သြစတြေးလျနဲ့ နယူးဇီလန် နှစ်နိုင်ငံအိမ်ရှင်အဖြစ် ပူးတွဲ လက်ခံကျင်းပနေတဲ့ အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဥ် (၂) ပွဲကို သြဂုတ်လ (၈) ရက်နေ့က ကစားခဲ့ရာမှာ ကိုလံဘီယာက ဂျမေကာကို ၁ ဂိုး-ဂိုး မရှိနိုင်ခဲ့သလို ပြင်သစ်ကလည်း ဒီ ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ မော်ရိုကိုအသင်းကို ၄ ဂိုးပြတ်နဲ့ နိုင်ပြီး ၈ သင်း ရှုံးထွက်အဆင့် ကွာတာဖိုင်နယ်ကို အသီးအသီး တက်သွားကြပါတယ်။
အရင်က အမျိုးသမီးဘောလုံးမှာအားနည်းတဲ့ အာရပ်ကမ္ဘာက မော်ရိုကို အမျိုးသမီးအသင်းဟာ ဒီ ပြိုင်ပွဲမှာ ထူးထူးခြားခြားခြေစွမ်းပြပြီး အုပ်စုအဆင့်ကနေ ကျော်ဖြတ်ပြီး ရှုံးထွက်အဆင့်တက်လာခဲ့ပေမယ့် ပြင်သစ်ကို မကျော်နိုင် ဖြစ်ခဲ့တာပါ။
အင်္ဂါနေ့က သြစတြေးလျနိုင်ငံ Adelaide မှာ ကစားတဲ့ပွဲမှာ ပွဲ ၂၃ မိနစ် အတွင်းမှာတင် ပေးဂိုး (၃) ဂိုး ပေးခဲ့ရပြီး ဒုတိယပိုင်းမှာလည်း နောက်ထပ် (၁) ဂိုး ပေးခဲ့ရလို့ ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပါတယ်။
မော်ရိုကိုနည်းပြ Reynald Pedros ကတော့ လာမယ့် ၂၀၂၄ ပြင်သစ် အိုလံပစ် ပြိုင်ပွဲဝင်ခွင့်ရရေး အစခရီးအဖြစ် အကောင်းမြင်ပြောဆိုခဲ့သလို ရှေ့တန်းတိုက်စစ်မှူး Ghizlane Chebbak ကလည်း “မော်ရိုကိုနဲ့ အာရပ်ကမ္ဘာမှာ အမျိုးသမီးဘောလုံး အားကစားရဲ့ဂုဏ်ကို မြှင့်တင်နိုင်ခဲ့တယ်” လို့ ပွဲအပြီးမှာ ပြောပါတယ်။
မော်ရိုကို ကို နိုင်ခဲ့တဲ့ ပြင်သစ်ဟာ ကွာတာဖိုင်နယ်မှာ ပူးတွဲအိမ်ရှင်သြစတေးလျအသင်းနဲ့ လာမယ့် သြဂုတ် ၁၂ ရက်နေ့မှာ ကစားရမှာပါ။ တခြား ကွာတားဖိုင်နယ် ပွဲစဥ်တွေကတော့ လက်ရှိ ခြေစွမ်းထက်နေပြီး အရင်ကလည်း ဗိုလ်ဆွဲခဲ့ဖူးတဲ့ ဂျပန် က ဆွီဒင် နဲ့ သြဂုတ် ၁၁ ရက်နေ့မှာ ကစားရမှာ ဖြစ်သလို လက်ရှိ ဥရောပချန်ပီယံ အင်္ဂလန်ကတော့ တောင်အမေရိကတိုက်က ကိုလံဘီယာနဲ့ သြဂုတ် ၁၂ ရက်နေ့မှာ ကစားရဖို့ ရှိပါတယ်။