သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ MRTV ရုပ်သံတင်ဆက်သူ


မအင်ကြင်းနိုင် (VOA) နဲ့ MRTV CDM ဝန်ထမ်း ကိုသူရိန်လွင်
မအင်ကြင်းနိုင် (VOA) နဲ့ MRTV CDM ဝန်ထမ်း ကိုသူရိန်လွင်

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီမှာ စစ်အာဏာသိမ်းတာဟာ တိုင်းပြည်တိုးတက်ရေး လမ်းကြောင်းကို နောက်ပြန်ဆွဲလိုက်တာ ဖြစ်တဲ့အတွက် လုံး၀လက်မခံခဲ့ကြောင်း MRTV ရုပ်သံသတင်း တင်ဆက်သူဖြစ်ခဲ့တဲ့ ကိုသူရိန်လွင်က ဗွီအိုအေကိုပြောပါတယ်။ သုံးနှစ်ကျော်ကြာလာပေမဲ့ ပြည်သူ့အစိုးရလက်ထဲ အာဏာပြန်ရမယ်လို့ အခိုင်အမာ ယုံကြည်ထားတယ်လို့လည်း ဆိုပါတယ်။

ရုပ်သံတင်ဆက်သူအဖြစ် ၁၄ နှစ်ကြာ တာ၀န်ထမ်းဆောင်ခဲ့တဲ့ ကိုသူရိန်လွင်ဟာ စစ်အာဏာသိမ်းချိန်မှာ မြန်မာ့သတင်းရုပ်မြင်သံကြား (MRTV) ကို စစ်တပ်က ဘယ်လို ထိန်းချုပ်ခဲ့သလဲဆိုတာကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသူလည်း ဖြစ်ပါတယ်။ CDM ဝန်ထမ်း ကိုသူရိန်လွင်ကို ထိုင်းနိုင်ငံတနေရာမှာ မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ ကိုသူရိန်ကိုယ်တိုင် အခု CDM လုပ်ခဲ့တဲ့အနေအထားမှာ ပထမဦးဆုံး ကျမတို့ သိချင်တာက မြန်မာ့ရုပ်မြင်သံကြားမှာ ဒီလိုသတင်းကြေညာတင်ဆက်သူအဖြစ် လုပ်ခဲ့တယ်။ အဲဒီအတွေ့အကြုံ ဘယ်လိုရှိပါသလဲရှင့်။

ကိုသူရိန်လွင် ။ ။ ကျနော်က ၂၀၁၇ ကနေ စဝင်ပြီး အာဏာသိမ်းတဲ့ ၂၀၂၁ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လုပ်သက်အနေနဲ့တော့ ၁၄ နှစ်လောက် ရှိပါတယ်။ အဲဒီအတောအတွင်းမှာတော့ သတင်းကြေညာတာ အဓိက။ နောက်ပြီးတော့ တခြားသော Producer, ဇာတ်လမ်းတွဲ နောက်ခံအသံသွင်းတာတို့ အဆုံး Multimedia ပုံစံမျိုး အကုန်လုံး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မေး ။ ။ အဲဒီမှာ ကိုသူရိန် CDM အဖြစ် လုပ်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းကိုလည်း ပြောပြပေးပါရှင့်။

ဖြေ ။ ။ အဓိကအကြောင်းကတော့ ကိုယ်က သူတို့လုပ်သွားတဲ့ အခြေအနေတခုကို လက်မခံနိုင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်က အဲဒီအချိန်ကာလမှာ နဂိုကတည်းကိုက ကိုဗစ်ကြောင့် နာနေခဲ့တယ်။ တော်တော်လေးကို နာလန်မထူ ဖြစ်နေချိန်မှာ အကုန်လုံးက တက်ညီလက်ညီနဲ့ အစိုးရနဲ့ပြည်သူ ပေါင်းပြီးတော့ ပြန်ပြီးတော့ နာလန်ထူဖို့အတွက် လုပ်နေတဲ့အချိန်မှာ အခုမှ နာလန်ထခါစလူနာမျိုး ရှိနေသေးတာကို ထပ်ပြီးတော့ အပွေးသတ်သလို လုပ်ချလိုက်တာကို လက်ခံနိုင်စရာ အကြောင်းလည်းမရှိဘူး။ သူတို့ပြောသလို စွပ်စွဲတာကလည်း ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး။ ဒါကြီးက လိမ်လို့ပြုလို့ တဦးတယောက်တည်းက ကွက်ပြီးတော့ လုပ်လို့ရတာလည်း မဟုတ်ဘူး။ အကုန်လုံးက တရားဝင် အသိအမှတ်ပြုပြီသား။ ရွေးကောက်ပွဲကို သူတို့က ရမယ်ရှာပြီးတော့ တမင်တကာ အပြစ်မရှိ အပြစ်ရှာပြီးတော့ ငါတို့ လုပ်ချင်သလို လုပ်တယ်ကွာဆိုတဲ့ ပုံမျိုး လုပ်ချလိုက်တော့ ကျနော်တို့ကတော့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ အဲဒါကြောင့် CDM လုပ်ဖြစ်ခဲ့တာပါ။

မေး ။ ။ မြန်မာရုပ်မြင်သံကြားက အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်ထက်မတိုင်ခင်တုန်းကတော့ ဦးသိန်းစိန်အစိုးရ၊ အဲဒီမတိုင်ခင်တုန်းက အရင် စစ်အာဏာရှင်တွေ၊ စစ်အစိုးရတွေ အုပ်ချုပ်ခဲ့တာဆိုတော့ အဲဒီအချိန်တုန်းက ပြင်ပမီဒီယာတွေ - ဉပမာ VOA, RFA ဆိုရင် VOA လိမ်နေပြီ၊ RFA ညာနေသည်၊ BBC ဘာဖြစ်တယ် အဲဒါမျိုးတွေက ကိုသူရိန်ကိုယ်တိုင် ရွတ်ဖတ်ရသလား။ အဲဒီလို ပြောတဲ့အခါမှာ ကိုသူရိန်ကိုယ်တိုင် တကယ်ပဲ ကျမတို့ VOA က လိမ်နေတယ်၊ ညာနေတယ်လို့ ထင်ပါသလားရှင့်။

ဖြေ ။ ။ အမှန်တိုင်း ပြောရရင်တော့ မထင်ပါဘူး။ ဒီလိုမျိုး အပြင်မီဒီယာတွေက တင်ဆက်တယ်ဆိုတာတွေက ပြည်သူတွေရဲ့ အသံအစစ်အမှန်ပါပဲ။ သူတို့ဘက်ကကြည့်ရင်တော့ ငါတို့ကို မကောင်းကြောင်း ပြောတယ်။ ငါတို့ အစိုးရကို ဘယ်လိုပုတ်ခတ်နေတယ်။ အမှန်တကယ်က သူတို့ကိုယ်တိုင်က မကောင်းလို့ပေါ့။ စကားပုံတောင်ရှိတယ် - ကိုယ်ကောင်းရင် ခေါင်းမရွေ့။ သူတို့ကိုယ်တိုင် မကောင်းလို့ အပြင်က မီဒီယာတွေက ထောက်ပြတာကို သူတို့က လက်မခံနိုင်တာ။ အဲဒီသဘောမျိုးပါ။ အခုန အမ ပြောသလို BBC လိမ်နေပြီ ဘာညာဆိုတာ - အဲဒါတွေက အမှန်အတိုင်းပြောရရင် ကျနော်ပဲ ရွတ်ဖတ်ခဲ့တာပါ။ ဒါပေမဲ့ ရွတ်နေတဲ့အချိန်မှာလည်း ကိုယ်က အလုပ်တခုကို လုပ်ပေးရတာ၊ လုပ်လိုက်ရတယ် သဘောမျိုးပဲရှိတယ်။ တကယ်ကို နစ်နစ်ကာကာကြီး သူတို့တွေ လိမ်နေတယ်၊ ညာနေတယ် အဲဒီလိုမျိုး ခံစားချက်မျိုးတော့ မရှိပါဘူး။

မေး ။ ။ အဲဒီအခါကြတော့ ကိုယ်က သတင်းတင်ဆက်သူအနေနဲ့ သတင်းတွေ၊ အချက်အလက်တွေကို တင်ပြရတဲ့အခါမှာ ဒီသတင်းတွေ မှန်ကန်မှု့ရှိမရှိဆိုတာကို မြန်မာ့ရုပ်မြင်သံကြားမှာ သတင်းအချက်အလက် စီးဆင်းမှု့ ဆိုတာကနေ နောက်တင်ဆက်သူကိုယ်တိုင် ပြောဆိုမှု့ထိကို သူတို့ ဘယ်လိုပုံစံမျိုး စီမံသလဲရှင့်။

ဖြေ ။ ။ အဲ့ဒါက နည်းနည်းတော့ ရှုပ်ထွေးတယ်။ ရှုပ်ထွေးတယ်ဆိုတာက ကျနော်တို့က သတင်းလိုက်တဲ့အခါမှာ ပြင်ပမီဒီယာတွေနဲ့ ကျနော်တို့ အတူတူ တာဝန်ထမ်းဆောင်ရတဲ့အခါတွေ ရှိတယ်။ အဲဒီအခါကြရင် ကျနော် သတိထားမိတာက ကျနော်တို့မှာ Format ချပေးထားတဲ့ ဘောင်တခု ရှိတယ်။ အဲဒီဟာထက်ကျော်ပြီးတော့ ကျနော်တို့ မေးမြန်းလို့ မရဘူး။ မေးခဲ့လို့ရှိရင်လည်း ရလာတဲ့အဖြေက ဒီအတိုင်းတင်လိုက်လို့ မရဘူး။ အဆင့်ဆင့် တင်ပြရတယ်။ အဆင့်ဆင့် တင်ပြပြီးတော့ သူတို့က ဒါမထည့်နဲ့ ဒါထည့်။ အဲဒီလို Edit လုပ်ရတာပေါ့။ မေးခွန်း (၅) ခု မေးလာရင် (၅) ခုလုံး ထည့်ရမယ်လို့ မထည့်လို့လည်း မရဘူး။ အပြင်မီဒီယာတွေကတော့ သူတို့မေးတာက ပြောရမယ်ဆိုရင် အရမ်းပညာပါတယ်။ ပြည်သူတွေအတွက်လည်း တကယ့်ကို ထိရောက်တဲ့ မေးခွန်းမျိုးတွေ မေးနိုင်တယ်။ အစဆွဲထုတ်နိုင်တယ်ပေါ့။ ပိုပြီးတော့ အကျိုးရှိတယ် သူတို့ တင်ပြလိုက်တဲ့ဟာတွေက။ ကျနော်တို့ဘက်ကတော့ Formal ကြီး။ ဒါက အစိုးရက ဒီဟာလုပ်တယ်။ ဒါကောင်းတယ် အစိုးရက လုပ်တာ။ အစိုးရက လုပ်တဲ့အခါမှာ ဘယ်လို အခက်အခဲတွေ ရှိတယ်။ ပြည်သူတွေ ပူးပေါင်းကြပါအုံး။ ဒါက ဒီလောက်နဲ့ပဲ ပြီနေတာ။ ဆိုတော့ အခုနကပြောတဲ့ သတင်း တင်ဆက်ပုံတွေ Policy ပိုင်းတွေကြတော့ ပြင်ပမီဒီယာတွေက ကျနော်တို့ထက် အစိုးရ မီဒီယာထက်ကို လုပ်တာကိုင်တာ ရှိတယ်။ ပိုပြီးတော့ လွတ်လပ်ခွင့်ရှိတယ်။ ကျနော်တို့ကတော့ အမှန်တိုင်းပြောရရင် ဘယ်လိုမှ မလွတ်လပ်ဘူး။

မေး ။ ။ အဲဒီတော့ အစိုးရတရပ်ရဲ့ မီဒီယာသတင်းဌာနတခုအနေနဲ့ ဆောင်ရွက်ရတာဆိုတဲ့အခါကြတော့ ဥပမာ လူထုရဲ့ တုံ့ပြန်မှု့တွေပေါ့။ ဥပမာ စစ်ကောင်စီပေါ့လေ သူတို့ရဲ့ လှုပ်ရှားမှု့တွေ သူတို့ဆောင်ရွက်တာတွေကို သတင်းအဖြစ် ကြေညာတဲ့အခါမှာ လူထုက သူတို့ကို ပြန်ပြီးတုံ့ပြန်တာပေါ့နော် အဲဒီလို ကိုယ်တင်ဆက်တဲ့အခါမှာ လူထုရဲ့ တုံ့ပြန်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုခံစားရလဲ။

ဖြေ ။ ။ လူထုကတော့ ဒါကအစိုးရ မီဒီယာဆိုတော့ ကျနော်တို့က အစိုးရရဲ့ ဝါဒကို ဖြန့်ချီတဲ့ Propaganda အဆင့်‌လောက်ပဲ သူတို့က လက်ခံထားကြတာပေါ့။ အဲ့ဒီတော့ အပြင်က မီဒီယာတွေလိုတော့ ကျနော်တို့ မီဒီယာကိုတော့ အစိုးရမီဒီယာကို သူတို့က သိပ်ပြီးတော့ သိပ်ကြိုက်မယ် မထင်ဘူး။ အပြင်က ပြည်သူလူထုက အဲဒီလိုတော့ ထင်တယ်။

မေး ။ ။ စောစောက ကိုသူရိန်ကိုယ်တိုင် ထောက်ပြသွားတာ - သတင်းလွတ်လပ်ခွင့်မှာလည်း အစိုးရမီဒီယာဆိုပေမယ့် လွတ်လွတ်လပ်လပ် တင်ပြခွင့်တော့ အနည်းဆုံးရှိသင့်တယ် ဆိုတဲ့ အနေအထားမျိုးတွေမှာ အခုကိုယ်ကိုယ်တိုင် ကြုံခဲ့ရတဲ့အခါမှာ သတင်းလွတ်လပ်ခွင့်ပေါ့နော် ကိုယ်ခံစားခဲ့ရတဲ့ Announcer သတင်းကြေညာသူအဖြစ်နဲ့တော့ ဘယ်လိုဖြစ်ခဲ့လဲရှင့်။

ဖြေ ။ ။ အရမ်းကို ကျနော်တို့ တော်တော်လေးကို သတိထားရတယ်။ သတိကြီးကြီးထားရတယ်ပေါ့နော်။ ပြောရမယ်ဆိုရင် ကျနော်တို့ အစိုးရမီဒီယာမှာ Announcer လုပ်နေတာက ကြိုးတန်းပေါ် လမ်းလျှောက်နေရသလိုပဲ။ ကိုယ်အာရုံထွေပြားလို့ မရဘူး။ မှားသွားပြီဆိုတာနဲ့ အောက်ကို ဖုတ်ခနဲ ပြုတ်ကျသွားမှာဘဲ။ အရမ်းကိုလည်း ကန့်သန့်ချက်တွေ များတယ်။ စည်းကမ်းချက်တွေ များတယ်။ ကျနော် BBC ကလာပြီးတော့ ကျနော်တို့ကို ဦးသိန်းစိန် လက်ထက်က Training လာပေးဖူးတယ်။ အဲဒီတုန်းက ကျနော်တို့ကို မှတ်ချက်ပေးသွားသေးတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း တက်ရတယ်။ အဲဒီအခါမှာ သူက ဘာပြောလဲဆိုတော့ ကမ္ဘာပေါ်မှာ ကျောက်ရုပ်ကြီးလိုဘဲ ထိုင်ပြီးတော့ တကယ့်ကို စိုးရိမ်ကြီးစွာနဲ့ ကျောက်ရုပ်ကြီးလို ထိုင်ပြီးတော့ သတင်း Presentation လုပ်တာ (၂) နိုင်ငံပဲ ရှိတယ်တဲ့။ မြောက်ကိုရီယားနဲ့ မြန်မာနိုင်ငံတဲ့။ မြောက်ကိုရီးယားတော့ သူတို့ Change လို့ မရဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံတော့ အဲဒီအချိန်မှာ‌တော့ စပြီးတော့ လုပ်နေပြီဆိုတော့ အဲဒီလိုပဲ Changing ဖြစ်အောင်ဆိုပြီးတော့ သူတို့ကတော့ လာပြီးတော့ ဝိုင်းဝန်းပြီးတော့ Training ဘာညာလာပေးတာပေါ့လေ။ ဒါပေမဲ့ ပေးတဲ့အချိန်မှာတော့ ရတယ်လေ။ Training ပေးတဲ့အချိန်မှာတော့ ရတယ်။ ဒါပေမဲ့ တကယ့်တကယ် Online ပေါ်တက်တဲ့အခါကြတော့ မရဘူး။ အဲဒီလို လုပ်ခွင့်လည်းမရဘူး။ လုပ်လို့လည်း မရဘူး။ ထုံးစံတိုင်း ရှေ့ရိုးစွဲတွေပေါ့။ ဒါ ငါတို့က စံနှုန်းသတ်မှတ်ချက် ရှိတယ်။ ဘယ်လိုဖြစ်ရမယ်၊ ဘယ်ညာဖြစ်ရမယ်။ အဲဒီလိုမျိုးတွေပေါ့။ အဲဒီစံနှုန်း သတ်မှတ်ချက်တွေအောက်မှာပဲ ကျနော်တို့က ထုံစံတိုင်း ကျောက်ရုပ်ကြီးလို ထိုင်ပြီ:တော့ Presentation လုပ်ပေးနေရတယ်။ အဲ့လိုမျိုး ဖြစ်နေတယ်။ နောက်သတင်းမီဒီယာကလည်း အစ်မတို့လည်း သိပါတယ်။ ထူးဆန်းအံ့သြဖွယ်ရာ သတင်းတွေ ဘယ်လောက်မှ မရှိဘူး။

မေး ။ ။ အဲဒီမှာ ဥပမာဆိုရင် ကိုသူရိန်ဆိုရင် Election (၂၀၁၅) တုန်းက ဖြတ်သန်းခဲ့ရတဲ့ ရွေးကောက်ပွဲ သတင်းတွေနဲ့ ပတ်သက်ပြီးတော့ကော အဲဒီတုန်းက လွတ်လွတ်လပ်လပ် ပြောခွင့်ရသလား။ အဲဒီတုန်းကဆိုရင် ဒေ့ါအောင်ဆန်းစုကြည်ရဲ့ NLD ပါတီကလည်း နိုင်လာတဲ့အချိန်မှာ ဒီရွေးကောက်ပွဲ သတင်းတွေကို လုပ်ခဲ့ရတဲ့အချိန်တွေကတော့ ဘယ်လိုရှိလဲရှင့်။

ဖြေ ။ ။ အဲဒီတုန်းကတော့ ကျနော်တို့ Live တွေ ဘာတွေ ပြောခဲ့ရတယ်။ ဒီမဲဆန္ဒနယ်မှာ ဘယ်လောက် Percent အနေနဲ့ ဘယ်လွှတ်တော်အမတ်ကတော့ နိုင်သွားပါပြီ ဘာညာ အဲ့လိုမျိုး Presentation လေးတွေတော့ လုပ်ခဲ့ရတယ်။ တခြားထွေထွေထူးထူးတော့ အဲဒီလိုမျိုး ထုတ်လွှင့်ခဲ့တာတော့ မရှိပါဘူး။

မေး ။ ။ အဲ့ဒါက မြန်မာ့အသံကို တာဝန်ယူထားတဲ့ အုပ်ချုပ်သူနဲ့ဆိုင်လား။ ဒါမှမဟုတ် ဟိုအပေါ်က ဦးသိန်းစိန်တို့လို အစိုးရမျိုး စစ်အစိုးရတွေက တိုက်ရိုက်ညွှန်ကြားမှု့ပေးတာလား၊ ဘယ်လိုပုံစံမျိုးရှိလဲ။

ဖြေ ။ ။ များသောအားဖြင့်ကတော့ အပေါ်ကနေ ညွှန်ကြားမှုလာတာ များတယ်။ ထားပါတော့ ဒီသတင်းတခုကို သွားရိုက်လိုက်၊ လွှတ်တော်ကို သွားပြီးတော့ ရိုက်လိုက် ဒီဌာနဆိုင်ရာရဲ့ လုပ်ဆောင်ချက်တွေ သွားရိုက်လိုက်ဆိုတာတွေက အပေါ်ကနေ လာတာ။ ကျနော်တို့တွေ သွားတာ မဟုတ်ဘူး။ Bottom-Up သွားတာ မဟုတ်ဘူး။ Up to Bottom သွားတာ။ သူကအောက်ခြေက ဘာမှစပြီးတော့ လုပ်လို့မရဘူး။ လုပ်ပိုင်ခွင့် မရှိဘူး။ လုပ်ခွင့်လည်း မပေးထားဘူး။ အပေါ်ကနေ အဆင့်ဆင့် စီးဆင်းလာတာ အမိန့်က။

မေး ။ ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရ ဖြစ်လာတဲ့အခါမှာ အပြောင်းအလဲတွေကော ဖြစ်လာလား။ မြန်မာ့ရုပ်မြင်သံကြားထဲမှာ။

ဖြေ ။ ။ ဟုတ်ကဲ့ ဖြစ်လာပါတယ် အပြောင်းအလဲကတော့။ ဖြစ်လာတယ်ဆိုတာ အခုနပြောတဲ့ သတင်း Presentation ပိုင်းကော သတင်းလွတ်လပ်ခွင့်ကတော့ 100 percent လွတ်လပ်ခွင့်တော့ မရဘူးပေါ့။ မရဘူးဆိုပေမယ့်လို့ ဒီအ‌ရှေ့က အုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက်ရဲ့ သတင်းစီးဆင်းမှု့နဲ့ နှိုင်းယှဥ်လို့ ရှိရင်တော့ အများကြီးလွတ်လွတ်လပ်လပ် သတင်းကို ထုတ်ဖော်ခွင့်တွေ Presentation လုပ်ခွင့်တွေ အဲ့လိုမျိုးတွေတော့ ရခဲ့ပါတယ်။
မေး ။ ။ အဲဒီတော့ ကျမတို့ ကြားတာဆိုရင် စစ်ကောင်စီက သူတို့ အာဏာသိမ်းဖို့ လုပ်တဲ့အချိန်မှာ မြန်မာ့ရုပ်မြင်သံကြားကိုလည်း သူတို့အရင်ဆုံးစီးတယ်။ သိမ်းတယ်ဆိုတာကိုလည်း ကြားရတော့ အဲဒီအခြေအနေတွေကိုကော ဘယ်လိုမြင်လဲ ဘယ်လို တွေ့ကြုံခဲ့ရလဲ။

ဖြေ ။ ။ တွေ့ကြုံခဲ့ရပါတယ်။ ကျနော်ဆို အဲဒီရက် အဲဒီအချိန်က ရုံးထဲမှာဘဲ ရှိနေတာ။ ရုံးထဲက ဝန်းထမ်းအိမ်ရာမှာပဲ ရှိနေတာဆိုတော့ နှစ်နာရီခွဲလောက်မှာ လိုင်းတွေပြတ်သွားတယ်။ လိုင်းပြတ်သွားတဲ့ အချိန်မှာ အဲဒီမှာ ကျနော်က အိပ်လိုက်တယ်။ အိပ်လိုက်ပြီးတော့ နိုးလည်းနိုးလာရော ကိုယ်က ရုံးသွားဖို့ လုပ်တဲ့အခါမှာ အတူနေတဲ့ ဆရာတယောက်က အားလုံးပြီးသွားပြီ။ နောက်ကျသွားပြီ။ မင်း တီဗီကို ကြည့်လိုက်၊ တီဗီမှာ ထုံးစံအတိုင်း သူတို့တွေ ချီတက်နေတာတွေ သီချင်းတွေ လွှင့်နေတာပေါ့။ တောက်လျှောက်။ အဲဒီအချိန်ထိ ကိုယ့်ဘာသာကိုယ် မယုံနိုင်သေးဘူး။ ဟုတ်လား၊ ဟုတ်လို့လား။ ဒါတကယ်ကြီးလား။ တမင်သတ်သတ်လွှင့်နေတာ မဟုတ်ဘူးလား ဆိုပြီးတော့ ကျနော်တို့ လိုက်စပ်စုလိုက်သေးတာပေါ့။ ဆိုင်ကယ်လေးနဲ့ ထွက်ပြီး စပ်စုတော့ ကျနော်တို့ အကုန်လုံးကိုလည်း အကျယ်ချုပ်သဘောမျိုးပေါ့။ ကျနော်တို့ကို ဘယ်မှလည်း ပေးမထွက်တော့ဘူး။ ဝန်းထမ်းအိမ်ရာထဲမှာပဲနေရ။ ကျနော်က လိုက်ပြီးတော့ လေ့လာလိုက်တဲ့အခါကြတော့ အာဏာ ဝင်သိမ်းသွားတဲ့တပ်တွေက နယ်ခံတပ်တွေ မဟုတ်ဘူး။ နယ်ခံတပ်တွေဆို ကျနော်တို့က သိတယ်။ မြင်လိုက်တာနဲ့ ကြည့်လိုက်တာနဲ့ လက်မောင်းဘတ်တံဆိပ်ကို ကြည့်လိုက်တာနဲ့ သိတယ်။ အခုက လက်မောင်းဘတ်တံဆိပ်တွေက ကမ်းရိုးတန်းဘတ်တံဆိပ်တွေ ဖြစ်နေတယ်။ သူတို့ရဲ့ အာဏာသိမ်းဖို့အတွက်ကို အထူးရွေးချယ်ထားတဲ့ တပ်တွေလို့ ယူဆရပါတယ်။ အဲဒီတပ်တွေ အကုန်လုံးကို တရုံးလုံးကို သိမ်းလိုက်တာပေါ့။

မေး ။ ။ အဲဒီအချိန်မှာ အာဏာသိမ်းတာနဲ့ ပတ်သက်လို့ သတင်းကြေညာတဲ့သူတွေ အဲဒီက ရုပ်မြင်သံကြားမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ အနေနဲ့ကော ဘယ်လိုလုပ်ရလဲ။

ဖြေ ။ ။ ကျနော် သိသလောက်က အဲဒီနေ့မှာ ကျနော်တို့ကို ဘာမှပေးမလုပ်ဘူး။ ကျနော်တို့ကို ရုံးထဲလည်း ပေးမဝင်ဘူး။ ကျနော် သိသလောက်က တချို့သော တာဝန်ရှိတဲ့ လူကြီးတွေကိုတောင်မှ ရုံးထဲ ပေးမဝင်ဘူး။ အဲ့ဒါ ဘယ်သူက လုပ်ခိုင်းတာလည်းဆိုတော့ စစ်တပ်ကပဲ လုပ်ခိုင်းတာပေါ့။ တိုက်ရိုက်အမိန့်နဲ့။ ပေးမဝင်တော့ပဲနဲ့ အဲ့နေ့မှာ လွှင့်သမျှ Program တွေအားလုံးက မြဝတီက လွှင့်သွားတာ။ မြဝတီ MWD ဆိုတာကို သူတို့ပဲ Control လုပ်သွားတယ်။ သူတို့ရဲ့ Logo မှာလည်း ကျနော်တို့ရဲ့ MRTV ဆိုပြီးတော့ တတ်သွားတယ်။ အမှန်တကယ်က ကျနော်တို့ MRTV က လုပ်နေတာ မဟုတ်ဘူး။ သူတို့ရဲ့ Military Media ကနေပြီးတော့ ထိန်းချုပ်သွားတယ်။ ဒီမြဝတီနဲ့ MRTV ဆိုတာကလည်း သူတို့အချင်းချင်း၊ သူတို့ရဲ့ Control တွေ လုပ်လို့ရတယ်။

မေး ။ ။ သူတို့တွေက အရင်ထဲကကိုက အရေးပေါ်လုပ်လို့ရှိရင် မြန်မာ့ရုပ်မြင်သံကြား လွှင့်နေတဲ့ဟာတွေ မှန်သမျှကို သူတို့ မြဝတီကနေ လွှင့်လို့ရအောင် အရင်ထဲက စီဆင်ထားတာပေါ့။

ဖြေ ။ ။ အကုန်လုံးစီမံထားပြီးသား။ ကျနော် သိသလောက်တော့ ကျနော်တို့ သတင်းခန်းမှာ ကျနော်တို့ သတင်းဖတ်ဖို့အတွက် ကင်မရာရှေ့မှာ ထိုင်ပြီးတော့ လုပ်နေကိုင်နေ ပြောဆိုနေတာတွေ အားလုံးကို မြဝတီက အကုန်ထိုင်ကြည့်နေလို့ ရတယ်။


မေး ။ ။ အခု အာဏာသိမ်းထားတဲ့ စစ်တပ်အနေနဲ့ မီဒီယာတွေအပေါ် မီဒီယာ လုပ်ငန်းတွေအပေါ် သူတို့ရဲ့ သဘောထားကို ဘယ်လိုတွေ့ရပါလဲရှင့်။

ဖြေ ။ ။ မီဒီယာကို အသုံးချတာပါပဲ။ ဘာလဲဆိုတော့ ကျနော်တို့ MRTV က State owned media အစိုးရပိုင်၊ နိုင်ငံပိုင် မီဒီယာ။ မြဝတီက လွှင့်တဲ့သတင်းနဲ့ မြန်မာ့အသံ MRTV က လွှင့်သွားတဲ့ သတင်းတို့ကို နှိုင်းယှဉ်ကြည့်ရင် တကမ္ဘာလုံးက စောင့်ကြည့်ကြတာ၊ တကမ္ဘာလုံးက အလေးပေး ကြည့်တာသည် MRTV ကိုပဲ ကြည့်ကြတာ။ မြဝတီကို ကြည့်ကြတာ မဟုတ်ဘူး။ MRTV က ထုတ်လွှင့်သွားတဲ့ သတင်းကြေညာချက်သည်သာ အတည်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရရဲ့ အာဘော်ဖြစ်လို့။ မြဝတီကြတော့ စစ်တပ်ရဲ့ အရံရုပ်သံလွှင့်ဌာန အဆင့်လောက်ပဲ ရှိတယ်။ MRTV ကတော့ တနိုင်ငံလုံးနဲ့ သက်ဆိုင်တယ်ဆိုတော့ MRTV ကို အသုံးချခဲ့တာပဲ။ စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေ၊ ပေါ်လစီတွေကို MRTV က ထုတ်လွှင့်မှ တကမ္ဘာလုံးက သိကြမှာ။ အကုန်လုံးက သိမြင်နိုင်မယ်ဆိုတဲ့ အဲဒီရည်ရွယ်ချက်နဲ့ သူတို့က အသုံးချနေတာ ဖြစ်ပါတယ်။

မေး ။ ။ အခု ၃ နှစ်ကျော် ကြာလာတဲ့အချိန်မှာ ကိုသူရိန်ဘက်က မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ဖို့ဆိုတဲ့ မျှော်လင့်ချက် ရှိပါသလားရှင့်။

ဖြေ ။ ။ ရှိပါတယ်။ ကျနော်တို့ပဲ နိုင်မှာပါ။ ဒီလိုပဲ ကျနော်ကတော့ တထစ်ချ ယုံကြည်ထားတယ်။ တရေးနိုးထဖြေလည်း ဒီအဖြေပဲ ဖြေမှာပါ။ ကျနော်တို့ နိုင်မယ်လို့ ယုံကြည်တဲ့အတွက်လည်း ဒီလမ်းကို ရွေးခဲ့တယ်။ ဆက်ပြီးတော့ ဆက်လျှောက်နေမှာပါ။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးတင်ပါတယ်ရှင့်။ အခုလို အချိန်ပေးပြီးတော့ မေးတဲ့မေးခွန်းတွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Forum

XS
SM
MD
LG