မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့ပြီးနောက် အရင်ငြိမ်းချမ်းခဲ့တဲ့ နေရာတွေမှာပါ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေပြီး အရပ်သားပြည်သူတွေ ထိခိုက်သေကြေနေရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Noeleen Heyzer က ဒီနေ့ ကြာသပတေးနေ့ အစောပိုင်းကပဲ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်ပြပြောကြားသွားခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ေးအဖွဲ့တွေကို စစ်တပ်က ဖြတ် ၄ ဖြတ်စနစ်နဲ့ ပိတ်ဆို့နေတာက အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးအောင် တွန်းပို့သလိုဖြစ်နေတယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေကို ရွေးကောက်ပွဲက ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့လည်း ထောက်ပြသွားခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲတွေ မလုပ်ဘူး၊ လွတ်လပ်တဲ့ အခြေအနေအောက်မှာ ရွေးကောက်ပွဲ မလုပ်ဘူးဆိုရင် ဒီရွေးကောက်ပွဲကနေ အကြမ်းဖက်မှုတွေ ပိုဖြစ်စေနိုင်သလို၊ စစ်အုပ်ချုပ်ရေး ပိုပြီး ကြာရှည်ဖို့သာ ဖြစ်စေလိမ့်မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Noeleen Heyzer က အထွေထွေညီလာခံမှာ တင်ပြသွားခဲ့ပါတယ်။ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံအရေးနဲ့ပါတ်သက်လို့ ဒီနေ့ အစီရင်ခံစာတင်ပြစဉ်မှာ ခုလို ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
မတ်လ ၁၃ ရက်နေ့ကတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ သူ တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို တင်ပြခဲ့သလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ မြန်မာ့အရေး အဓိကကျသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်း ပြောကြားတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ လိုအပ်တဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေပေးနိုင်ရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးအပါအဝင် မြန်မာနိုင်ငံသက်ဆိုင်တဲ့အကြောင်းတွေ တင်ပြတယ်လို့ ပြောထားပါတယ်။