လုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာလက ချမှတ်ထားတဲ့ မြန်မာ့အရေးဆောင်ရွက်ချက်တွေကို အကောင်အထည်ဖေါ်ခြင်းမရှိတဲ့အပြင် စစ်ကောင်စီဖိနှိပ်မှုအောက်မှာ မြန်မာပြည်သူတွေရဲ့အခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့အရေးဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ခြင်းမရှိရင် ဘယ်လို အရေးယူဆောင်ရွက်မလဲ ဆိုတဲ့အပိုင်းကို လုံခြုံရေးကောင်စီက ချမှတ်ထားခြင်းမရှိတဲ့အပေါ် မှာလည်း မေးခွန်းများစွာရှိနေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ ပထမဆုံးအကြိမ် မြန်မာ့အရေးဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အကောင်အထည်ဖေါ်မှုရှိမရှိ သုံးသပ်တဲ့ ဆွေးနွေးပွဲကို မနေ့နေ့လည်ပိုင်းက လုံခြုံရေးကောင်စီမှာ တံခါးပိတ် ကျင်းပခဲ့တာပါ။ အဲဒီဆုံးဖြတ်ချက်မှာတော့ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေကို ချက်ချင်းပြန်လွှတ်ဖို့ စတာတွေပါဝင်ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer တို့ ကိုယ်တိုင်တက်ရောက်ပြီး မြန်မာ့အရေး အစီရင်ခံတင်ပြခဲ့ကြတာပါ။
မြန်မာစစ်တပ်အပါအဝင် NUG နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေစတဲ့ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးထားတဲ့ အခြေအနေတွေကို သူတို့နှစ်ဦးလုံးက လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံကို ရှင်းလင်းတင်ပြကြမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Barbara Woodward က ဆွေးနွေးပွဲမတိုင်ခင် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်ဆွေးနွေးပွဲရလဒ်ကိုတော့ အခုချိန်ထိ အသေးစိတ်မသိရသေးပါဘူး။