New Zealand နိုင်ငံမှာ ဒီနေ့ စနေနေ့ ဆက်လက်ကျင်းပနေတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဗိုလ်လုပွဲတွေမှာ အမေရိကန်၊ ဂျပန်၊ ဗြိတိန်နဲ့ ဒိန်းမတ်အသင်းတွေ ဒီနေ့ အနိုင်ရသွားကြပါတယ်။
လက်ရှိကမ္ဘာ့ချန်ပီယံ အမေရိကန်အသင်းနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွေမှာ ပထမဆုံးကစားတဲ့ ဗီယက်နမ်အသင်းတို့ ကန်ကြတဲ့ပွဲမှာ အမေရိကန်အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အမေရိကန်အသင်းအတွက် Sophia Smith က ၂ ဂိုးနဲ့ Lindsay Horan က ၁ ဂိုးသွင်းခဲ့တာပါ။
ဇူလိုင်၂၂ ရက်နေ့အတွက် ပွဲစဉ်တွေထဲက ဂျပန်နဲ့ ဇမ်ဘီယာ ပွဲမှာတော့ ဂျပန်အသင်းက ၅ ဂိုးပြတ်နဲ့နိုင်ပါတယ်၊ ၂၀၁၁ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံ ဂျပန်အမျိုးသမီးအသင်းက ပွဲပြီးကာနီး မိနစ် ၉၀ အထိ အနိုင်ဂိုးတွေ သွင်းနိုင်ခဲ့ပါတယ်။
အင်္ဂလန်နဲ့ ဟေတီပွဲမှာတော့ အင်္ဂလန်အသင်းအကြိတ်အနယ်ကစားခဲ့ရပြီး ပင်နယ်တီဂိုးနဲ့ နိုင်သွားခဲ့တာဖြစ်ပါတယ်။ လက်ရှိ ဥရောပချန်ပီယံ အင်္ဂလန်အမျိုးသမီးအသင်းဟာ ကမ္ဘာ့ဖလားရနိုင်ချေများတဲ့ အသင်းတခုတွေထဲက တသင်းလို့ သတ်မှတ်ခံထားရတာပါ။ အင်္ဂလန်နဲ့ ဟေတီပွဲကိုတော့ ပူးတွဲအိမ်ရှင်ဖြစ်တဲ့ Australia နိုင်ငံ Brisbane မြို့မှာ ကျင်းပခဲ့တာပါ။
ဒိန်းမတ်နဲ့ တရုတ်အသင်းတို့ပွဲကိုလည်း Perth မြို့မှာကျင်းပခဲ့ပါတယ်။ ဒီပွဲမှာတော့ ဒိန်းမတ်အသင်းက ပွဲပြီးကာနီး မိနစ် ၉၀ ကျမှ ၁ ဂိုးသွင်းပြီး အနိုင်ရသွားခဲ့ပါတယ်။ အချိန်ပို ၅ မိနစ်မှာလည်း တရုတ်အသင်းဘက်က ချေပဂိုးသွင်းနိုင်ဖို့ အကြိတ်အနယ် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။