အမေရိကန်ပြည်ထောင်စုမှာ အစိုးရယန္တရားတစိတ်တပိုင်း ရပ်ထားရတဲ့ကိစ္စနဲ့ နယ်စပ်လုံခြုံရေးကိစ္စတို့နဲ့ ပတ်သက်ပြီး ဒီကနေ့ စနေနေ့မှာ အရေးကြီးတဲ့ကြေညာချက်ထုတ်မယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောပါတယ်။
ဒေသစံတော်ချိန် ညနေ ၃ နာရီမှာ အိမ်ဖြူတော်ကနေ သမ္မတ Trump မိန့်ခွန်းပြောမှာဖြစ်ပြီး သူ့အဆို တောင်ပိုင်းနယ်စပ်က လူသားချင်းစာနာမှုနဲ့ ဆက်နွယ်တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပြောကြားမယ်၊ တောင်ပိုင်း နယ်စပ်ကို လုံခြုံအောင်မထားနိုင်ဘူးဆိုရင် တို့တွေဟာ သိပ်ကိုဉာဏ်နည်းတဲ့ သနားစရာသတ္တဝါတွေပဲလို့ သမ္မတက ပြောပါတယ်။
အရီဇိုးနားပြည်နယ် သဲကန္တာရမှာ တဘက်နိုင်ငံက တရားမဝင်လာရောက်သူ ၃၇၆ ဦး အမေရိကန်နယ်စပ် ဂိတ်ကို ခြေလျင်ခရီးနဲ့ရောက်လာပြီး အဲဒီမှာ နယ်စပ်ဝင်ခွင့်ရဖို့ တန်းစီနေကြတဲ့ ဗွီဒီယို ၂ ခုကို Twitter လူမှု ကွန်ယက်စာမျက်နှာမှာ တင်လိုက်ပါတယ်။ သူတို့တွေ အားလုံးနီးပါးက မိသားစုလိုက်လာကြတာတွေ၊ လူကြီး မပါတဲ့ အသက်မပြည့်ကလေးတွေ ဖြစ်တယ်လို့လည်း ရေးထားပါတယ်။
ဒီမိုကရက်နဲ့ ရီပတ်ပလစ်ကန် ပါတီတို့အကြား ဒီနယ်စပ်တံတိုင်းကာရေးကိစ္စ သဘောတူညီချက်မရလို့ အမေရိကန်အစိုးရလုပ်ငန်းတချို့ ရပ်နားထားရတာ စနေနေ့မှာ ၂၉ ရက် ပြည့်သွားပြီ ဖြစ်ပါတယ်။ သမ္မတက တံတိုင်းဆောက်ရေး ဒေါ်လာ သန်းပေါင်း ငါးထောင့်ခုနှစ်ရာ တောင်းထားပြီး ဒီမိုကရက်တို့ကတော့ နယ်စပ်လုံခြုံရေးအတွက် ဒေါ်လာသန်း တထောင်ပေးမယ်လို့ပဲ ပြောထားတာပါ။