အာဏာသိမ်းထားတဲ့ မြန်မာစစ်ကောင်စီဟာ သူတို့အပေါ် ဘယ်လို ဆန့်ကျင်မှုမျိုးကိုမဆို ဖိနှိပ်ဖို့နဲ့ အကြောက်တရား ဖန်တီးဖို့ ရက်စက်ကြမ်းကြုတ်တဲ့ နည်းတွေနဲ့ ပိုပြီး သုံးလာနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်ကိုယ်စားလှယ်က မနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြပြောကြားသွားခဲ့ပါတယ်။ ဒီလ ၁၁ ရက်နေ့က ရှမ်းပြည်နယ်တောင်းပိုင်း ပင်လောင်းမြို့နယ်ထဲမှာ အရပ်သားပြည်သူ ၂၈ ယောက်ထက်မနည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ကြောက်မတ်ဖွယ်ရာ လုပ်ရပ်ကို ရှုတ်ချပြီး မြန်မာနိုင်ငံတွင်း ပိုမို ဆိုးရွားလာတဲ့ အခြေအနေတွေကို ထောက်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရပ်သား စစ်သား မခွဲခြားဘဲ လေကြောင်းကနေ မဆင်မခြင် တိုက်ခိုက်တာ၊ ကျေးရွာတွေကို အစုလိုက် မီးရှို့တာ၊ သတ်ဖြတ်တာ၊ ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေကို ပိုမို ဆိုးဆိုးရွာရွား ကျူးလွန်လာနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ယူကေကိုယ်စားလှယ် Fergus Eckersley က ပြောပါတယ်။ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် လူပေါင်း ၃၁၀၀ ကျော် သေဆုံးခဲ့ရပြီး ၂ သောင်းကျော် မတရား ဖမ်းဆီးခံခဲ့ရသလို၊ ၁၇ သန်းကျော် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့လည်း ထောက်ပြပါတယ်။
မြန်မာနိုင်ငံတွင်း တိုင်းရင်းသား လူနည်းစုတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေကိုလည်း မီးမှောင်းထိုးပြခဲ့ပြီး လက်ရှိ အခြေအနေအောက်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှုရှိရှိ နေရပ်ပြန်ဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူးလို့လည်း ပြောပါတယ်။ ဒီလိုချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီကို နိုင်ငံတကာ က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ တိုးမြှင့်ချမှတ်ဖို့ နဲ့ မြန်မာနိုင်ငံကို လက်နက် ရောင်းချမှု ကန့်သတ် ပိတ်ပင်ဖို့လည်း ယူကေ ကိုယ်စားလှယ်က ထပ်လောင်း တောင်းဆိုထားပါတယ်။ မနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ ြမန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ကလည်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကျပ်အတည်း ကြီးကြီးမားမား ကြုံတွေ့နေရတဲ့အကြောင်း သတိပေး ပြောဆိုပြီး အကူအညီ လိုအပ်နေသူတွေ အတွက် ထိရောက်တဲ့ နည်းလမ်းတွေနဲ့ ကူညီ ဖြေရှင်းပေးကြဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။