သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 အမျိုးသမီးကမ္ဘာ့ဖလား ဗိုလ်လုပွဲ စပိန်နဲ့ ဘယ်အသင်းတွေ့ကြမလဲ


သြစတြးလျနဲ့နယူးဇီလန်အိမ်ရှင်အဖြစ် ပူးတွဲကျင်းပတဲ့ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ အနိုင်ရသွားတဲ့ စပိန်အမျိုးသမီးဘောလုံးအသင်း။ (သြဂုတ် ၁၅၊ ၂၀၂၃)
သြစတြးလျနဲ့နယူးဇီလန်အိမ်ရှင်အဖြစ် ပူးတွဲကျင်းပတဲ့ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ အနိုင်ရသွားတဲ့ စပိန်အမျိုးသမီးဘောလုံးအသင်း။ (သြဂုတ် ၁၅၊ ၂၀၂၃)

သြစတြေးလျနဲ့ နယူးဇီလန် နှစ်နိုင်ငံအိမ်ရှင်အဖြစ် ပူးတွဲလက်ခံကျင်းပနေတဲ့ (၉) ကြိမ်မြောက် အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဥ်ကို သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဒီနေ့ကစားဖို့ရှိပြီး အိမ်ရှင်သြစတြေးလျ အမျိုးသမီးအသင်းဟာ လက်ရှိ ဥရောပချန်ပီယံ အင်္ဂလန်အသင်းနဲ့ကစားမှာပါ။ အင်္ဂါနေ့ကကစားတဲ့ အကြိုဗိုလ်လုပွဲ ပထမပွဲစဥ်မှာတော့ စပိန်အသင်းဟာ နောက်ကျဂိုးတွေသွင်းပြီး ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲကို တက်သွားပါတယ်။

နယူးဇီလန်၊ အော့ကလန်မှာ ကစားတဲ့အဲဒီပွဲမှာ ၈၁ မိနစ်ကျမှ စပိန်က ဦးဆောင် ဂိုးသွင်းပြီးနောက် ဆွီဒင်ကလည်း ပွဲချိန် ၈၈ မိနစ်မှာ ချေပဂိုး ပြန်သွင်းခဲ့ပေမယ့် စပိန်က ချက်ချင်းဆိုသလို တမိနစ်ပဲခြား ၈၉ မိနစ်မှာ အနိုင်ဂိုးယူသွားခဲ့ပါတယ်။ ဆွီဒင်အတွက်တော့ ဒါဟာ အကြိုဗိုလ်လုပွဲ အဆင့်မှာ နှစ်ကြိမ်ဆက်တိုက် ရှုံးပွဲကြုံခဲ့ရတာပါ။

"သူတို့ ချက်ချင်းပြန်ပြီး ဦးဆောင်နိုင်လိုက်တဲ့အခါ အရှိုက်ကိုလက်သီးနဲ့ ထိုးလိုက်သလိုပါပဲ။ ပြောစရာစကားတောင် မရှိတော့ဘူး" လို့ ဆွီဒင်နောက်ခံလူ Magdalena Eriksson က ဆွီဒင်ရေဒီယိုကို ပြောကြောင်း ESPN သတင်းမှာ ဖော်ပြထားပါတယ်။ ရှုံးပွဲတွေ့ရတာ အသင်းစိတ်ဓာတ်ပျက်ပြားလို့မဟုတ်ဘဲ စိတ်ဓာတ်ခိုင်မာနေလို့သာ ချေပဂိုး ပြန်သွားနိုင်ခဲ့တာလို့ Eriksson က ဆိုပြီး အရင် အကြိမ်တုန်းကလိုပဲ ဒီလို အကြိုဗိုလ်လုပွဲမှာ ရှုံးရတာမျိုးက အင်မတန် အထိနာတယ်လို့ ပြောပါတယ်။

တဖက်မှာလည်း စပိန်ပရိသတ်တွေကတော့ အောင်ပွဲခံနေပြီး ဆစ်ဒနီမှာ ကျင်းပမယ့် ဗိုလ်လုပွဲကို သွားကြည့်ကြဖို့ ပြင်ဆင်နေကြပါတယ်။ စပိန်ဟာ ဩစတြေးလျ ဒါမှမဟုတ် အင်္ဂလန်နဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ကမ္ဘာ့ဖလား လုရတော့မှာပါ။

ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးခဲ့တဲ့ (၈) ကြိမ်မှာ နိုင်ငံ အသင်း (၄) ခုက အနိုင်ရရှိထားပြီး လက်ရှိချန်ပီယံ အမေရိကန်က (၄) ကြိမ်၊ ဂျာမနီက (၂) ကြိမ်၊ ဂျပန်နဲ့ နော်ဝေနိုင်ငံတွေက တကြိမ်စီဆွတ်ခူးထားတာပါ။ အခု ၂၀၂၃ ခုနှစ်ပြိုင်ပွဲမှာတော့ အရင် ချန်ပီယံအသင်းတွေ အစောပိုင်းမှာကတည်းက ရှုံးထွက်ခဲ့လို့ လာမယ့် တနင်္ဂနွေနေ့မှာ ချန်ပီယံအသစ် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG