သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အောက်လွှတ်တော် အတည်ပြုတဲ့ မြန်မာ့အရေးဥပဒေကြမ်းနဲ့ မြန်မာတုံ့ပြန်မှု


အမေရိကန်အောက်လွှတ်တော်က စက်တင်ဘာ ၂၄ ရက်နေ့မှာ မဲခွဲဆုံးဖြတ်လိုက်တဲ့ BURMA Act ၂၀၁၉ ဟာ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို တိတိကျကျ မသိရဘဲ လုပ်ဆောင်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ လက်ရှိအာဏာရ NLD ပါတီ ပြောခွင့်ရက တုံ့ပြန်လိုက်ပါတယ်။ နိုင်ငံရေးလေ့လာသူတွေကတော့ ဒီဆုံးဖြတ်ချက်က မြန်မာနိုင်ငံအပေါ် စီးပွားရေးနဲ့ နိုင်ငံရေးအရ အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်တယ် လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေ၊ သူတို့နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မယ့် ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က စက်တင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့က ထောက်ခံမဲ အများစုနဲ့ မဲခွဲဆုံးဖြတ်လိုက်တာပါ။

အမေရိကန် လွှတ်တော်အမတ်တွေအနေနဲ့ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို တိတိကျကျ သိရှိထားခြင်းမရှိဘဲ ဒီ BURMA Act ၂၀၁၉ အပါအဝင် တခြား ဥပဒေ၊ ဆုံးဖြတ်ချက်တွေကို ချမှတ်လုပ်ဆောင်နေကြတာလို့ လက်ရှိအာဏာရ NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ကျနော်တို့ပါတီကတော့ အစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ အတူတူပါဘဲ ခင်ဗျ။ ဒီ ထုတ်ပြန်ချက်တွေ၊ ဥပဒေ တွေဟာ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကို တိတိကျကျ အချက်အလက်တွေ မသိရဘဲနဲ့၊ တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရရှိတဲ့ သတင်းအချက်အလက်များနဲ့သာ ပြုစုထားတာ ဖြစ်တဲ့အတွက် မှန်ကန် တိကျခြင်း မရှိပါဘူး။ နောက်ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းကိုလည်း သူတို့ နားလည် သဘောပေါက်ခြင်း မရှိပါဘူး။ ဒါကြောင့် ကျနော်တို့ လက်ခံလို့မရပါဘူးလို့ ပြောချင်ပါတယ်။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာတင်မောင်သန်းကတော့ အမေရိကန်အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွက် စီးပွားရေးနဲ့ နိုင်ငံရေးအရ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ပထမသက်ရောက်မှုကတော့ စီးပွားရေး သက်ရောက်မှုပေါ့နော်။ အခုထက်ထိ ထွက်လာတဲ့ ဥပဒေမှာကြည့်ရတာကတော့ ပုဂ္ဂိုလ်ရေးကို အဓိကထားပြီး၊ ပုဂ္ဂိုလ်ရေးအရ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မယ်လို့ မြင်နေရတယ်ပေါ့နော်။ တကယ်လို့ အဲဒီလို မဟုတ်ဘဲနဲ့ အဖွဲ့အစည်း တခုကို ပစ်မှတ်ထားလာပြီ ဆိုရင်တော့၊ ဆိုလိုတာက စစ်တပ်ကို ပစ်မှတ်ထား လာပြီဆိုရင်တော့ ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ်မှာ သက်ရောက်မှု ရှိလာနိုင်တယ်။ နိုင်ငံရေးအရ သက်ရောက်မှုကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ ကမ္ဘာ့အလယ်မှာ လူ့အခွင့်အရေး ရှုဒေါင့်ကကြည့်လို့ရှိရင် နိုင်ငံရေးသိက္ခာ ကျတယ်ပေါ့နော်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အနေနဲ့လည်း နိုင်ငံရေးသိက္ခာ ထိခိုက်ပါတယ်။ အထူးသဖြင့် ဒီဥပဒေမှာတွေ့ရတဲ့ နိုင်ငံရေး အကျဉ်းသားများကို ထောက်ပံ့ဖို့အတွက် ဥပဒေအရကို ပြဌာန်းပြီးတော့ ဆောင်ရွက်လာတဲ့ဟာကတော့ ဒါ နိုင်ငံရေးအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အပေါ်မှာ အထိခိုက်ဆုံးလို့ ပြောရပါမယ်။”

တပ်မတော်အနေနဲ့ လူနည်းစု ဘာသာဝင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ အနောက်နိုင်ငံ အစိုးရတွေနဲ့ နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဝေဖန် ပြောဆိုမှုတွေ ရှိနေချိန်မှာဘဲ - မကြာသေးခင် ရက်ပိုင်းတွေအတွင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘာသာရေး အဆောက်အဦးတွေကိုသွားပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာဟာ တပ်မတော်အနေနဲ့ မတူကွဲပြားတဲ့ ဘာသာတရားတွေ၊ အထူးသဖြင့် မွတ်ဆလင်၊ ခရစ္စယာန်နဲ့ ဟိန္ဒူဘာသာဝင်တွေအပေါ် ဖိနှိပ် ဆက်ဆံမှုတွေ ရှိတယ်ဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေကို ခြေဖျက်ဖို့ ကြိုးစားတဲ့ လုပ်ဆောင်မှုအဖြစ် သုံးသပ် ပြောဆိုတာတွေ ထွက်ပေါ်ခဲ့ပါတယ်။

တိုင်းပြည်အတွင်း တကယ်ဘဲ စစ်မှန်တဲ့ပြောင်းလဲမှုတွေကို လုပ်ဆောင်နေပါတယ်ဆိုတာကို ပြသလိုတယ်ဆိုရင် အပေါ်ယံ ပြောင်းလဲမှုမျိုးမဟုတ်ဘဲ စစ်မှန်တဲ့ ပြောင်းလဲမှုတွေကို တပ်မတော်ဘက်ကရော၊ အာဏာရပါတီဘက်ကပါ လုပ်ပြဖို့လိုတယ်လို့ ဒေါက်တာ တင်မောင်သန်းက သုံးသပ်ပါတယ်။

“အခုလောလောဆယ်မှာ ကျနော်တို့တွေ့ရတာ ဒါ အမေရိကန်နိုင်ငံက ခုနက ဥပဒေကြမ်း ၂ ရပ်ကို ပြဌာန်းဖို့ ကြိုးစားလာတာနဲ့ ရှေ့မှာဘဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီ စည်းဝေးပွဲကြီး ကျင်းပနေတယ်။ မြန်မာနိုင်ငံကသွားပြီးတော့လည်း ပြောကြ၊ ဆိုကြတာလည်း၊ တက်ရောက်ပြီးတော့ ရှင်းလင်း တင်ပြတာတွေလည်း ရှိလာမှာပေါ့နော်။ အလှည့်ကျ ပြောခွင့်ရတဲ့အခါမှာ ပြောမှာပေါ့နော်။ အဲဒီလို ပြောတဲ့အခါမှာလည်း ကုလသမဂ္ဂကို တက်ရောက်လာမယ့် ပြောဆိုတဲ့ မိန့်ခွန်းတွေမှာ ဗိုလ်ချုပ်ကြီးရဲ့ ခရီးစဉ်တွေက ဒီလိုလုပ်နေပါတယ် ဆိုတဲ့ ပြောဆိုချက်တွေလည်း ပါကောင်းလည်း ပါလာနိုင်ပါတယ်။ ဒါပေမယ့် သော့ချက်က အဲဒီလို လှုပ်ရှားမှုတွေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံရေး သိက္ခာကို ပြန်လည် မြင့်တင်လို့ ရနိုင်မလားဆိုတဲ့ မေးခွန်းပါဘဲ။ အဲဒီလို ပျက်ဆီးသွားတဲ့ သိက္ခာကို ပြန်လည်မြင့်တင်ဖို့၊ ပြန်လည် ထူထောင်ဖို့ဆိုရင်တော့ ဒါ့ထက်မကတဲ့ အလုပ်တွေ လုပ်ပြဖို့လိုပါတယ်။ တကယ်ကို Institution သဘောအရ၊ အဖွဲ့အစည်းဆိုင်ရာအရ၊ ဥပဒေကြောင်းအရ တပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လိုအပ်ပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ လှုပ်ရှားမှုမှာ ဦးဆောင်တဲ့နေရာမှာပါတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ကလည်း မိမိနဲ့ သဘောထားမတူတဲ့သူတွေ အပေါ်မှာ ပြုမှု ဆက်ဆံပုံတွေအရ ပြောင်းလဲမှုတွေလည်း လိုအပ်လိမ့်မယ်လို့ ထင်ပါတယ်။”

အမေရိကန်အောက်လွှတ်တော်က စက်တင်ဘာ ၂၄ ရက်နေ့မှာ ချမှတ်လိုက်တဲ့ ဒီ BURAM Act ၂၀၁၉ ဟာ ဥပဒေကြမ်းအဆင့်သာ ရှိပါသေးတယ်။ ဒီဥပဒေကြမ်းကို အထက်လွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲအတည်ပြုဖို့ ကျန်နေပါသေးတယ်။ လွှတ်တော် ၂ ရပ်စလုံးက အတည်ပြုပြီးရင်တောင် သမ္မတက လက်မှတ်ရေးထိုး အတည်ပြုဖို့ ကျန်နေပါသေးတယ်။

ဒါပေမယ့် ဒီဥပဒေကြမ်းကို အောက်လွှတ်တော်မှာရှိတဲ့ ပါတီကြီး ၂ ရပ်စလုံးက လွှတ်တော်အမတ်တွေက ထောက်ခံထားကြတာကြောင့် အထက်လွှတ်တော်က အတည်ပြု၊ သမ္မတက လက်မှတ်ထိုးပြီး ဥပဒေအဖြစ် ပြဌာန်းတဲ့အဆင့်ကို ရောက်လာနိုင်ခြေ များတယ်လို့ လေ့လာသူတွေက သုံးသပ် ပြောဆိုနေကြပါတယ်။

.......................

{Unicode}













တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG