေးနွေးမှုတွေလုပ်ပြီး တိုက်ပွဲတွေကို အမြန်ဆုံး အဆုံးသတ်ဖို့နဲ့ မတူကွဲပြားမှုတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းပြီးတော့ အခြေအနေတွေ ဒီထက် ပိုဆိုးမလာအောင် ရှောင်ရှားဖို့လည်း ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ နဲ့ ပြီးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး အရှိန်အဟုန်ကို ဆက်ထိန်းထားဖို့အတွက် ဆက်လက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ်နဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ MNDAA ကိုးကန့်တပ်ဖွဲ့၊ TNLA တအာန်းတပ်ဖွဲ့တွေနဲ့ ရခိုင့်တပ်တော် (AA) အပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ (PDF) တပ်တွေပေါင်းပြီး စစ်ကောင်စီ တပ်တွေ နဲ့ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ ကိုးကန့် MNDAA နဲ့ ပူးပေါင်းတပ်တွေက လားရှိုးမြို့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို လုံးဝသိမ်းပိုက်နိုင်ခဲ့ပြီး MNDAA ဘက်က် သတင်းထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG