သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံရဲ့ ကျောက်မီးသွေးလျှပ်စစ်


အာဆီယံရဲ့ ကျောက်မီးသွေးလျှပ်စစ်
please wait

No media source currently available

0:00 0:05:21 0:00
တိုက်ရိုက် လင့်ခ်








==ZawGyi==

ကျောက်မီးသွေးသုံးရင် လျှပ်စစ်ဓါတ်အားကို ဈေးသက်သက်သာသာနဲ့ ရောင်းနိုင်တဲ့အတွက် စီးပွားရေးတွက်ချေကိုက်ပါတယ်။ ဒါပေမဲ့ ကျောက်မီးသွေးကထွက်လာတဲ့ အဆိပ်အတောက် အမှုန်အမွှားဟာ လေထုကို ညစ်ညမ်းစေတာကြောင့် ပြည်သူလူထုက ကန့်ကွက်ဆန္ဒပြကြပါတယ်။ ဒါကြောင့်မို့ ကျောက်မီးသွေးသုံးရင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်တဲ့အတတ်ပညာကိုလည်း တတ်ကျွမ်းဖို့လိုတယ်လို့ ဂျာကာတာအခြေစိုက် အာဆီယံစီးပွားရေးသုတေသီဌာနရဲ့ (၁၃၃) မျက်နှာ စာတမ်းမှာ ဖော်ပြထားပါတယ်။ ဂျပန်ပညာရှင် Kei Shimogoru နဲ့ Iciro Kutani တို့က တည်ဖြတ်ပြီး လွန်ခဲ့တဲ့ အောက်တိုဘာလက ထုတ်ဝေတဲ့ Social Benefit of Clean Coal Technology စာတမ်း ဖြစ်ပါတယ်။

ကျောက်မီးသွေးသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူပြည်သားတွေ အန္တရာယ်မဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ ကျောက်မီးသွေးအန္တရာယ်ကို ကာကွယ်တဲ့ “လေထုသန့်စင်ရေးစနစ်” Air Quality Control System ဆိုတာကို တည်ထွင်ထားတာ ရှိပါတယ်။ ဒီစနစ်ကိုသုံးရင် အရင်းအနှီး ပိုမိုစိုက်ထုတ်ရမှာ ဖြစ်ပေမယ့် ရေရှည်မှာ အကျိုးခံစားရမှာ ဖြစ်ပါတယ်။ စင်္ကာပူနဲ့ ဘရူနိုင်းကလွဲပြီး ကျန်အာဆီယံ (၈) နိုင်ငံမှာ ကျောက်မီးသွေးသုံး ဓါတ်အားကို သုံးကြပါတယ်။ ဒါပေမဲ့ လေထုသန့်စင်ရေးစနစ်ကိုတော့ သုံးသူရှိသလို မသုံးသူလည်း ရှိနေတာတွေ့ရပါတယ်။

လျှပ်စစ်ဓါတ်အားကို ဈေးသက်သက်သာသာနဲ့ သုံးစွဲနိုင်ဖို့ ကျောက်မီးသွေးကို သုံးကြပါတယ်။ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗိယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုးနေရှားတို့မှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေ ရှိပါတယ်။ ၁၉၉၀ ကနေ ၂၀၂၀ အထိ အနှစ် (၃၀) အတွင်းမှာ အာဆီယံ (၇) နိုင်ငံရဲ့ ကျောက်မီးသွေးသုံး ဓါတ်အားပမာဏာဟာ သုံးဆလောက် တိုးပွားလာပါတယ်။ အာဆီယံအုပ်စုမှာ ကျောက်မီးသွေးဓါတ်အား အသုံးအနည်းဆုံးဟာ မြန်မာနိုင်ငံ ဖြစ်ပါတယ်။ အာဆီယံ (၇) နိုင်ငံမှာ ၁၉၉၀ မတိုင်မီက တည်ဆောက်ခဲ့တဲ့ ကျောက်မီးသွေးဓါတ်အား မဂ္ဂါဝပ် (၄၁၉၈) ရှိပြီး၊ ၁၉၉၀ နောက်ပိုင်းမှာ တည်ဆောက်တဲ့ဓါတ်အားက မဂ္ဂါဝပ် (၅၉၆၁၆) ရှိပါတယ်။ ဒီအထဲမှာ ကမ္ဘောဒီးယားနဲ့ လာအိုမှာ လေထုသန့်စင်ရေးစနစ် အနည်းအကျဉ်းရှိပြီး မြန်မာပြည်မှာ လုံးဝကင်းမဲ့နေတာ တွေ့ရပါတယ်။

မလေးရှား၊ အင်ဒိုးနေရှား၊ ဗိယက်နမ်နဲ့ လာအိုနိုင်ငံတို့က မဂ္ဂါဝပ် (၆၀၀) ကျော်တဲ့ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကြီးတွေထဲမှာ လေထုသန့်စင်ရေးစနစ်ကို မသုံးတဲ့ စက်ရုံတွေ ရှိပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံမှာတော့ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကြီးအားလုံးမှာ လေထုသန့်စင်ရေးစနစ်ကို တပ်ဆင်ထားတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံက ကျောက်မီးသွေးဓါတ်အား (၉၀) ရာခိုင်နှုန်းဟာ လေထုသန့်စင်ရေးစနစ်ကို အသုံးပြုပါတယ်။ ထိုင်းနိုင်ငံမှာ ကျောက်မီးသွေးသုံး ဓါတ်အား မဂ္ဂါဝပ်ပေါင်း (၄၆၉၃) ရှိတဲ့အနက် မဂ္ဂါဝပ် (၄၅၅) မှာသာ အမှုန်အမွှားနဲ့ Nitrogen Oxide ကင်းရှင်းရေးစနစ် မသုံးတာ တွေ့ရပါတယ်။ အင်ဒိုးနေရှားနဲ့ ဗိယက်နမ်မှာလည်း အမှုန်အမွှားနဲ့ ကန့်ဓါတ် နည်းပါးရေးကိုသာ အဓိကထားပြီး Nitrogen Oxide ကင်းစင်ရေးဘက်မှာ အားနည်းနေတာ တွေ့ရပါတယ်။

လေထုသန့်စင်ရေးစနစ်ကို ထိထိရောက်ရောက် စီမံကွပ်ကဲပြီး အကောင်အထည် ဖော်နိုင်မှသာ လေကောင်းလေသန့် ရနိုင်ပါလိမ့်မယ်။ ပြဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းတွေကို ဖောက်ဖျက်ရင် အရေးယူဖို့ ဗဟိုအစိုးရ တာဝန်ယူရမယ်လို့ မြန်မာ၊ ထိုင်းနဲ့ မလေးရှားတို့က ဆိုပါတယ်။ အင်ဒိုနေရှား၊ ကမ္ဘောဒီယား နဲ့ လာအိုမှာတော့ ဗဟိုအစိုးရမှာရော ဒေသန္တရအစိုးရမှာရော အရေးယူပိုင်ခွင့် ရှိပါတယ်။ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာမှာ ကျောက်မီးသွေးလျှပ်စစ်စက်ရုံကို ဒေသန္တရအစိုးရက စောင့်ကြည့်ရပါတယ်။ မြန်မာ့လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက လေထုညစ်ညမ်းမှု အခြေအနေကို တောင်းယူကြည့်ရှုခွင့် ရှိပါတယ်။ လေထုဆိုင်ရာ သတင်းအချက်အလက်တွေကို ကုမ္ပဏီကွန်ပြူတာမှာ သိုလှောင်ထားရပါတယ်။

လေထုသန့်စင်ရေးစနစ် တပ်ဆင်ထားတဲ့အတွက် အရင်းအနှီးပိုများလာသလို လျှပ်စစ်ဓါတ်အားခကို (၁၀) ရာခိုင်နှုန်းက (၂၀) ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်မယ်ဆိုရင် တွက်ချေကိုက်မယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ကျောက်မီးသွေးဓါတ်အားသုံး အာဆီယံနိုင်ငံတွေမှာ လေထုသန့်စင်ရေးစနစ် သုံးစွဲမှုကြောင့် မီတာခ တက်သွားပါတယ်။ စတင်သုံးစွဲတဲ့ ပထမ (၁၀) နှစ်ကာလမှာ မီတာခ ထိုးတက်သွားပြီး ဒုတိယ (၁၀) နှစ်ကာလမှာ ကျဆင်းသွားတာ တွေ့ပါတယ်။ လေထုသန့်စင်ရေးစနစ် တပ်ဆင်ထားတဲ့ စရိတ်စခက မတူကြပါတယ်။ ဥပမာ ထိုင်းနိုင်ငံမှာ နှစ်စဉ်ဒေါ်လာသန်း (၂၀၀) လောက် ကုန်ကျပေမယ့် ဗိယက်နမ်နိုင်ငံမှာတော့ ဒေါ်လာသန်း (၆၀၀) ကျော် နှစ်စဉ် ကုန်ကျနေပါတယ်။

ဒါပေမဲ့ အာဆီယံသုတေသနဌာနရဲ့ လေ့လာချက်အရ လေထုသန့်စင်ရေးစနစ်ကိုသုံးတဲ့အတွက် ရရှိလာတဲ့ အကျိုးအမြတ်ဟာ ကုန်ကျစရိတ်ထက် အများကြီးသာတယ်လို့ ဆိုပါတယ်။ တကယ်တော့ ပတ်ဝန်းကျင် သန့်ရှင်းမှုရဲ့ တန်းဖိုးကို ဒေါ်လာနဲ့ တိုင်းတာလို့ရတာ မဟုတ်ပါဘူး။ ကျောက်မီးသွေးအမာစားကိုသုံးပြီး လေထုသန့်စင်ရေးစနစ် အများဆုံးတပ်ဆင်ထားတဲ့ ထိုင်းနိုင်ငံဟာ မြန်မာအတွက် စံနမူနာတခု ဖြစ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG