သမ္မတ ဂျိုးဘိုင်ဒန်ဟာ အမေဇုံ အမြဲစိမ်းသစ်တောကြီးထဲကို ခြေချခဲ့တဲ့ ပထမဆုံးအမေရိကန်သမ္မတတဦး ဖြစ်လာပါတယ်။ ရွေးကောက်ခံသမ္မတ Donald Trump လက်ထက်ကျရင်တော့ ဥတုရာသီပြောင်းလဲမှု ထိန်းချုပ်ရေးအတွက် အမေရိကန်ကပေးထားတဲ့ကတိကဝတ်တွေကို လျော့ချမယ့်ပုံရှိနေပါတယ်။
သြစတေးလျနိုင်ငံရဲ့အရွယ်အစားလောက်ရှိတဲ့ အမေဇုံသစ်တောကြီးဟာ ကမ္ဘာတဝန်း ထုတ်လွတ်နေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို စုပ်ယူသိုလှောင်ပေးထားတာဖြစ်ပါတယ်။ အဲဒီကာဗွန်ဓာတ်ငွေ့တွေလေထုထဲရောက်သွားတဲ့အခါ လေထုထဲမှာ ဓာတ်ငွေ့တွေသိပ်သည်းလာပြီး ကမ္ဘာအရပ်ရပ်က ရာသီဥတုတွေပြောင်းလဲသွားစေတာဖြစ်ပါတယ်။
အရှိန်အဟုန်နဲ့ထိခိုက်ပျက်စီးလာနေတဲ့ ကမ္ဘာ့အကြီးဆုံး အပူပိုင်းမိုးသစ်တောကြီးအတွင်း မီးဘေးသင့်ခဲ့တဲ့နေရာတွေ၊ မြစ်တွေနဲ့ တောရိုင်းတိရိစ္ဆာန်ပြုစုထိန်းသိမ်းရေးလုပ်ငန်းတွေကိုပါ ရဟတ်ယာဥ်ပေါ်ကနေ သမ္မတဘိုင်ဒန် လှည့်ပတ်ကြည့်ရှုခဲ့ပါတယ်။ ဒေသခံတွေအပြင် ဌာနေတိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း သမ္မတဘိုင်ဒန်တွေ့ဆုံခဲ့ပြီး ဒေသတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် အမေရိကန်ရဲ့ ကတိကဝတ်တွေကို ထပ်လောင်းပြောကြားခဲ့ပါတယ်။
တကမ္ဘာလုံးအတွက် အရေးကြီးလှတဲ့ အမေဇုံမိုးသစ်တော ထိန်းသိမ်းစောင့်ရှောက်ရေးနိုင်ငံတကာပူးပေါင်းဆောင်ရွက်နေတဲ့ Amazon Fund မှာ အမေရိကန်က ဒေါ်လာသန်း ၅ ရာထည့်ဝင်ဖို့ မနှစ်က ကတိပြုထားတာပါ။ လက်ရှိချိန်ထိ အမေရိကန်က ဒေါ်လာသန်း ၅၀ ထည့်ဝင်ထားပြီးဖြစ်သလို တနင်္ဂနွေနေ့မှာပဲ နောက်ထပ် ဒေါ်လာသန်း ၅၀ ထည့်ဝင်ဖို့ သမ္မတအိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။
Forum