မြန်မာနိုင်ငံသား သန်းချီရောက်ရှိနေတဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့တ်) သက်တမ်းတိုးတဲ့အခါ အရင်ထက် ခက်ခဲလာနေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အသေးစိတ် အချက်အလက်တွေ ထပ်ဖြည့်ခိုင်းတာ၊ ပြည်တွင်း နေရပ်က ထောက်ခံစာတွေကို ယူခိုင်းတာတွေကြောင့် ပတ်စ်ပို့တ် သက်တမ်းတိုးဖို့ အကုန်အကျတွေလည်း ပိုများလာတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုစံကျော် တင်ပြပေးမှာဖြစ်ပါတယ်။
ပြည်ပရောက် မြန်မာတွေ အထူးသဖြင့် ထိုင်းနိုင်ငံရောက် မြန်မာတွေ နိုင်ငံကူးလက်မှတ် လုပ်တဲ့အခါမှာ မြန်မာသံရုံးက ရဲစခန်း၊ ရပ်ကွက်၊ ပြန်တမ်းဝင်အရာရှိ စတဲ့သူတွေရဲ့ ထောက်ခံစာတွေကို တောင်းခံနေတာ ဖြစ်ပါတယ်။ အရင်က မှတ်ပုံတင်နဲ့ အိမ်ထောင်စု အချက်အလက်ပဲ အဓိက လိုအပ်ပေမဲ့ အခုဆိုရင် ပြည်ပရောက်နေစဉ် လုပ်ဆောင်မှု အသေးစိတ်တွေ၊ ကျောင်းသားဆိုရင် ထိုင်းကျောင်းက အထောက်အထားတွေအထိ တောင်းခံနေတာပါ။ ဒီအချက်အလက်တွေက အရင်ကတည်းက ပုံမှန်တောင်းနေတဲ့ အချက်အလက်တွေဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာ ကောင်စစ်ဝန်ရုံးက တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။
" ပုံမှန်ဆိုရင်တော့ ဒီစာအုပ်တွေက မြန်မာပြည်မှာပဲ ပြန်လုပ်ရတဲ့ စာအုပ်အမျိုးအစားတွေပေါ့။ ဒီမှာအကုန်မှ မလုပ်ပေးတာ။ ဒါပေမဲ့လို့ ကျောင်းသားတွေက ဒီမှာ ကျောင်းတက်တယ်မလား နားလည်မှုနဲ့ လုပ်ပေးပြီးတော့ ဒီဟာတွေကို တောင်းတာပေါ့နော်။ ဒါကတော့ ပုံမှန်အနေအထားပဲနော် ထူးခြားတာတော့ မဟုတ်ပါဘူး။"
မြန်မာသံရုံးရဲ့ ဧပြီလ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ဒီအချက်အလက်တွေကို အလည်အပတ်နဲ့ ပညာရေးပတ်စ်ပို့တ် ကိုင်ဆောင်ထားသူတွေ သက်တမ်းတိုးတဲ့အခါ ပူးတွဲတင်ပြရမယ်လို့ ပြောပါတယ်။ ပူးတွဲတင်ပြလာတဲ့ အထောက်အထားတွေကို စိစစ်ရမှာဖြစ်လို့ ခွင့်ပြုချက် ရရှိဖို့လည်း အချိန်ကြာမြင့်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
ပြည်ပရောက် မြန်မာတွေအနေနဲ့ ဒီလိုအချက်အလက်တွေ ရနိုင်ဖို့ထက် အိမ်ထောင်စု အချက်အလက် ရနိုင်ဖို့အတွက်တောင် ခက်ခဲနေကြောင်း ထိုင်းနိုင်ငံမှာ အနှစ်၂၀နီးပါး အလုပ်သမားရေးကို ဆောင်ရွက်နေတဲ့ AAC မဟာမိတ်ရဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက ဗွီအိုအေကို ပြောပါတယ်။ အထူးသဖြင့် ရပ်ကွက်၊ ကျေးရွာ လုံးဝပျောက်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းက လာတဲ့သူတွေအဖို့ ပိုပြီးခက်ခဲကြောင်း ပြောပါတယ်။
" အခုက တနိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားကိုတောင်းတာ။ ဒီတော့ ကျနော်တို့မှာ မလိုအပ်ဘဲနဲ့ အချိန်တွေ ကုန်သွားတယ်ဗျာ။ အခက်အခဲတွေကတော့ ထောက်ခံစာ၊ တချို့တွေဆို ရပ်ကွက်တွေ မရှိတော့ဘူး။ ရပ်ကွက်လူကြီးတွေ ထောက်ခံမပေးရဲတော့ဘူး။ ၅/ (စစ်ကိုင်း)၊ ၈/ (မကွေး)တို့ဆို ဘယ်လိုမှ မရနိုင်တော့ဘူးဗျာ၊ အဲဒီတော့ မရနိုင်တဲ့လူတွေကို သူတို့က ဒီဘက်မှာ စိတ်ညစ်အောင် လုပ်ပစ်လိုက်တာ။"
ဒါပေမဲ့ မြန်မာသံရုံးက ငွေကြေးလက်ခံပြီး ပတ်စ်ပို့အလွယ်တကူ သက်တမ်းတိုးလို့ရနိုင်တဲ့ လမ်းကြောင်းတခုကိုတော့ ဖွင့်ပေးထားကြောင်း သူကပြောပါတယ်။ ဒီနည်းလမ်းနဲ့ လုပ်မယ်ဆိုရင် အထက်က ထောက်ခံစာတွေ ဘာမှမလိုတော့ပေမဲ့ ထိုင်းဘတ်ငွေ ၆,၀၀၀ နဲ့ ၇,၀၀၀ ကြား ဝန်ဆောင်ခပေးရမှာပါ။ ယခင် အဆက်ဆက်က ဘတ်ငွေ ၁,၅၀၀ လောက်သာ ကုန်ကျတဲ့ ပတ်ပ်စ်ပို့စာအုပ်ဟာ အခုဆိုရင် မြန်မာငွေ ၄သိန်းကျော်လောက် ကုန်ကျနေတာ ဖြစ်ပါတယ်။
" ဒါပေမဲ့ ပွဲစားနဲ့လုပ်မယ်ဆို လုပ်လို့ရတယ်၊ မြန်မာသံရုံးထဲမှာကို ပွဲစား ထားထားတာအခုက။ လုံးဝမရဘူးဆို လုံးဝမရနဲ့ဗျာ၊ ကျနော်တို့မရဘူးဆို မလုပ်ဘဲနဲ့ တရားမဝင်ဘဲ နေပစ်လိုက်တော့မယ်။ အစိုးရအဆက်ဆက် ကျနော်တို့ တခါမှ မပေးခဲ့ရဘူး (ဘတ်ငွေ) ၁,၀၀၀- ၁,၅၀၀ နဲ့ပဲ နေခဲ့ရတာ။"
မလေးရှားနဲ့ စင်္ကာပူက မြန်မာတွေအတွက် ဒီလို အသေးစိတ် ထောက်ခံစာတွေ တောင်းတာမျိုး မရှိသေးပေမဲ့ ပတ်စ်ပို့ သက်တမ်းတိုးတဲ့ အခါမှာတော့ နေရပ်က မိသားစုကို စုံစမ်းမေးမြန်းတာ၊ နိုင်ငံရေးလှုပ်ရှားမှု ရှိ မရှိကို စုံစမ်းစစ်ဆေးတာတွေတော့ ရှိပါတယ်။ ဒါကြောင့်လည်း ပတ်စ်ပို့စာအုပ် ထုတ်ပေးမဲ့ရက်ချိန်းကို ၂၀၂၄ ခုနှစ်အထိ ခွာလိုက်တာမျိုးတွေကို မြန်မာသံရုံးတွေက လုပ်နေတာပါ။
ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံသား အများဆုံးရောက်ရှိနေတဲ့ ပြည်ပနိုင်ငံဖြစ်ပြီး အာဏာမသိမ်းခင် အချိန်အထိ မြန်မာနိုင်ငံသား ၅ သန်းနီးပါး နေထိုင်၊ အလုပ်လုပ်ကိုင်နေကြတာပါ။ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံက နောက်ထပ် ၁ သန်းလောက် ထပ်တိုးလာတယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူတွေက ခန့်မှန်းထားကြပါတယ်။