ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ အုပ်ချုပ်ရေးစနစ် တိုးတက်ကောင်းမွန်ရေးအတွက် လူအပြောင်းအလဲထက် စနစ်အပြောင်းအလဲလုပ်ဖို့ ပိုအရေးကြီးတယ်လို့ မြန်မာ့အရေး သုံးသပ်လေ့လာသူ ဦးတင်မောင်သန်း က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံအတွက် မူဝါဒရေးရာစာတမ်းတွေကို အကြံပေးရေးသားနေတဲ့ သင့်ဘဝ မဂ္ဂဇင်း အယ်ဒီတာဟောင်း ဦးတင်မောင်သန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးက မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး အပြောင်းအလဲတွေကို မေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ အခု ဝန်ကြီးအပြောင်းအလဲတွေ၊ အသစ်ခန့်တာတွေ ရှိကြပါတယ်။ အဲဒီဟာ ဘယ်လောက်အထိ အလားအလာ ကောင်းလာမယ် ထင်ပါသလဲ။ အစောတုန်းကတော့ လူတချို့ရဲ့ ညည်းတွာသံတွေကို ကြားရတယ်။ အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ ထိရောက်မှု မရှိဘူးဆိုပြီပေါ့။
ဦးတင်မောင်သန်း ။ ။ အပြောင်းအလဲအနေနဲ့တော့ လူပုဂ္ဂိုလ်ဆိုင်ရာ အပြောင်းအလဲပေါ့။ ဒါပေမဲ့ ဗမာပြည် ဖြစ်ပေါ်တိုးတက်မှုအတွက် သော့ချက်ကြတာ စနစ်အပြောင်းအလဲဖြစ်ဖို့ အရေးကြီးတယ်။ ဆိုတော့ အရင်စနစ်ဟောင်းတွေကို တစုံတရာ အတိုင်းအတာအထိ သဘောပေါက်ပြီးတော့ အဲဒါကို ဘယ်လို ပြောင်းမလဲဆိုတဲ့ ideas လည်းရှိတဲ့ လူတွေ ပြောင်းသွားရင်တော့ ဗမာပြည် ဖြစ်ပေါ်ပြောင်းလဲမှုက ပိုပြီးတော့မြန်မယ်။ မဟုတ်လို့ရှိရင်တော့ လူတွေပြောင်းသော်ငြားလဲ စနစ်မပြောင်းရင် စနစ်နဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ရတဲ့အခါတိုင်းမှာ ကိုယ့်လူတွေကပဲ လွဲနေသလားဆိုတဲ့ အပြစ်တင်တဲ့ ကစားပွဲကြီးထဲကို ပြန်ဝင်သွားမှာကိုလည်း စိုးရတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာပြောတာက စနစ်ကို ပြောင်းဖို့လိုတယ်။ စနစ်ကိုပြောင်းဖို့ သိတဲ့လူတွေ ပြောင်းရမှာပေ့ါ။
ဦးတင်မောင်သန်း ။ ။ မှန်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အကြမ်းမျဉ်းလေး စနစ်ကို ပြောင်းဖို့လိုတာကို လူပြိန်းနားလည်အောင် ပြောပြပါ။
ဦးတင်မောင်သန်း ။ ။ လူပြိန်း နားလည်အောင် ပြောရရင်တော့ ဥပမာ စီးပွားရေးမူဝါဒတွေကို ပြောင်းမယ်ဆိုလို့ရှိရင် မိသားစုတစုမှာ ကိုယ့်မိသားစု အောင်မြင်အောင်အတွက် ဘယ်လို ပိုက်ဆံရှာမယ်။ ဘယ်လို သုံးမယ်ဆိုတာကို ကြိုတင်မြင်ရတယ်။ ကိုယ့်သားသမီးတွေအတွက် နောင်အနှစ် (၂၀) လောက်အထိ ကြိုပြီးမြင်ရတယ်။ ဒါကိုတော့ နိုင်ငံတခုအနေနဲ့ ပြောလို့ရှိရင် မျှော်မှန်းချက်တွေ၊ မဟာဗျူဟာတွေ၊ ပေါ်လစီကိစ္စတွေ ဖြစ်သွားတယ်။ အလားတူပဲ ကိုယ်ကိုယ်တိုင် ဝင်ငွေရအောင်ရှာတာနဲ့ သုံးစွဲတဲ့နေရာမှာ စည်းစနစ်ကျရတယ်။ သုံးသင့်သုံးထိုက်တာတွေကို သုံးဖို့အရေးကြီးတယ်။ ဒါကိုတော့ အများပြည်သူဆိုင်ရာ ဘဏ္ဍာငွေ ရင်းနှီးမြုပ်နံှမှု၊ စီမံခန့်ခွဲမှုစနစ်လို့ ပြောကြတယ် - Public Investment Management System. တပြိုင်တည်းမှာပဲ လူတွေက မိမိရဲ့ မိသားစုအဖွဲ့ဝင်တွေက အဲဒီ ကိုယ်ရည်မှန်းတဲ့ ကိုယ့်ရဲ့နောင် အနှစ် (၂၀) မှာ ဖြစ်ချင်တဲ့ အမြင်တွေကို လိုက်နာဖို့အတွက် အကုန်လုံးက စနစ်တကျနဲ့ လိုက်နာဆောင်ရွက်တဲ့ဟာလည်း လိုတယ်။ အဲဒီလို စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေ ပြဌာန်းသတ်မှတ်ရတာလည်း ရှိတယ်။ အဲဒါကို စီမံခန့်ခွဲရတာလည်း ရှိတယ်။ အဲဒါက နိုင်ငံအနေနဲ့ဆိုရင် စည်းမျဉ်းစည်းကမ်းများ စီမံခန့်ခွဲမှု ဥပဒေ - Regulatory Management System - အဲဒီ စနစ် (၃) ခု က တိုင်းပြည်စီးပွားရေး တိုးတက်ဖို့အတွက် သော့ချက်ကြတယ်။ ဒါပေမဲ့ ကျနော်တို့က အဲဒီစနစ်တွေကို အခုထက်ထိ မကိုင်တွယ်နိုင်သေးဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီလို သော့ချက်ကြတဲ့ နေရာကို ကိုင်တွယ်နိုင်မယ့် လူအပြောင်းအလဲတော့ မမြင်သေးဘူးပေါ့။
ဦးတင်မောင်သန်း ။ ။ ကျနော့်တို့ လေ့လာချက်အရတော့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ အတွင်းဝန်လောင်များကို Survey သူတို့ရဲ့ သဘောထားစစ်တမ်းကို ယူခဲ့တယ်။ သူတို့က အစိုးရဌာနတွေ အကုန်လုံးက စည်းမျဉ်းသတ်မှတ်ချက်များ စီမံခန့်ခွဲတဲ့ ဌာနကြီးဖြစ်အောင် ပြောင်းရမယ်ဆိုတဲ့ အမြင်တွေ အကုန်လုံးကို (၈၀) ရာခိုင်နှုန်းက ရှိနေတာကို တွေ့ရတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေမှာ ဘယ်လိုပြောင်းတယ်၊ လုပ်တယ်။ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်မှုတွေက ဘာလဲ။ အဲဒါတွေကို ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတဲ့ လေ့လာတဲ့အပိုင်းမှာ အားနည်းတဲ့အတွက်ကြောင့်ဖြစ်မယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ ကမ္ဘာ့ဘဏ်က အကူအညီကို တောင်းထားတယ်လို့ ကျနော် နောက်ဆုံးအနေနဲ့ ကြားထားတယ်။ ဒါပေမဲ့ ကမ္ဘာ့ဘဏ်ကရော ဗမာပြည်ထဲမှာ လက်ရှိ ရှိနေတဲ့စနစ်က ဘယ်လောက်အထိ ရှိသလဲဆိုတာကို သူကရော သိရဲ့လားပေါ့။ ဗမာပြည်ရဲ့ ဝန်ထမ်းတွေနဲ့ ဗျူကရေစီရဲ့ ယဉ်ကျေးမှု၊ အထာတွေကို သိရဲ့လား။ ဒါကလဲ ပြဿနာတခု ဖြစ်တယ်။ နိုင်ငံခြားက ပညာရှင် ဖြစ်သော်ငြားလဲ ဒီအပိုင်းကိုလည်း သိဖို့ လိုလာတယ်။ ဆိုတော့ ဒါလေးတွေ အကုန်လုံး အစလေးတွေက ရှိနေပြီ - အရင်အစိုးရလက်ထက်ကနေ အခုထိ ရှိနေပြီ။ သွားပြီးတော့ ပြန်ပြီးပေါင်းစုနိုင်တဲ့ဟာလေးတခုပဲ လိုနေတယ်လို့ ကျနော် ထင်တယ်။
ဦးကျော်ဇံသာ ။ ။ အဲဒါက စနစ်ပေါ့။ နောက်တခုက ပြောင်းပုံပြောင်းနည်း - အစိုးရ အပြောင်းအလဲ လုပ်တဲ့အထဲမှာ အထူးသဖြင့် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ အစိုးရအဖွဲ့ဝင်တွေကို ပြောင်းလဲတဲ့နေရာမှာ ကျနော်တို့ နားလည်ထားတာကတော့ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကတော့ ဗဟိုအစိုးရ သမ္မတနဲ့ဆိုင်တယ်။ ပြည်နယ်နဲ့တိုင်း ဝန်ကြီးတွေကိုရော ဗဟိုအစိုးရကပဲ ဖွဲ့စည်းပုံအရ ရွေးချယ်ရမယ်။ ခန့်ထားရမယ်။ ထွက်ခွင့်ပေးနိုင်တယ်။ ဖြုတ်နိုင်တယ်လို့ သတ်မှတ်ထားပါသလား။
ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင့်တော့ ဝန်ကြီးချုပ်က အဆိုပြုပြီးတော့ ဝန်ကြီးချုပ်ကလည်း သက်ဆိုင်ရာ ပြည်နယ်တိုင်းလွှတ်တော်နဲ့ တိုင်ပင်ပြီးတော့ အဆိုပြုရတယ်။ သမ္မတက ခန့်အပ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ သက်ဆိုင်ရာ ပြည်နယ်တိုင်း လွှတ်တော်ရဲ့ ဒီကိစ္စအပေါ် သြဇာ ဘယ်လောက်ရှိပါလဲ။ တချို့က သက်ဆိုင်ရာ ပြည်နယ်တိုင်း လွှတ်တော်အနေနဲ့ ဘာမှ မကျေနပ်တာ၊ ကန့်ကွက်တာ မကြားရဘဲနဲ့ အနားယူခွင့် ပေးတယ်ဆိုပြီးတော့ ထွက်တာလည်းတွေ့တယ်။ ဖြုတ်တာလည်း ကြားရတယ်။ တချို့ကြတော့လဲ ရခိုင်ပြည်နယ်မှာထင်တယ် ပြည်နယ်ဝန်ကြီးတယောက်ကို ပြည်နယ်လွှတ်တော်က အပြင်းအထန်ပဲ ဝေဖန်ပြီးတော့ ထွက်ခိုင်းတယ်။ အဲဒါတွေလည်း ရှိတယ်ဆိုတော့။
ဦးတင်မောင်သန်း ။ ။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာတော့ တနင်္သာရီဝန်ကြီးချုပ် မူလပထမခန့်လိုက်တဲ့ တနင်္သာရီဝန်ကြီးချုပ်ကို လွှတ်တော်အမတ်တွေက ပြန်လည်ကန့်ကွက်တဲ့အတွက်ကြောင့် သမ္မတက ဝန်ကြီးချုပ်ကို ဖယ်လိုက်ရတာမျိုး ဖြစ်ခဲ့တယ်။ ဆိုတော့ ဒီဘက်မှာတော့ အဲဒီလောက်အထိ လွှတ်တော်တခုလုံးအနေနဲ့ လှုပ်ရှားလာတာမျိုးကို မတွေ့ရဘူး။ ဆိုတော့ ပြီးခဲ့တဲ့ အတွေ့အကြုံအရ ပြောရရင်တော့ ပြည်နယ်နဲ့တိုင်း လွှတ်တော်တွေကလည်း အဲဒီလို တစုတစည်းတည်း ညီညီညာညာနဲ့ ဆုံးဖြတ်ဆောင်ရွက်ကြရင်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာတော့ သက်ဆိုင်ရာ ဗဟိုက ခေါင်းဆောင်တွေကလည်း လေးစားပြီးတော့ ပြန်လည်းလိုက်လျော လုပ်ဆောင်ကြတာကို တွေ့ရပါတယ်။ ဒါကြောင့် အပြီသတ်ဆုံးဖြတ်ချက်ကို ဗဟိုက ဆုံးဖြတ်တာ ဖြစ်စေကာမူ ပြည်နယ်တိုင်းအဆင့် လွှတ်တော်တွေကလည်း သြဇာအများကြီးရှိတယ်လို့ ပြောလို့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော်တို့ အခု ဆွေးနွေးနေတာ အုပ်ချုပ်ရေးပိုင်း Administration ဆိုတော့ အခု မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးမှာ NLD ပါတီ အာဏာရပါတီ အခန်းကဏ္ဍကို ဆရာ ဘယ်လို မြင်ပါသလဲ။
ဦးတင်မောင်သန်း ။ ။ NLD ပါတီအနေနဲ့ဆိုရင်တော့ အုပ်ချုပ်ရေး၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့အခါမှာ များသောအားဖြင့် အရွေ့တွေရှိတယ်။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီခေါင်းဆောင်တွေက ပြောထားတဲ့ “ပြည်သူနဲ့အတူ” ဆိုတဲ့ စကားလုံးလေး။ ဒါကို ကျနော်တို့ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုကို လေ့လာတဲ့အခါကြတော့ အဲဒီနည်းလမ်းကိုပဲ ယူပြီးတော့ ပြုပြင်ပြောင်းလဲကြတာတွေကို လာပြီးတွေ့ရတယ်။ အဲဒါကိုတော့ သူတို့ရဲ့စကားမှာ ပြောလို့ရှိရင်တော့ Citizen Engagement ပြည်သူတွေပါဝင် ဆုံးဖြတ်တဲ့ အလေ့အထ၊ အုပ်ချုပ်ရေးစနစ်တွေထဲမှာ ထည့်ထားတယ်။ ဆိုတဲ့အခါကြတော့ ပြည်သူနဲ့အတူ ဖြစ်လာဖို့အတွက် ပြည်သူနဲ့ အတတ်နိုင်ဆုံး ပါတီဝင်တွေက နီးစပ်မယ်။ ပါတီခေါင်းဆောင်တွေက နီးစပ်မယ်။ ပြည်သူတွေရဲ့ ခေါင်းဆောင်မှုယူမယ်။ ပြီးတော့ အုပ်ချုပ်ရေးစနစ်တွေမှာ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကစပြီးတော့ ပြည်သူလူထုကို တိုင်ပင်နှီးနှောတာတော့ ရှိတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချတဲ့ ဖြစ်စဉ်တွေမှာ မပါသေးဘူး။ ဒါပေမဲ့ ဒီဘက် အစိုးရလက်ထက်မှာကြတော့ ဥပမာ မန္တလေးဆိုရင် မန္တလေးဝန်ကြီးချုပ်ကနေ မူဝါဒအကြံပေး အလုပ်အဖွဲ့တွေကို ဖွဲ့တဲ့အခါမှာ စီးပွားရေးအဖွဲ့အစည်းတွေ၊ NGO တွေက လူတွေပါ အလုပ်အဖွဲ့အထဲမှာ ပါလာပြီး သူတို့က မူဝါဒ ရေးဆွဲပြီး အဆိုပြုပြီးတော့ ဝန်ကြီးချုပ်က တင်တဲ့ဟာမျိုး။ ဆိုတော့ ဒါမျိုးဟာတွေက စပြီးတော့ အပြောင်းအလဲတွေက ဖြစ်တော့နေတယ်။ ဒါပေမဲ့ နိုင်ငံတော်အဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပြီလားဆိုတော့ မဖြစ်သေးဘူး။ ပါတီအနေနဲ့ ဘာလုပ်နိုင်သလဲ ဆိုလို့ရှိရင် အခုန “ပြည်သူနဲ့အတူ” ဆိုတဲ့ အဆိုအမိန့်ပေါ်မှာ အခြေခံပြီးတော့ ဖြစ်နိုင်ရင်တော့ Public Administration အစိုးရရဲ့ အုပ်ချုပ်ပုံတွေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ နားလည်တဲ့လူတွေနဲ့ ဘယ်လိုနည်းနဲ့ Design လုပ်ရင် ကောင်းမလဲဆိုတာကို ညှိနှိုင်းဆွေးနွေးခြင်းအားဖြင့်လည်း ကျနော်ထင်တယ် ပါတီဟာ ပိုပြီးတော့လည်း ပြည်သူနဲ့ ပိုနီးလာမယ်။ အစိုးရရဲ့ အုပ်ချုပ်ရေး၊ ပြုပြင်ပြောင်းလဲရေးမှာလည်း တစုံတရာ သက်ရောက်ပြီး ဖြစ်လာနိုင်မယ်လို့ ထင်တယ်။
ဦးကျော်ဇံသာ ။ ။ အုပ်ချုပ်ရေးပိုင်း ပြောတဲ့နေရာမှာ ဆက်ပြီးမေးချင်တာက NLD ဦးဆောင်တဲ့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတချို့ရဲ့ ဆက်ဆံရေးကို မေးချင်ပါတယ်။ ဗဟိုအစိုးရထက် တိုင်းဒေသကြီး ဆက်ဆံရေးထက်၊ ဗဟိုနဲ့ ပြည်နယ်အစိုးရတွေရဲ့ ဆက်ဆံရေးက ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ရခိုင်နဲ့ ဆက်ဆံရေး - ရခိုင်ပြည်နယ်ရဲ့ အခြေအနေက သိပ်ရှုပ်ထွေးနေတယ်။ နိုင်ငံတကာနဲ့လည်း ပြဿနာ အကြီးအကျယ် ရင်ဆိုင်နေရတဲ့အချိန်မှာ ဗဟိုအစိုးရနဲ့ ရခိုင်ပြည်နယ်နဲ့၊ NLD နဲ့ ရခိုင်ပြည်နယ်မှာ အမတ် အများစု အနိုင်ရထားတဲ့ ပါတီတွေနဲ့ သင့်မြတ်သွားရင် ပိုပြီးအဆင်ပြေမယ်ထင်တယ်။ အဲဒါကို ဘယ်လို မြင်လဲ။ ဘယ်လို သင့်မြတ်ရေးနည်းများ ဖြစ်နိုင်မယ် ထင်သလဲ။
ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင့်တော့ ဗဟိုနဲ့ တိုင်းဒေသကြီးအဆင့် ဆက်ဆံရေးတွေဆိုလို့ရှိရင် Institution သဘောအရဆိုရင် အရင်အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးဌာနတခုကကို ဒီအလုပ်ကို သတ်သတ်မှတ်မှတ်လုပ်တယ်။ ဥပမာ သမ္မတရုံးဝန်ကြီး ဌာန (၆) ထင်တယ် အဲဒီတုန်းက။ အခု သမ္မတရုံးမှာ ရောက်နေတဲ့ ညွှန်ကြားရေးမှူးချုပ် ဆရာဘရက်စ်စင်တို့ဆို အဲဒီ အတွေ့အကြုံတွေ အများကြီးရှိတယ်။ သူတို့ ဗဟိုအစိုးရနဲ့ကြားမှာ လစဉ် ပုံမှန်အစည်းအဝေးလုပ်တယ်။ တိုင်းဒေသကြီး အစိုးရရဲ့ လိုလားချက်တွေ အမြင်တွေကို ဗဟိုအစိုးရက နားထောင်တယ်။ လျှော့ပေးသင့်တာတွေကို လျှော့ပေးတယ်။ ဖြေလျှော့တယ်။ ဒါတွေကို လုပ်ခဲ့တယ်။ ဆိုတော့ အခုလဲ ဒီလိုလုပ်တဲ့ စနစ်လေးတော့ ရှိမယ်လို့တော့ ကျနော် မျှော်လင့်တယ်။ ဒါပေမဲ့ ကျနော် ပီပီပြင်ပြင် မသိဘူး။
ဦးကျော်ဇံသာ ။ ။ ပြည်နယ်အစိုးရနဲ့ အခုဖြစ်တာက ပြည်နယ်မှာ အမတ်အများစုရထားတဲ့ ပါတီ၊ ပြည်နယ်လွှတ်တော်နဲ့ ရခိုင်နဲ့ဆို အဲဒီလို ဖြစ်နေတာ။ အဲဒီကိစ္စ ပြန်လည်သင့်မြတ်ရေးတို့ ဘာတို့ ဘယ်လို ညှိနှိုင်းနိုင်မယ် ထင်ပါလဲ။
ဦးတင်မောင်သန်း ။ ။ လူတွေပေါ်မှာပဲ မူတည်လိမ့်မယ်။ စနစ်သဘောအရတော့ နောက်ဆုံး ဆုံးဖြတ်ချက်တွေ သမ္မတကပဲ ဆုံးဖြတ်ရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်နယ်လွှတ်တော်တွေက တင်စေကမူ လုပ်လို့မရဘူး။ အဲဒီတော့ ယေဘုယျ အဲဒါကို ညီဖို့ဆိုလို့ရှိရင်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ ပြဌာန်းချက်ကို ပြုပြင်ပြောင်းလဲဖို့ပဲ လိုအပ်မယ်။ အဲဒီလို ပြုပြင်ပြောင်းလဲဖို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့လည်း ဒီဟာကို တင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ တင်ခဲ့တယ်လို့ ကျနော် မှတ်မိတယ်။ ဆိုတော့ သို့သော်လဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ဆက်စပ်လာတဲ့အတွက်ကြောင့် နောက်ဆုံး ပြုပြင်ပြောင်းလဲရင်တော့ ပြည်နယ်လွှတ်တော်တွေကတင်တဲ့ လူက ဝန်ကြီးချုပ်ဖြစ်တဲ့ စနစ်တော့ ပေါ်လာလိမ့်မယ်လို့ ကျနော် ထင်တယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ပထမပိုင်း မေးမြန်ခန်းမှာ နောက်ဆုံး မေးချင်တဲ့တခုက အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး။ ဒါလဲပဲ သိပ်အရေးကြီးတယ်။ အခု မြန်မာနိုင်ငံမှာ ပိုပြီးအလှမ်းကွာလာသလား။ ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီးတော့ သဘောတူညီမှု မရကြဘူး။ ဘာညာ စသဖြင့် အမျိုးမျိုး ကောလာဟလတွေ ထွက်နေကြပါတယ်။
ဦးတင်မောင်သန်း ။ ။ ယေဘုယျအားဖြင်တော့ အဟ ဒီလောက်တော့ သိပ်ကြီးလာတယ်လို့တော့ ကျနော့်စိတ်ထဲမှာ သိပ်မထင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့နှစ်တွေမှာ မျှော်လင့်တာထက် ပိုပြီးဆောင်ရွက်နိုင်ခဲ့တယ်ဆိုတဲ့ ကိစ္စတွေထဲမှာ အရေးအကြီးဆုံး အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးလည်း ပါလိမ့်မယ်လို့ ကျနော်ထင်တယ်။ စံအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ပြောစရာတွေ ရှိနိုင်တယ်။ ဒါပေမဲ့ ဖြစ်ပေါ်တိုးတက်မှု သဘောအရ ယခင်ရှိတဲ့ အခြေအနေကနေ ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ ပြန်လည်နှိုင်းယှဉ်ပြီး ကြည့်မယ်ဆိုရင်တော့ တိုးတက်မှုတွေ အများကြီး ရှိလာတယ်လို့တော့ ထင်တယ်။ သဘောထား ကွဲလွဲမှုတွေ ရှိမှာတော့ ဒါက အုပ်ချုပ်ရေးလုပ်ငန်းကို လုပ်တဲ့အခါတိုင်းမှာ မူဝါဒအရ သဘောထားကွဲတာတွေရှိမယ်။ လုပ်ပုံကိုင်ပုံအရ သဘောထားကွဲတာတွေ ရှိမယ်။ ဒါတွေကတော့ သဘာဝအရလို့ ကျနော် ထင်တယ်။ အဲဒီ ကွဲပြားမှုတွေကိုလည်း နှစ်ဘက်ခေါင်းဆောင်တွေက သင့်တင့်မျှတစွာ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး ကိုင်တွယ်နေနိုင်တယ်လို့ ကျနော်ထင်တယ်။ ကိုင်တွယ်လို့မရတဲ့ အခြေအနေအထိ မမြင်သေးဘူး။