ဗင်နီဇွဲလားကနေ အမေရိကန်ထဲဝင်လာတဲ့ ရွှေ့ပြောင်းအခြေချလိုသူတွေကို မူရင်းနိုင်ငံထဲ ပုံမှန်ပြန်ပို့တဲ့ လုပ်ငန်းစဉ်ကို အမေရိကန်အစိုးရက ၂၀၁၉ ခုနှစ်မှာကတည်းက ရပ်ထားခဲ့ပေမယ့် ဗုဒဟူးနေ့တုန်းကတော့ ဗင်နီဇွဲလားနိုင်ငံသား (၁၃၅) ဦးကို လက်ထိပ်တွေခပ်ပြီး Texas ပြည်နယ် Harlingen လေဆိပ်ကနေ ဗင်နီဇွဲလားနိုင်ငံ၊ Caracas ကို ပြန်ပို့လိုက်ပါတယ်။ လေယာဉ်ပေါ် ရောက်မှ လက်ထိပ်တွေ ဖြုတ်ပေးလိုက်တာဖြစ်ပါတယ်။
တရားမဝင် ဝင်လာသူတွေကို ဗင်နီဇွဲလားနိုင်ငံဆီ ပြန်ပို့မယ့်အကြောင်း သမ္မတဘိုင်ဒန်အစိုးရက အောက်တိုဘာ ၅ ရက်နေ့မှာ ကြေညာခဲ့တာပါ။ သူတို့ကို ခုလို ပြန်ပို့တာ ဒါပထမဆုံး အသုတ်ဖြစ်ပါတယ်။
ပြန်ပို့ခံရသူ အားလုံးဟာ ICE ERO ထိန်းသိမ်းရေး စခန်းထဲက လူတွေဖြစ်တယ်လို့ အမေရိကန် လဝက အရာရှိတွေက VOA ကို အီးမေးကတဆင့် ဖြေကြားပါတယ်။ ပြန်ပို့ခံရသူအားလုံးဟာ အမေရိကန်ရဲ့ လူဝင်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်း ကျော်ဖြတ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ အမေရိကန်ကိုဝင်လာမယ့် ရွှေ့ပြောင်းအခြေချလိုသူအားလုံးဟာ တရားဝင် လဝက လမ်းကြောင်းအတိုင်း လာဖို့လိုတယ်လို့ Texas က အမေရိကန်နယ်ခြားရဲတပ်ဖွဲ့ အကြီးအကဲ Jason Owens က သတိပေးထားပါတယ်။
အမေရိကန်- Mexico နယ်စပ်ကိုဖြတ်ပြီး ဝင်လာသူတွေထဲမှာ ဗင်နီဇွဲလားနိုင်ငံသားတွေက အရမ်းများလာတာကြောင့် တရားမဝင် ဝင်လာသူတွေကိုတော့ ခုလို ပြန်ပို့ရတာဖြစ်တယ်လို့ ဂျိုးဘိုင်ဒန်အစိုးရက ပြောထားပါတယ်။ လူဦးရေ သန်း ၃၀ နီးပါးရှိတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်တာကြောင့် အနည်းဆုံး ၇ သန်းလောက်ဟာ တိုင်းပြည်ကထွက်ခွာပြီး အများစုက အမေရိကန်ကို ဝင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။