ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းဖြစ်လာနိုင်ခြေရှိသူ လက်ရှိ ဒုသမ္မတကမ်မလာဟဲရစ်စ် (Kamala Harris) ကို ထောက်ခံကြောင်း အမေရိကန်သမ္မတဟောင်း ဘာရက် အိုဘားမား (Barack Obama) နဲ့ ဇနီး မီရှယ်အိုဘားမား (Michelle Obama) တို့က တရားဝင် ထုတ်ပြန် ပြောကြားလိုက်ကြပါတယ်။ ဒီမိုကရက်ပါတီတွင်းမှာ ဩဇာအရှိဆုံးလို့ ယူဆထားကြတဲ့ အိုဘားမားတို့ ဇနီးမောင်နှံက ထောက်ခံကြလိမ့်မယ်လို့ မျှော်လင့်ထားပြီးဖြစ်ပေမယ့် အခုလို တရားဝင် ထုတ်ဖော် ပြောဆိုတာဟာ သမ္မတလောင်း ကမ်မလာဟဲရစ်စ် (Kamala Harris) အတွက် အရေးပါတဲ့ ထောက်ခံမှု ဖြစ်ပါတယ်။
အိုဘားမားဇနီးမောင်က ထောက်ခံကြောင်း ကမ်မလာဟဲရစ်စ်ကို တယ်လီဖုန်းနဲ့ ၃ ပွင့်ဆိုင် ဆက်သွယ် ပြောဆိုထားတဲ့ ဗွီဒီယိုမှတ်တမ်းကို ဒီကနေ့ ဇူလိုင်လ ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ ထုတ်ပြန်ခဲ့တာပါ။ လာမယ့် နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဖို့ သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဒုသမ္မတကမ်မလာဟဲရစ်စ်ဟာ ပြိုင်ဘက် ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့် (Donald Trump) နဲ့ ယှဉ်ပြိုင်ဖို့အတွက် မဲဆွယ်စည်းရုံးမှုတွေကို အရှိန်မြင့် လုပ်ဆောင်လာနေပါတယ်။
ဒီရွေးကောက်ပွဲမှာ ဒုသမ္မတကမ်မလာဟဲရစ်စ်က သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်တယ်ဆိုပေမယ့်လည်း တနည်းအားဖြင့် ဒါဟာ သမ္မတဘိုင်ဒန်ရဲ့ ဒုတိယသမ္မတသက်တမ်းဖြစ်တယ်လို့ ယူဆနေသူတွေလည်း ရှိပါတယ်။ အိုဘားမားဇနီးမောင်ရဲ့ ဒီကနေ့ ထောက်ခံမှုဟာ အမေရိကန်သမိုင်းမှာ ပထမဆုံး လူမည်းသမ္မတ ဖြစ်ခဲ့တဲ့ အိုဘားမားတို့နဲ့ အာရှနဲ့ လူမည်းပေါင်းစပ် မွေးဖွားလာတဲ့ ဒုသမ္မတကမ်မလာဟဲရစ်စ်အကြား လူမည်းအချင်းချင်း သွေးစည်း ညီညွတ်မှုကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ အိုဘားမားသမ္မတ မဖြစ်ခင်ကတည်းက ခင်မင်ရင်းနှီးခဲ့ပြီးဖြစ်တဲ့ ကမ်မလာဟဲရစ်စ်ကတော့ အခုလို ထောက်ခံမှုရတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
Forum