ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံအုပ်ချုပ်ရေး ပိုမိုတိုးတက်ကောင်းမွန်လာဖို့အတွက် အုပ်ချုပ်ရေးကဏ္ဍမှာ နိုင်ငံသားများ ပါဝင်ဆုံးဖြတ်ပိုင်ခွင့် (Citizens Engagement) ကို တိုးမြှင့်ပေးဖို့လိုအပ်ပြီး ဒီကိစ္စဟာ ပြည်သူလူထုရဲ့ သတင်းရယူပိုင်ခွင့်နဲ့လည်းဆက်စပ်နေတယ်လို့ မြန်မာ့အရေးသုံးသပ်သူ ဦးတင်မောင်သန်းက ဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေကို လေ့လာရေးသားတင်ပြနေသူ သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာဟောင်း ဦးတင်မောင်သန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး Local Administration ရပ်ကျေး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လူတွေရဲ့ မကျေနပ်မှုတွေကို ကြားရပါတယ်။ အဲဒီဟာ ဘယ်လို တိုးတက်နေသလဲဆိုတဲ့ အခြေအနေကို အကြမ်းမျဉ်း ခပ်တိုတို ပထမဦးဆုံးပြောပါ။
ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင့်တော့ အရင်တုန်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးကနေ ခန့်ထားတာကနေ အခုနောက်ပိုင်းမှာတော့ ဆယ်အိမ်စုအလိုက် ရွေးကောက်တင်မြှောက်တဲ့စနစ်နဲ့ လုပ်တယ်။ ဒါပေမဲ့ လူထုကနေ ရွေးကောက်တင်မြှောက်တာ မဟုတ်ဘူး။ ဆယ်အိမ်စုအလိုက် အိမ်ထောင်ဦးစီးထဲက တယောက်ကိုပဲ ဆယ်အိမ်မှုးအဖြစ် ရွေးကောက်တင်မြှောက်ရတယ်။ ဆယ်အိမ်မှုးတွေကတဆင့် တခါ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးကို ရွေးကောက်တင်မြှောက်ရတယ်။ စနစ်က အဲဒီလို လုပ်ထားတယ်။ အဲဒီလို လုပ်ထားတဲ့အတွက် ပြည်သူကနေ တိုက်ရိုက်တင်မြှောက်တာ မဟုတ်ပြန်ဘူး။ အကောင်းဘက်က ဆိုလို့ရှိရင်တော့ ခန့််ထားခြင်း မဟုတ်တော့ဘဲနဲ့ ရွေးကောက်တင်မြှောက်ခြင်း စနစ်ကို ရှေ့ရှု့လာတယ်။ ဒါပေမဲ့ အားနည်းချက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒါသည် လူထုက တိုက်ရိုက်ရွေးချယ်တာ မဟုတ်ဘူး။
ဦးကျော်ဇံသာ ။ ။ လူထုဆိုတဲ့နေရာမှာ လူငယ်တွေ အိမ်ထောင်သားသမီး၊ အမျိုးသမီးတွေ၊ သူတို့ရဲ့ အခန်းကဏ္ဍက မြန်မာပြည်မှာ အများဆုံး။ အိမ်ထောင်ဦးစီးက အမျိုးသားတွေ သက်ကြီးအို ဖြစ်နေတော့ လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ မှေးမှိန်သွားတာပေါ့။
ဦးတင်မောင်သန်း ။ ။ မှေးမှိန်တာပေါ့။ သူက အိမ်ထောင်ဦးစီးလို့ သတ်မှတ်တဲ့အခါကြတော့ လူကြီးတွေကပဲ ရွေးကောက်ခံရတဲ့လူတွေ ဖြစ်သွားတယ်။ လူငယ်တွေနဲ့ အမျိုးသမီးတွေ မပါတော့ဘူး။
ဦးကျော်ဇံသာ ။ ။ အဲဒါကို ခွင့်ပြုဖို့ ဘာများအခက်အခဲ ရှိသလဲ။ အဲဒီ ဥပဒေ ရေးဆွဲတုန်းက သတိမထားမိကြဘူးလား။ ပေးလိုက်ဖို့ ဘာများ အခက်အခဲ ရှိမလဲ။ အမျိုးသမီးတွေ၊ လူငယ်တွေ individual တဦးချင်းမဲအနေနဲ့ ပေးကြပါစို့။
ဦးတင်မောင်သန်း ။ ။ တဦးချင်းမဲအနေနဲ့ ပေးတဲ့အခါမှာ နောက်ပိုင်းမှာ လေ့လာသုံးသပ်တော့ စိုးရိမ်ချက်ပေါ့။ ရပ်ရွာအသိုက်အဝိုင်းအနေနဲ့ပြောရင် နိုင်ငံရေးအရ ကွဲပြားမှု ဖြစ်သွားမှာကိုလည်း စိုးရိမ်ချက်တခု ရှိတယ်။ ရပ်ရွာအတွင်းထဲမှာ Community ထဲမှာ စည်းလုံးနေလာကနေ ပါတီလိုင်းတွေ ဝင်လာမယ်ဆိုရင် ရပ်ရွာအတွင်း စည်းလုံးညီညွှတ်မှုတွေ ကွဲပြားသွားမလားဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိနိုင်တယ်။ ဒါကလဲ အလေးထား စဉ်းစားထိုက်တယ်လို့ ပုဂ္ဂိုလ်ရေးအရ ကျနော်ထင်တယ်။
ဘာကြောင့်လဲဆိုရင် မြန်မာလူ့အဖွဲ့အစည်းဟာ တဦးနဲ့တဦး ယုံကြည်မှုမှာ လေ့လာချက်အရဆိုရင် အားနည်းတယ်လို့ ပြနေတယ်။ ပြီးတော့ အခုလို အကူးအပြောင်းအချိန်မှာ ညီတူရေး၊ ရှိနေတဲ့ လူမှု့အရင်းအနှီးကို ဆက်ပြီးထိန်းသိမ်းထားနိုင်ဖို့အရေး လိုအပ်တယ်။ နိုင်ငံရေးလမ်းကြောင်းတွေ ဝင်လာတဲ့အတွက်ကြောင့်မို့ ကွဲပြားသွားမှာမျိုးတွေ ချင့်ချိန်ရမယ်။ သို့သော်လဲ မရည်ရွယ်ဘဲနဲ့ ရည်ရွယ်တယ်လို့တော့ ကျနော် မထင်ဘူး။ မရည်ရွယ်ဘဲနဲ့ လူငယ်တွေနဲ့ အမျိုးသမီးတွေ လုပ်နိုင်ကိုင်နိုင်ရှိတဲ့လူတွေ ကျန်နေခဲ့တာတော့ တိုင်းပြည်အတွက် ဆုံးရှုံးမှုတခုလို့ ပြောရလိမ့်မယ်။
ဦးကျော်ဇံသာ ။ ။ အရှေ့ကို ဆက်မသွားခင်မှာ ရပ်ကျေးဆိုလို့ ဧည့်စာရင်းတိုင်းရတဲ့ကိစ္စ အခုထိ ရှိနေသေးသလား။
ဦးတင်မောင်သန်း ။ ။ ၂၀၁၂ ဥပဒေထဲမှာတော့ ဧည့်စာရင်းကိစ္စတွေကို ရပ်ရွား၊ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေ လုပ်ရမယ်ဆိုတဲ့ဟာတော့ ပါတယ်။ ဒါပေမဲ့ ဟိုဟာကို ဖြတ်ပြီးဖြစ်တဲ့အတွက်ကြောင့် ဒါကတော့ အကြုံမဝင်တော့ဘူးလို့ ကျနော်ထင်တယ်။
ဦးကျော်ဇံသာ ။ ။ တချို့ အထူးဒေသတွေကလွဲလို့ပေ့ါ။
ဦးတင်မောင်သန်း ။ ။ သူက ဧည့်စာရင်းကို တိုင်းဖို့မလိုဘဲနဲ့ အဲဒီကျေးရွာဥပဒေကိုမှာက ကျေးရွာထဲကို တစိမ်းတရံ ဝင်လာလို့ရှိရင် အစီရင်ခံရမယ်ဆိုတဲ့ တာဝန်ကို သတ်မှတ်ထားပြီးသာရှိတယ်။ ဆိုတဲ့အတွက်ကြောင့်မို့ အိမ်ထောင်စုစာရင်းအရ၊ ဧည့်စာရင်းအရ တိုင်းကြားတဲ့အထိ မလိုအပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျေးရွာဆိုတဲ့အထဲမှာ ဘယ်တစိမ်းလဲဆိုတာ သိနေကြတယ်။
ဦးကျော်ဇံသာ ။ ။ ရပ်ကျေးပြီးတော့ ကျေးရွာစု အုပ်ချုပ်ရေးမှုး အဲဒီအထိကတော့ သူတို့အထက်မှာ သူတို့ကို ညွှန်ကြားတာကြတော့ မြို့နယ်အုပ်ချုပ်ရေးက ထွေအုပ်ရဲ့ အရာရှိတွေပေါ့။
ဦးတင်မောင်သန်း ။ ။ မှန်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှုးတွေအောက်မှာ ကျေးရွာစု အုပ်ချုပ်ရေး ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ကျေးရွာဒေသခံ အကြီးအကဲတွေ ရွေးကောက်တာ ထားပါတော့ ဒါလဲ ဒီမိုကရေစီပါတာပေါ့။ သူတို့တွေကော ဘယ်အတိုင်းအတာအထိ လုပ်ပိုင်ခွင့် ရှိပါသလဲ။ ဥပမာ ရပ်ကွက်အတွင်း၊ ကျေးရွာအတွင်းမှာ သာရေးနာရေးကတော့ မြန်မာ့ရိုးရာအတိုင်း သူတို့ဘာသာ သူတို့ လုပ်နေကြတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ စီးပွားရေးကိစ္စ ဆုံးဖြတ်စရာတွေ ဖြစ်လာမယ်။ ဥပမာအားဖြင့် ကျေးရွာထဲက စီးပွားရေး အရင်းအမြစ်နဲ့ ပတ်သက်ပြီးတော့ သုံးရမယ့်ကိစ္စ။ အဲဒါနဲ့ ပတ်သက်လို့ …
ဦးတင်မောင်သန်း ။ ။ တော်တော်များများ လုပ်ပိုင်ခွင့်တွေ ပေးထားတာ ရှိပါတယ်။ ဥပမာ လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီရဲ့ ဥက္ကဋ္ဌတွေဆိုရင် အခုနပြောတဲ့ ကျေးရွာစု အုပ်ချုပ်ရေးမှုးတွေက အဓိက စကားပြောလာတယ်။ ဒါက သူတို့ရဲ့ လယ်ယာလုပ်ငန်းတွေပေါ်မှာ ပိုင်ဆိုင်မှုတွေပေါ်မှာ အင်မတန် သက်ရောက်မှု ကြီးမားတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်လို့လား ဆရာ။ အဲဒီတော့ မြန်မာနိုင်ငံမှာ လယ်ယာမြေ သိမ်းယူမှုနဲ့ ပတ်သက်ပြီးတော့ ပြန်မပေးတာတွေ၊ တပ်ပိုင်မြေတို့၊ ကော်မတီတွေ အတင်းယူတာနဲ့ ပတ်သက်ပြီးတော့ အတော်လေး ပြဿနာ ရှုပ်ထွေးနေတယ်။ အဲဒီကိစ္စတွေကို ကျေးရွာအဆင့်က ပြည်သူ ရွေးကောက်တင်မြှောက်တဲ့လူက ဆုံးဖြတ်ပိုင်ခွင့် ရှိပါသလား။
ဦးတင်မောင်သန်း ။ ။ သူတို့ကျေးရွာထဲမှာရှိတဲ့ မြေကိစ္စတွေကိုတော့ ဆုံးဖြတ်နိုင်တယ်လို့တော့ ကျနော် ယူဆတယ်။ ဒါပေမဲ့ ကန့်သတ်ချက် ရှိတယ်။ ဥပမာ ကျနော် မှတ်မိသလောက်ဆိုတော့ နှစ်ဧက၊ ငါးဧကနဲ့အထက်။ နှစ်ဧကအောက်မှာဆိုရင် ခရိုင်အဆင့်မှာ ဆုံးဖြတ်လို့ရတယ်။ ငါးဧကအောက်ဆိုရင် ပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့်မှာ ဆုံးဖြတ်လို့ရတယ်။ ငါးဧကအထက်ဆိုရင် ဗဟိုက ဆုံးဖြတ်တယ်။ ဆိုတဲ့အခါကြတော့ အဲဒီရဲ့ လုပ်ပုံကိုင်ပုံ လမ်းကြောင်းတခုကိုလည်း တွဲချိတ်ထားတာရှိတယ်။ ဒါက ကျေးရွာအုပ်ချုပ်ရေးမှုးဆိုင်ရာ ဥပဒေနဲ့တော့ မပတ်သက်ဘူး။ သို့သော်လဲ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆိုင်လာတဲ့ကိစ္စ။ ဆရာ မေးတဲ့ကိစ္စက အဲဒီကိစ္စ။ အဲဒါတွေကို ဖြေလျှော့မလား၊ မဖြေလျှော့ဘူးလားဆိုတာကြတော့ အခုန ဗဟိုနဲ့ တိုင်းဒေသကြီးကြားမှာ သတ်သတ်မှတ်မှတ်လုပ်တဲ့ ဌာနတခု၊ ပြန်လည်စဉ်းစားတဲ့ဟာ လိုလာပြန်တယ်။ ဒီကိစ္စသည် အရင်အစိုးရလက်ထက်ကတည်းက ရှိနေခဲ့တဲ့ ပြဿနာ။ အခုအစိုးရကလည်း ဆက်ပြီးတော့ စဉ်းစားရမယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ထွေအုပ်ကလည်း စစ်ဘက်က ရွေးတယ်လူဆိုတော့ သူတို့ရဲ့ သြဇာလွှမ်းမိုးမှု ရှိတယ်လို့လဲ သုံးသပ်ကြတယ်။ အရင်တုန်းကတော့ စစ်ဗိုလ်တွေကိုယ်တိုင် ရှိခဲ့တာပေါ့။ ဆိုတော့ အခုအခါမှာ ဒေသန္တရအုပ်ချုပ်ရေးတွေထဲမှာ စစ်တပ်ရဲ့ တိုက်ရိုက်အခန်းကဏ္ဍကော လုံးဝမှေးမှိန်သွားပြီ၊ ပျောက်ကွယ်သွားပြီလို့ ပြောလို့ရလား။
ဦးတင်မောင်သန်း ။ ။ ကျနော် သိသလောက်တော့ မပါသလောက်ပဲ။ လုံခြုံရေးကိစ္စကလွဲလို့။ လုံခြုံရေးကိစ္စကတော့ ပြည်နယ်နဲ့တိုင်းဒေသအဆင့် လုံခြုံရေးဝန်ကြီးအောက်မှာတော့ ဒါတွေအကုန်လုံးက ရှိတယ်။ ဒါပေမဲ့ ပြည်ထဲရေးဝန်ကြီးအောက်မှာက ဌာန (၅) ခု။ အဓိကဌာနကြီးတွေ ရှိတယ်။ ဥပမာ ရဲ၊ ထွေအုပ်၊ SB ခေါ် စုံစမ်းစစ်ဆေးရေး၊ အကျဉ်းဦးစီးဌာန နဲ့ မီးသတ်။ ဒီတပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေအကုန်လုံးကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ မဆိုင်ဘူး။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အဓိက တာဝန်ကတော့ သူက ပေါင်းစပ်ညှိနှိုင်းတာ။ မြို့နယ်အဆင့်မှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို လုပ်တဲ့အခါမှာ အဲဒီဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုတာကလဲ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသ အစိုးရနဲ့ ဆက်စပ်နေတယ်။ သူတို့လုပ်ချင်တာတွေကို သူက ဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပေးတဲ့အလုပ်။ ဒါပေမဲ့ သူက များသောအားဖြင့် ဥက္ကဋ္ဌနေရာ ယူထားတဲ့အတွက်ကြောင့်မို့ သူသည် ဆုံးဖြတ်ပိုင်ခွင့်တော့ ရှိတယ်။ အဓိကတာဝန်ပိုင်းတော့ သူက ပေါင်းစပ်ညှိနှိုင်းပေးတာပါ။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ခြစားပျက်ဆီးမှု - လာဘ်ပေးလာဘ်ယူမှု။ ဝန်ကြီးအဆင့်မှာတော့ လာဘ်ပေးလာဘ်ယူမှု ကင်းတယ်။ ခြစားပျက်ဆီးမှု သိပ်နည်းတယ်ဆိုပြီးတော့ ဂုဏ်ယူဝံ့ကြွားစွာ ပြောနေတာကို တွေ့ရပါတယ်။ အင်မတန်ကောင်းပါတယ်။ အောက်ခြေအဆင့်မှာ လက်ဖက်ရည်ဖိုးတို့ လာဘ်ပေးလာဘ်ယူမှုတွေ လုံးဝပပျောက်သွားပြီလား။ အရင်ကထက် ပိုကောင်းလာပြီလား။
ဦးတင်မောင်သန်း ။ ။ ၂၀၁၂-၁၃ တုန်းက ပြည်နယ်နဲ့တိုင်းအလိုက် UNDP ကနေ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာကို လေ့လာခဲ့တာရှိတယ်။ သူတို့ တွေ့ရှိချက်မှာတော့ ဒါတွေ ပပျောက်တာ မရှိသေးပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒါ ပပျောက်နိုင်မယ့် အလားအလာ ရှိပါလား။ ဝန်ထမ်းဝင်ငွေ နည်းလို့လား။ ဘယ်လိုကြောင့်လဲ။
ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင့်တော့ ဝင်ငွေကိစ္စ မလောက်ငတာ၊ ဒါက ဝန်ထမ်းတွေအတွက် တော်တော်လေး အဓိကကျတယ်။ ဒုတိယက လုပ်ပိုင်ခွင့်။ လုပ်ပိုင်ခွင့် ချုပ်ထားတဲ့ဟာ ရှိနေသေးတဲ့အတွက်ကြောင့်မို့။ နောက် ပြည်သူလူထုက သတင်းရယူပိုင်ခွင့်။ ပြည်သူလူထုက ဆုံးဖြတ်ချက်တွေကို ထင်မြင်ပိုင်ခွင့်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခုကြွေးကြော်သံဖြစ်တဲ့ “ပြည်သူနဲ့အတူ” ဆိုတာကို ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်မလဲ။ နောက် ဒီပြည်သူနဲ့အတူဆိုတာ နိုင်ငံရေးစကား မဟုတ်ပါဘူး။ အုပ်ချုပ်မှုသဘောအရဆိုရင် အခုနပြောတဲ့ နိုင်ငံသားများ ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ဆိုတဲ့ အခြားနိုင်ငံတွေမှာ လုပ်နေတဲ့ Citizen Engagement ဆိုတဲ့ အစီအစဉ်မျိုးကို အုပ်ချုပ်ရေးထဲကို ပြုပြင်ပြောင်းလဲရေးက ဘယ်လောက်အထိ သယ်လာပြီး သွင်းလာနိုင်မလဲ။ ဒီကိစ္စတွေကို လုပ်နိုင်လို့ရှိရင် ဒီဘက်က အကျင့်ပျက်ခြစားမှု ပပျောက်ရေးကလည်း လျော့ပါးသွားမှာပါ။ ဒါတွေက ဆက်စပ်နေတဲ့အတွက်ကြောင့် စုံလိုက်ကိုင်ရမယ်လို့ ကျနော်ထင်တယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တိုင်ကြား တိုင်းကြားတာ သေချာရင် အရေးယူမယ်လို့ မကြာခဏပြောတာ ကြားဖူးပါတယ်။ ဘယ်လောက်အထိ တိုင်ကြားသလဲ။ တကယ်ကော အရေးယူတာတွေ ရှိပါသလား။
ဦးတင်မောင်သန်း ။ ။ မြို့နယ်နဲ့ကျေးရွာအဆင့်မှာတော့ များသောအားဖြင့် တိုင်ကြတောကြတာတွေ ရှိတယ်။ ဒါပေမဲ့ တိုင်တောတဲ့စနစ်မှာလည်း တိုင်ကြားတဲ့သူကိုယ်တိုင်က မိမိအနေနဲ့ ပစ်စာသဘောမျိုး မဖြစ်အောင်။ ပစ်စာနဲ့ တိုင်ကြားစာ ကြားထဲမှာ ခွဲထားတဲ့လိုင်းက ကိုယ့်ကိုယ်ကို ဖော်ရမယ်ဆိုတော့ အန္တရာယ်ကြုံနေရတဲ့ ပြဿနာ ရှိနေတဲ့အတွက်ကြောင့်မို့ တိုင်ကြားမှုက ထိရောက်သင့်သလောက် မထိရောက်ဘူး။ ပစ်စာအနေနဲ့ပဲ စာရင်းဝင်သွားပြီးတော့ အရေးမယူတာတွေက များလာတယ်။
ဒီသဘောသဘာဝကို ဘယ်လို ဖြေရှင်းမလဲဆိုတာက လက်ရှိ ပြောင်းလဲလာတဲ့ ဆရာဦးအောင်ကြည် ဦးဆောင်တဲ့ အကျင့်ပျက်ခြစားမှု ကော်မတီရဲ့ စိန်ခေါ်ချက်တခုလို့ ပြောရမှာပေါ့။ သို့သော်လဲ အဲဒီလိုလုပ်တာထက် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့လူတွေ၊ အာဏာသုံးပိုင်ခွင့်ရှိတဲ့လူတွေ၊ လုပ်လို့မရနိုင်တဲ့ နည်းနာယန္တရားတွေကို ထည့်တာက ပိုပြီးတော့ ခိုင်မယ်။ ပြည်သူတွေရဲ့ ပြောပိုင်ခွင့်၊ သတင်းရယူပိုင်ခွင့်၊ ပြည်သူတွေ လုပ်ပိုင်ခွင့်။ ဥပမာအားဖြင့် သတင်းထောက်တွေကစပြီး သတင်းရယူပိုင်ခွင့်ဆိုပြီး ၁၉၂၃ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ချိတ်ထားပြီးတော့ လုပ်နေတုန်းဆိုရင် ဒါတွေအကုန်လုံးကိုကော မပြောင်းသေးဘူးလား။ ပြောင်းမလား။ အထူးသဖြင့် လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်အများဆုံး ရယူထားတဲ့အခါမှာ ဒီလို ဥပဒေကို ပြန်ပြီးမကြည့်သင့်ဘူးလား။ ပြည်သူလူထုရဲ့ သတင်းရယူပိုင်ခွင့် ဥပဒေကို ပြဌာန်းခွင့် မသင့်ဘူးလား။ ဒါကို နိုင်ငံသားတယောက်ရဲ့ အခြေခံအခွင့်အရေးထဲမှာ သတင်းရယူပိုင်ခွင့်ကို မထည့်နိုင်ဘူးလား။
ဒါတွေ အကုန်လုံးက ဆက်စပ်နေတဲ့အတွက်ကြောင့် မြို့နယ်ကျေးရွာအဆင့်လေးဖြစ်စေကာမူ အဲဒီဟာကြီးတခုလုံး စုံလိုက်ကြီးကိုင်ဖို့ လိုလိမ့်မယ်ထင်တယ်။ အခုထက်ထိတော့ အဲဒီအပိုင်းမှာ အားနည်းတယ်လို့ ကျနော် ထင်တယ်။
ဦးကျော်ဇံသာ ။ ။ တကယ်တော့ စတိုင်တဲ့ Whistle blower ကို အကာအကွယ်ပေးဖို့ ..
ဦးတင်မောင်သန်း ။ ။ အကာအကွယ်ပေးရမယ့်ဟာလဲ လိုအပ်တယ်။ အခြားနိုင်ငံတွေမှာတော့ တုန်မောင်းခေါက်တဲ့လူရဲ့ အကာအကွယ်ပေးတဲ့ ဥပဒေ ရှိတယ်။ အခု ကျနော်တို့ဆီမှာတော့ မရှိသေးဘူး။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာက မြန်မာနိုင်ငံရဲ့ ရပ်ကွက်ကျေးရွာတွေဟာ ဟိုးအရင်ခေတ်အဆက်ဆက်တွေထက် အထူးသဖြင့် တပါတီအာဏာရှင်ခေတ်တွေကထက်စာရင် နောက်ပြီးတော့ နအဖ၊ နဝတခေတ်တွေနဲ့စာရင် နေလို့ထိုင်လို့ ပိုကောင်းလာသလား။ ကျေးရွာလူထုက ပိုပြီးတော့ ရပ်ကွက်ထဲမှာ နေလို့ထိုင်လို့ ကောင်းလာတယ်၊ လွတ်လွတ်လပ်လပ် ရှိလာတယ်လို့ ခံစားရတယ် ထင်ပါသလား။
ဦးတင်မောင်သန်း ။ ။ ယေဘုယျတော့ ပြည်သူတွေက သူတို့ အခွင့်အရေးတွေကို သိလာတယ်လို့ ကျနော် ထင်တယ်။ ဥပမာအားဖြင့် ကျနော် VOA မှာလည်း တချို့အစီအစဉ်လေးတွေ ပို့တယ်။ ဗမာပြည် သွားနေတဲ့အချိန်မှာ - ပိုနေတဲ့ကာလတုန်းက လက်ပန်းတောင်းကိစ္စတွေကို ကျေးရွာတွေထဲဆင်းပြီး မေးခဲ့ဖူးတယ်။ အဲဒီ အင်တာဗျူးလုပ်ခဲ့တဲ့ ကျေးရွာသူ အမျိုးသမီးကြီးကို ဒါကို ရေဒီယိုမှာ သုံးမယ်ဆိုရင် ခွင့်ပြုပါသလားဆိုပြီး ခွင့်ပြုချက် တောင်းပါတယ်။ သူက ခွင့်ပြုတယ်လို့ ပေးတယ်။ ပေးပြီးတော့ သူက ဘာလှည့်ပြောလိုက်လဲဆိုတော့ “ဟေ့ … နင်တို့ကြားတဲ့ မဟုတ်လား။ ငါတို့ ခွင့်ပြုချက်ရမှ သုံးရတယ်ဆိုတာ ဒါပဲ။” ဆိုလိုတာက အဲဒီလို တက်ကြွမှုနဲ့ မိမိ အခွင့်အရေးကို နားလည်လာတဲ့လူတွေကို ကျနော်ကိုယ်တိုင် အထူးသဖြင့် ပဋိပက္ခတွေ ပြောနေတဲ့ လက်ပန်းတောင်းလို့ နေရာမျိုးမှာတောင် တွေ့လာရပြီပေါ့။ ဆိုတော့ နှေးကောင်းနှေးမယ် ဒါပေမဲ့ အပြောင်းအလဲတွေက ကျေးရွာအဆင့်မှာလည်း အစရှိလာပြီလို့ ကျနော် ထင်တယ်။