သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သယံဇာတလုပ်ငန်း ပွင့်လင်းမြင်သာရေး


Myanmar EITI
Myanmar EITI

လွန်ခဲ့တဲ့ အောက်တိုဘာ (၁၄) ရက်နဲ့ (၁၅) ရက်နေ့က နော်ဝေးအခြေစိုက် EITI - Extractive Industries Transparency Initiative သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာရေး ဘုတ်အဖွဲ့ အစည်းအဝေး နေပြည်တော်မှာ ကျင်းပသွားပါတယ်။ အနှစ် (၂၀) ကျော် စစ်အုပ်စုအသိုင်းအဝိုင်းက လက်ဝါးကြီးအုပ်ပြီး ကျိတ်ဝိုင်းလုပ်ထားတဲ့လုပ်ငန်းမှာ ပွင့်လင်းမြင်သာဖို့ ဆောင်ရွက်တာဟာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ကျိတ်ဝိုင်းလုပ်ထားတဲ့ လုပ်ငန်းမှာ ပွင့်လင်းမြင်သာဖို့ ဆောင်ရွက်တာဟာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ကျိတ်ဝိုင်းလုပ်တဲ့ စစ်အုပ်စုဓလေ့ကို မလိုလားသူတွေက ပွင့်လင်းမြင်သာရေးကို ထောက်ခံပါတယ်။ အဖွဲ့ဝင်ဖြစ်ဖို့ စိတ်ဝင်စားကြောင်း အစိုးရကြေညာပြီး တနှစ်အကြာ ၂၀၁၄ ဇူလိုင်မှာ အဖွဲ့ဝင်လောင်း ဖြစ်လာပါတယ်။

တိုင်းပြည်စီးပွားရေးနဲ့ နောင်လာနောင်သား ပြည်သူများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်တယ်လို့ ၂၀၁၂ ဒီဇင်ဘာလထုတ် သမ္မတကြေညာချက်မှာ ဖော်ပြပါတယ်။ ဝန်ကြီး ၅ ဦး ပါဝင်တဲ့အဖွဲ့ကို တာဝန်ပေးပါတယ်။ နောက်တော့ အကောင်အထည်ဖော်ဖို့အတွက် သတ်မှတ်တဲ့အတိုင်း အစိုးရ၊ ပုဂ္ဂလိကကုမ္ပဏီနဲ့ အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေပါဝင်တဲ့ သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းနိုင်တဲ့အတွက် EITI အဖွဲ့ဝင်လောင်းအဖြစ် မြန်မာအစိုးရကို လက်ခံလိုက်တာ ဖြစ်ပါတယ်။ သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ဟာ ပုံမှန်အစည်းအဝေးနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပနိုင်တာတွေ့ရပါတယ်။

ပွင့်လင်းမြင်သာရေးကို အဓိကထားတဲ့အတွက် တာဝန်ယူမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုမှု၊ တိုင်းရင်းသားပြည်သူရဲ့ သဘောထားနဲ့ အကျိုးစီးပွားကို အလေးထားမှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စတာတွေကို သုံးပွင့်ဆိုင်အဖွဲ့ရဲ့ အခြေခံမူအဖြစ် သတ်မှတ်ထားပါတယ်။ အစိုးရ၊ ပုဂ္ဂလိကကုမ္ပဏီနဲ့ အရပ်ဘက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့ရဲ့ စွမ်းရည်ဟာ အရေးကြီးပါတယ်။ ၂၀၁၂ စုံစမ်းမှုအရ ရေနံဓါတ်ငွေ့နဲ့ သတ္တုတွင်းလုပ်ငန်းမှာ ပွင်လင်းမြင်သာမှု မရှိဆုံးနိုင်ငံဟာ မြန်မာဖြစ်ပါတယ်။ Revenue Watch Institute မနှစ်က ထုတ်ဝေတဲ့ Resource Governance Index မှာ ဖော်ပြထားပါတယ်။ ဥပဒေစည်းမျဉ်း၊ သတင်းဖော်ပြမှု၊ စစ်ဆေးမှု၊ အုပ်ချုပ်မှု စတာတွေမှာ ၅၈ နိုင်ငံကို လေ့လာတဲ့အခါ နော်ဝေးက ပထမရပြီး မြန်မာက နောက်ဆုံးပိတ် ဖြစ်ပါတယ်။

သယံဇာတကို ဥပဒေမဲ့ ထုတ်ယူနေကြသူတွေရှိကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေက အစိုးရကို တင်ပြပေမယ့် အရေးမယူကြောင်း သိရပါတယ်။ ဒီအတောအတွင်း ရေနံနဲ့ဓါတ်ငွေ့ ရှာဖွေတဲ့ လုပ်ကွက် ၃၆ ခုကို ဘယ်သူပိုင်တယ်ဆိုတာ သိချင်လို့ လန်ဒန်အခြေစိုက် Global Witness အဖွဲ့က စုံစမ်းမေးမြန်းတဲ့အခါ လုပ်ကွက် ၁၇) ခုက ကုမ္ပဏီအားလုံးဟာ ပိုင်ရှင်တွေ ကို ဖော်ပြကြတယ်လို့ အောက်တိုဘာလထုတ် The shell starts to crack မှာ ဖော်ပြထားပါတယ်။ မြန်မာကုမ္ပဏီ ၁၅ ခုအနက် ၈ ခုက ပိုင်ဆိုင်မှု ကို ဖော်ပြပြီး ၇ ခုက မဖော်ပြပါဘူး။ မဖော်ပြလိုတဲ့ နိုင်ငံခြားကုမ္ပဏီ ၁၁ ခု ရှိပါတယ်။ ပိုင်ဆိုင်မှု မဖော်ပြတဲ့ ကုမ္ပဏီတွေထဲမှာ လုပ်ကွက်တခုရထားတဲ့ IGE ကုမ္ပဏီနဲ့ လုပ်ကွက် ၃ ခုရတဲ့ UNOG ကုမ္ပဏီလည်း ပါဝင်တယ်လို့ Global Witness အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီကုမ္ပဏီ နှစ်ခုစလုံးဟာ ဦးအောင်သောင်းရဲ့ သားတွေဖြစ်တဲ့ နေအောင် နဲ့ ပြည်အောင်တို့ရဲ့ သြဇာခံတွေ ဖြစ်တယ်လို့ ဇွန်လ ၂၆ ရက်ထုတ် Financial Times သတင်းစာမှာ ဖော်ပြပါတယ်။ ကုမ္ပဏီပိုင်ဆိုင်မှုကို သဲသဲကွဲကွဲ မသိရလေလေ အလွဲသုံးစားလုပ် လို့ ကောင်းလေလေ ဖြစ်နေပါတယ်။ အာဏာပိုင်တွေရဲ့ ဆွေမျိုးသားချင်း လျှို့ဝှက်ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကို စစ်အစိုးရက လုပ်ပိုင်ခွင့် ချပေးလေ့ ရှိပါတယ်။ သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့ EITI မှာ အဖွဲ့ဝင်လောင်းဖြစ်လာတဲ့ မြန်မာနိုင်ငံမှာ အစိုးရနဲ့ ကုမ္ပဏီတွေဟာ လုပ်ပုံကိုင်ပုံနဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့ တာဝန်ရှိပေမယ့် ကုမ္ပဏီ ၁၈ ခုဟာ ပိုင်ဆိုင်မှု ကြေညာဖို့ ပျက်ကွက်နေပါတယ်။ ကုမ္ပဏီ ၂၈ ခုကသာ ထုတ်ဖော်ကြေညာတဲ့အတွက် သယံဇာတ ထုတ်ယူမှုမှာ ကျိတ်ဝိုင်းမရှိတော့ဘူးဆိုတာကို မြန်မာအစိုးရနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ပြသဖို့လိုပါတယ်။

သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့ EITI ရဲ့ ရည်ရွယ်ချက်ဟာ ရိုးရိုးရှင်းရှင်းလေး ဖြစ်ပါတယ်။ သဘာဝ ဓာတ်ငွေ့ ရောင်းလို့ရ တဲ့ ဒေါ်လာတွေ ဘယ်ရောက်ကုန်သလဲ၊ အစိုးရ ဘာလုပ်သလဲ စတာတွေကို တိုင်းသူပြည်သားက သိရှိနိုင်ရမယ်လို့ EITI အဖွဲ့က ယူဆပါတယ်။ အဂတိလိုက်စားမှု မရှိနိုင်အောင် သယံဇာတကုမ္ပဏီကို ပိုင်ဆိုင်ချုပ်ကိုင်သူတွေ ရထားတဲ့ ကန်ထရိုက်စာချုပ်နဲ့ ငွေစာရင်းအသေးစိတ်ကို သိရှိဖို့ EITI အဖွဲ့မှာ တာဝန်ရှိလာပါတယ်။ ဒါကြောင့်မို့ မြန်မာအစိုးရနဲ့ ကုမ္ပဏီတွေဟာ EITI အဖွဲ့ရဲ့ လမ်းညွန်မူဝါဒကို အလေးအနက် လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။

ဒေသခံလူ့အဖွဲ့အစည်းနဲ့ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်မဖြစ် ပြည်သူပြည်သား နားလည်နိုင်အောင် သယံဇာတကုမ္ပဏီတွေအကြောင်း အသေးစိတ် သိရှိဖို့ လိုပါတယ်။ ဒီလုပ်ငန်းမှာ ပွင့်လင်းမြင်သာလေလေ မသမာတဲ့ ကုမ္ပဏီတွေကို ဟန့်တားနိုင်လေလေ ဖြစ်ပါတယ်။ ရေနံဓာတ်ငွေ့တင်မကဘဲ သစ်တော၊ သတ္တုတွင်း၊ မြေယာ စတဲ့ သဘာဝအရင်းအမြစ်ဆိုင်ရာ လုပ်ငန်း ကန်ထရိုက်တွေ ပွင့်လင်းမြင်သာမှသာ ပြည်သူလူထု အကျိုးခံစားနိုင် မှာ ဖြစ်ပါတယ်။ စစ်အုပ်စုနဲ့ ခရိုနီတွေရဲ့ ကျိတ်ဝိုင်းအဖြစ်က ပြည်သူ့အကျိုးပြု သယံဇာတလုပ်ငန်းဖြစ်လာမှသာ မြန်မာအစိုးရကို ပြည်သူက ယုံကြည်လာဖွယ် ရှိပါတယ်။

XS
SM
MD
LG