အမေရိကန်အောက်လွှတ်တော်က ပြဌာန်းဖို့ ကြိုးစားနေတဲ့ မြန်မာစစ်ဖက် အဆင့်မြင့်အရာရှိတွေကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမယ့် Burma Act 2018 ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းတွေကို ထိခိုက်ဖို့ လုံးဝမရှိကြောင်း မြန်မာ-အမေရိကန် ဆက်ဆံရေးဝါရင့် သုံးသပ်နေသူတဦးကပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် ညှမ်းပန်းဖိနှိပ်မှုတွေအပါအဝင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိူးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ မြန်မာ စစ်အရာရှိကြီးတွေကို ပစ်မှတ်ထား ဒဏ်ခတ်ပြီး အမေရိကန်ပြည်ဝင်ခွင့်ပိတ်ပင်မှုအပါအဝင် အခြားအရေးယူမှုတွေပါဝင်တဲ့ အခု ဥပဒေကြမ်းဟာ အရင် မြန်မာစစ်အစိုးရကို ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့မှုနဲ့ ဘယ်လိုကွာခြားမှုတွေရှိနေလဲဆိုတာ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။
အရင်က မြန်မာကို ပိတ်ဆို့ခဲ့တဲ့ပုံစံနဲ့ အခု တဦးချင်းစီကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမယ့် ပုံစံ လုံးဝမတူကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်ဟောင်းလည်းဖြစ် လက်ရှိ ဝါရှင်တန်အခြေစိုက် USIP ခေါ် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု အကြီးတန်း အကြံပေး Priscilla Clapp ကအခုလိုပြောပါတယ်။
"အရင်ကပုံစံနဲ့ အခု တဦးချင်း ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု ပုံစံမျိုးက အလွန်ပဲကွဲပြားခြားနားပါတယ်။ အရင်ကတော့ နိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်နဲ့ စီးပွားရေးတခုလုံးကို ပစ်မှတ်ထားပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ ပိုပြီးကျယ်ပြန့်သလို ဘဏ်ငွေကြေးစနစ်တခုလုံးကို သက်ရောက်မှုရှိစေခဲ့ပါတယ်။ အခုတကြိမ်ကတော့ လူပုဂ္ဂိုလ်တဦးချင်းစီ အနည်းအကျဉ်းကိုပဲ ပစ်မှတ်ထားပြီး ပိတ်ဆို့တာပါ။"
အမေရိကန်လွှတ်တော်က ပြဌာန်းဖို့ကြိုးစားနေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ်အရေးယူမယ့် ဥပဒေကြမ်းတွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းတွေကိုတော့ ထိခိုက်မှုလုံးဝမရှိကြောင်း Priscilla Clapp ကဆိုပါတယ်။
"အခုပိတ်ဆို့အရေးယူမှုဟာ နိုင်ငံရဲ့ ဘဏ်လုပ်ငန်းကို ထိခိုက်မှုလုံးဝမရှိတဲ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း မြန်မာနိုင်ငံ ဗဟိုဘဏ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတာတွေကို ဆက်လက်ဆောင်ရွက် သွားဖို့ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဘဏ်စနစ် ခေတ်မှီတိုးတက်အောင်နဲ့ တရားမဝင်ငွေကြေးလည်ပတ်မှုကို နှိမ်နင်းဖို့ အမေရိကအစိုးရ အကူအညီပေးနေတာပါ။"
အခုပိတ်ဆို့မှုက မြန်မာ စစ်ဗိုလ်ချုပ်တွေကိုလည်း ရုပ်ပိုင်းဆိုင်ရာအရ လက်တွေ့မှာ ထိခိုက်မှုရှိမှာမဟုတ်ဘူးလို့ Priscilla Clapp ကသုံးသပ်ပါတယ်။ အရင်သမ္မတ အိုဘားမားလက်ထက်က မြန်မာအပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းလိုက်ပေမယ့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေကို အမေရိကန်လာခွင့် ဗီဇာက အခုချိန်ထိ ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ ဒါကြောင့် လည်း အမေရိကန်ပြည်ထောင်စုနဲ့ အရင်ကတည်းက မြန်မာ စစ်ဗိုလ်ချုပ်တွေ တိုက်ရိုက် ပတ်သက်မှုမရှိတဲ့အတွက် အခုပိတ်ဆို့မှုဥပဒေကြမ်းက သူတို့အပေါ် သိပ်ပြီး ထိခိုက်မှုမရှိဘူးလို့ Priscilla Clapp ကသုံးသပ်တာပါ။
ဒါပေမယ့်လည်း မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ဂုဏ်သိက္ခာပိုင်းမှာ တော့ ထိခိုက်မှုတွေရှိတယ်လို့ သူက မြင်ပါတယ်။
"ဒီလိုပိတ်ဆို့အရေးယူမှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှာ မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်တွေကို ထိခိုက်စေပါတယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ အပြုအမူလုပ်ရပ်တွေဟာ နိုင်ငံတကာစံချိန် စံနှုန်းတွေအရ လက်ခံနိုင်စရာမရှိဘူးဆိုတာကိုလည်း ပြလိုက်တာဖြစ်ပါတယ်။"
ဒါအပြင် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ အခြေအနေတွေ အလွန်ဆိုးရွားနေပြီး နိုင်ငံတကာကိုပါ ထိခိုက်လာနေတဲ့အခြေအနေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ပိုက်ကြည့်မနေဘူးဆိုတာကို အမေရိကန်လွှတ်တော်က အချက်ပေးလိုက်တဲ့ သဘောလို့လည်း Priscilla Clapp က ပြောပါတယ်။
မြန်မာအစိုးရပြောခွင့်ရ ဦးဇော်ဌေးကတော့ ဒီဥပဒေကြမ်းဟာ အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေးကို အကျိုးရှိစေမှာ မဟုတ်တဲ့အတွက် အမေရိကန်လွှတ်တော်အနေနဲ့ ပြန်ပြီး စဉ်းစားဖို့ တုန့်ပြန်ထားပါတယ်။
မေလ ၁၇ ရက်နေ့က အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက အတည်ပြုခဲ့တဲ့ “Burma Act of 2018” ခေါ် “Burma Unified through Rigorous Military Accountability Act of 2018” ဥပဒေကြမ်းမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မြှင့်တင်ပေးဖို့ဖြစ်သလို အခြားရည်ရွယ်ချက်တွေအတွက်လည်းဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ အဲဒီဥပဒေကြမ်းမှာ ၂၀၁၇ခုနှစ် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ အင်အားသုံးနယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေးချိူးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူဖို့အပါအဝင် မြန်မာ့ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုမှာ အရပ်သားအစိုးရရဲ့ လုပ်ပိုင်ခွင့်တွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကန့်သတ်ခံထားရတဲ့ အခြေအနေ၊ သတင်းလွတ်လပ်ခွင့် ပိတ်ပင်ခံထားရတဲ့အခြေအနေ၊ ပဋိပက္ခဖြစ်နေတဲ့နေရာတွေက ဒုက္ခသည်တွေဆီ လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့ တားမြစ်ခံထားရတဲ့အခြေအနေ စတာတွေ ပြောင်းလဲ တိုးတက်လာဖို့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို ပိုပြီး ဖိအားပေးထားတဲ့ အချက်တွေပါဝင်ပါတယ်။
ဖေဖေါ်ဝါရီလက အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက အတည်ပြုလိုက်တဲ့ Burma Human Rights and Freedom Act ခေါ် မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် အက်ဥပဒေကြမ်းမှာတော့ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ အတွက် တာဝန်ရှိခဲ့တဲ့ မြန်မာစစ်ဖက် အဆင့်မြင့်အရာရှိတွေကို ပစ်မှတ်ထား ဒဏ်ခတ် အရေးယူဖို့နဲ့ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်မှုအပါအဝင် ရခိုင်ပြည်နယ်မှာ ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးပြုရာမှာ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် စုံစမ်း အရေးယူရေး စတာတွေပါဝင်ပါတယ်။
အခုလို အထက်နဲ့အောက်လွှတ်တော်နှစ်ရပ်လုံးက ကော်မတီတွေကနေအတည်ပြုလိုက်တဲ့ မြန်မာစစ်အရာရှိကြီးတွေကို ပစ်မှတ်ထား အရေးယူပိတ်ဆိုတဲ့ ဥပဒေကြမ်းတွေကို ဥပဒေတရပ်အဖြစ် ပြဌာန်းဖို့ အမေရိကန်လွှတ်တော်နှစ်ရပ်လုံးမှာ ဆွေးနွေးမဲခွဲ အတည်ပြုမှာဖြစ်ပါတယ်။ အမေရိကန် လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းကို နောက်ဆုံးမှာ သမ္မတက လက်မှတ်ရေးထိုး ပြဌာန်းမှာဖြစ်ပါတယ်။