သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံကူးစာအုပ်လျှောက်ထားမှုအကန့်အသတ်တွေကြား လိမ်ညာခံရသူများလာ


 မြန်မာနိုင်ငံကူးလက်မှတ်များ
မြန်မာနိုင်ငံကူးလက်မှတ်များ

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားမှုလုပ်ငန်းစဉ်အပြောင်းအလဲတွေရှိခဲ့ပြီး၊ အခုအချိန်အထိ လျှောက်ထားမှုလုပ်ငန်းစဉ်က ပုံမှန်လိုမဖြစ်သေးပါဘူး။ နိုင်ငံကူးစာအုပ်အသစ်လုပ်တာ၊ သက်တမ်းတိုးတာ နိုင်ငံခြားမှာအလုပ်လုပ်ခွင့်စာအုပ်ပုံစံပြောင်းတာအပါအဝင် စာအုပ်လျှောက်ဖို့ အွန်လိုင်းကနေ ရက်ချိန်းယူတာကအစ အားလုံးကို ပိတ်ပင်ထားဆဲပါ။ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုအကန့်အသတ်တွေနဲ့ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုစည်သူပြောပြမှာပါ။

နိုင်ငံကူးစာအုပ် လျှောက်ဖို့ ကိုယ်တိုင် ရုံးမှာတန်းစီတဲ့ စနစ်ကနေ အွန်လိုင်းဘွတ်ကင်စနစ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လကုန်လောက်မှာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ပြောင်းလဲခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် လူစုလူဝေး လျှော့ချတဲ့အနေနဲ့ စတင်လိုက်တဲ့ အွန်လိုင်းဘွတ်ကင် စနစ်အရ ရက်ချိန်းယူပြီးမှာ လူကိုယ်တိုင်ရုံးကိုလာရောက်လျှောက်ထားခွင့်ရှိပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အစပိုင်းမှာတော့ နိုင်ငံကူးလက်မှတ် လျှောက်ထားမှု ဘယ်လိုပုံစံမျိုးကိုမဆို ယာယီရပ်ဆိုင်းလိုက်ပါတယ်။ ဒီကြားထဲမှာတော့ အထူးအစီအစဉ် အနေနဲ့ Green Channel ကနေ MOU လုပ်သားတွေ အပါအဝင် ဗုဒ္ဓဂါယာ ဘုရားဖူးသွားမယ့်သူတွေအတွက် နိုင်ငံကူးစာအုပ်လျှောက်ထားတာကို ဆက်ပြီးခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ကစပြီး အဲဒီ့ အစီအစဉ်ကိုပါ ယာယီရပ်ဆိုင်းလိုက်တယ်လို့ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ နိုင်ငံကူးလက်မှတ်ရုံးကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမျိုး မရှိခဲ့ပါဘူး။ ပြည်တွင်း၊ ပြည်ပ ခရီးသွားပို့ဆောင်ရေး လုပ်ငန်းတခုကတော့ ဒီနေ့ကစပြီး ယာယီပိတ်လိုက်တာကို သူတို့လည်း ကြားသိရတယ်လို့ ပြောပါတယ်။

"ဒီနေ့က စပြီးတော့ MOU ပိတ်တယ်။ နောက်တခုက ဗုဒ္ဓဂါယာ။ အဲဒါတွေကို ပိတ်တယ်လေ။"

နိုင်ငံကူးစာအုပ် လျှောက်ထားတဲ့ လုပ်ငန်းစဉ်တွေ ဘယ်အချိန်မှာ ပုံမှန်ပြန်လည်ပတ်မယ် ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒီလို ယာယီပိတ်ထားချိန်မှာ နိုင်ငံကူးစာအုပ် အမြန်ရမယ်ဆိုပြီး လိမ်လည်သူတွေလည်း အတော်များလာတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။ အွန်လိုင်းကတဆင့် နိုင်ငံကူးစာအုပ်ရဖို့ ဝန်ဆောင်မှုလုပ်ပေးတယ်ဆိုပြီး ငွေကျပ် သုံးသိန်းဝန်းကျင်အထိ လိမ်ညာတောင်းခံမှုတွေရှိနေတယ်လို့ ပြောပါတယ်။ တချို့က ငွေအလိမ်ခံလိုက်ရသလို၊ တချို့က နိုင်ငံကူးစာအုပ်အတုထုတ်ပေးတာမျိုး ကြုံရတယ်လို့ ဆိုပါတယ်။ ပြည်ကနေ ရန်ကုန်မှာ ပက်စ်ပို့လုပ်ဖို့ ပွဲစားအပ်လိုက်သူ တဦးကတော့ သူကြုံတွေ့ခဲ့ရတဲ့ ပုံစံကို အခုလိုပြောပါတယ်။

"ကျနော် PV ပြောင်းဖို့လုပ်တော့ ၉ လပိုင်းအကုန် ၁၀ လပိုင်းလောက်မှာ အပ်ထားတာ။ အခုထိကို စာအုပ်လည်း ပြန်မရဘူး၊ ပိုက်ဆံလည်း ပြန်မပေးဘူး။ အဲဒီပွဲစားတွေကို ပေးထားရတာက ၃၇၀,၀၀၀ ဝန်းကျင်လောက် ရှိမယ်။ ကျနော်တို့ဆိုရင် ပြည် ကနေ ရန်ကုန် သွားရတယ်။ ဒီထက် ခေါင်တဲ့ ဝေးတဲ့ ရွာတွေ၊ နယ်တွေဆို ပိုပြီးတော့ လမ်းစရိတ်တွေ ကုန်တာပေါ့နော်။ ဟိုရောက်တော့ ဒီနေ့မပြီးရင် နောက်နေ့ ထပ်နေရတော့ တည်းခရယ်၊ စားစရိတ်တွေ ကုန်တယ်။ ဒီနေ့ မပြီးရင် နောက်နေ့၊ အဲလိုတွေ တန်းစီနေရတာ အဆင်မပြေတော့ လူတွေက အဲလိုကုန်မယ့် အတူတူ ပွဲစားအပ်လိုက်ရင် ၁ရက်ထဲ ပြီးတယ်ဆိုပြီးတော့ အဲလို အပ်လိုက်ကြတာပေါ့။ ပက်စ်ပို့နဲ့ ပတ်သက်ပြီးတော့ တရက်ကို လူဘယ်လောက်ပဲ ကန့်သတ်ထားပါတယ်၊ ဒီနေ့ကတော့ လူပြည့်ပြီဖြစ်လို့ နယ်ကလူတွေ ဆင်းလာမသင့်ဘူး၊ အဲလိုမျိုးလေးတွေ တရားဝင်ထုတ်ပြန်ရင် ဘယ်သူမှ ဒုက္ခမရောက်တော့ ဘူးပေါ့နော်။ ကျနော်တို့ မေးသမျှကို သေသေချာချာ ဖြေပေးမယ့် ဝန်ထမ်းတော့ ရှိသင့်တယ်လို့ ထင်တာပေါ့နော်။"

ပြည်ထဲရေးဝန်ကြီး ဌာနဘက်ကတော့ နိုင်ငံကူးစာအုပ် ပြုလုပ်ပေးမယ့်လုပ်ငန်းစဉ် ပြန်စမယ့် ရက်အတိအကျကို ကြေညာထားတာ မရှိပါဘူး။ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံကူးစာအုပ်လျှောက်ထားရာမှာ ပွဲစားကတဆင့်လုပ်တဲ့ ဈေးကွက်ကြီးလာသလို၊ အခုဆိုရင် ငွေ လိမ်ညာခံရသူတွေလည်း အတော်များလာတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}





"ဒီနေ့က စပွီးတော့ MOU ပိတျတယျ။ နောကျတခုက ဗုဒ်ဓဂါယာ။ အဲဒါတှကေို ပိတျတယျလေ။"




XS
SM
MD
LG