သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစစ်ဗိုလ် နဲ့ ဗမာစစ်ဗိုလ် နှိုင်းယှဉ်ချက်


ထိုင်းစစ်ဗိုလ်တွေ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်လာတာ အနှစ် (၈၀) ကျော် ရှိပြီဖြစ်ပေမယ့် ထိုင်းစီးပွားရေးဟာ ရှင်သန်ကြီးထွားနေပါတယ်။ ဗမာစစ်ဗိုလ်တွေ အနှစ် (၅၀) ကျော် ကြီးစိုးတဲ့အခါမှာ မြန်မာပြည်ဟာ အာရှဒေသမှာ အောက်ဆုံးအဆင့်ရောက်သွားပါတယ်။ လူဦးရေနဲ့ တိုင်းပြည်အရွယ်အစား မတိမ်းမယိမ်းဖြစ်ပေမယ့် ၂၀၁၂ စာရင်းအရ ထိုင်းရဲ့ နိုင်ငံလုံးဆိုင်ရာ အသားတင်ထုတ်လုပ်မှု တန်းဖိုးဟာ မြန်မာထက် (၇) ဆ ပိုများပါတယ်။ လူတဦးချင်းရဲ့ ထုတ်လုပ်မှုနှုန်းမှာလည်း ထိုင်းကမြန်မာထက် (၇) ဆ ပိုများပါတယ်။ နိုင်ငံခြားငွေ လက်ကျန်မှာတော့ ထိုင်းအစိုးရက အဆပေါင်း (၂၀) ကျော် မြန်မာထက်ပိုများပါတယ်။

ထိုင်းနိုင်ငံရဲ့ စီးပွားရေးအခြေခံအဆောက်အအုံဟာ ခေတ်မီပြီး စက်မှုနဲ့ လက်ယာပို့ကုန်လုပ်ငန်း အားကောင်းပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားနှစ်သန်းခွဲကို အလုပ်ပေးထားနိုင်တဲ့ စီးပွားရေးစနစ် ဖြစ်ပါတယ်။ မြန်မာ့ပညာရေး အသုံးစရိတ်ဟာ တိုင်းပြည်ရဲ့ နှစ်စဉ်အသားတင် ထုတ်လုပ်မှုရဲ့ တစ်ရာခိုင်နှုန်းတောင် မရှိပေမယ့် ထိုင်းက (၄) ရာခိုင်နှုန်း ရှိပါတယ်။ တနည်းဆိုရင် မြန်မာရဲ့ ပညာရေး အသုံးစရိတ်ဟာ ဒေါ်လာသန်း (၇၀၀) သာရှိပြီး ထိုင်းအစိုးရပညာရေးစရိတ်က ဒေါ်လာသန်း (၂၇၀၀) ရှိပါတယ်။ ဗမာစစ်ဗိုလ်ကြီးစိုးတဲ့ အနှစ် (၅၀) ကျော်ကာလမှာ မြန်မာ့ပညာရေးအဆင့်အတန်း ထိုးကျသွားပါတယ်။

ထိုင်းစစ်တပ်ဟာ ရှင်ဘုရင်ကို ရန်ပြုနိုင်တဲ့ ပြည်တွင်အင်အားကို နှိမ်နင်းဖို့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အစောပိုင်းမှာ မင်းဆွေမင်းမျိုးသာ ကြီးစိုးပါတယ်။ သာမန်စစ်သည်တွေ တက်လမ်းမရှိတဲ့အတွက် မင်းဆွေမင်းမျိုးကြီးစိုးတဲ့ ထိုင်းစစ်တပ်ကို ပြုပြင်ဖို့ ၁၉၁၂ ခုနှစ်မှာ အရာရှိငယ်တစုက စစ်အာဏာသိမ်းဖို့ ပထမဦးဆုံး ကြံစည်ခဲ့ပါတယ်။ မအောင်မမြင်ဖြစ်ခဲ့ပေမယ့် အကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။ ခေတ်နဲ့မဆီလျော်တဲ့ အကြွင်းမဲ့အာဏာရှင် ဘုရင်စနစ်ကို ပယ်ဖျက်ပြီး အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်တဲ့ ဘုရင်စနစ်ကို ၁၉၃၂ မှာ တည်ထောင်သူဟာ ထိုင်းစစ်ဗိုလ်နဲ့ အရပ်သားဝန်ထမ်းတွေ ဖြစ်ပါတယ်။ အဲဒီကတည်းက အရပ်သားဝန်ထမ်းနဲ့ လက်တွဲတာဟာ ထိုင်းစစ်ဗိုလ်တွေရဲ့ အသွင်လက္ခဏာ ဖြစ်ပါတယ်။ ဗမာစစ်ဗိုလ်တွေကတော့ အာဏာရပြီးတာနဲ့ အရပ်သားအမှုထမ်းတွေကို အစေခံဘဝကို ပို့လိုက်ပြီး နေရာတကာမှာ အာဏာပြပါတော့တယ်။

ထိုင်းစစ်ဗိုလ်တွေရဲ့ ထူးခြားတဲ့ ဒုတိယအသွင်လက္ခဏာက နိုင်ငံရေးအမြင် ဖြစ်ပါတယ်။ တိုင်းပြည်မှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကို အရပ်သားအဖွဲ့အစည်းတွေက ဖြေရှင်းနိုင်စွမ်းမရှိရင် ထိုင်းစစ်တပ်က ဝင်ရောက်ဖြေရှင်းပြီး ပြဿာနာကို ရှင်းပေးရမယ်လို့ ထိုင်းစစ်ဗိုလ်တွေက ယုံကြည်ပါတယ်။ ဒါကြောင့် ရေရှည်အာဏာသိမ်းဖို့ ထိုင်းစစ်ဗိုလ်တွေက မရည်ရွယ်ပါဘူး။ ဗမာစစ်ဗိုလ်တွေကတော့ နိုင်ငံရေး ဘန်းပြပြီး ရာသက်ပန် အာဏာသိမ်းနိုင်ဖို့ အာရုံစိုက်ပါတယ်။

ထိုင်းစစ်ဗိုလ်တွေရဲ့ ထူးခြားတဲ့ တတိယအသွင်လက္ခဏာကတော့ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအင်အားစုလို့ ယူဆတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမိုကရေစီ ပြုပြင်ရေးလုပ်ပြီးတာနဲ့ တပ်စခန်းကို ပြန်လေ့ရှိပါတယ်။ ဗမာစစ်ဗိုလ်ကတော့ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းပြီးကတည်းက ယုံကြည်ချက်အမျိုးမျိုးကြေညာပြီး နိုင်ငံရေးလုပ်စားလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။

မကြာခဏ အာဏာသိမ်းတဲ့ အစဉ်အလာကြောင့် ထိုင်းစစ်ဗိုလ်တွေဟာ ကိုယ်ကျိုးစီးပွားကို အာရုံစိုက်ကြပါတယ်။ နယ်စပ်ကုန်သွယ်ရေး၊ မှောင်ခိုလုပ်ငန်းစတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ငွေပိုရှာကြပါတယ်။ နယ်စပ်ကုန်သွယ်ရေးကြောင့် ချမ်းသာသွားတဲ့ ထိုင်းစစ်ဗိုလ်တွေ အများကြီးရှိပါတယ်။ နိုင်ငံခြားက စစ်ပစ္စည်းဝယ်ယူတဲ့အခါမှာလည်း ကော်မရှင်ရကြပါတယ်။ ဒါပေမဲ့ ထိုင်းစစ်ဗိုလ်တွေရဲ့ ကိုယ်ကျိုးရှာလုပ်ငန်းဟာ တိုင်းပြည်ကို အကြီးအကျယ် မထိခိုက်တဲ့အတွက် ထိုင်းစီးပွားရေး ရှင်သန်တိုးတက်နေပါတယ်။ ဗမာစစ်ဗိုလ်တွေကတော့ အရည်အချင်းမရှိပေမယ့် ဆိုရှယ်လစ်စနစ်မှာရော၊ ဈေးကွက်စနစ်မှာရော နေရာတကာ ချုပ်ချယ်ပြီး အာဏာပြတာကြောင့် တိုင်းပြည်ရဲ့ လူမှုစီးပွားရေးဘဝ ချွတ်ခြုံကျရပါတယ်။ ဗမာစစ်ဗိုလ်ဟာ နည်းမျိုးစုံသုံးပြီး တိုင်းပြည်ကို ကြီးစိုးနိုင်အောင် ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

ဗမာလူမျိုးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာ အနည်းဆုံး သဘောထား (၃) မျိုးလောက် ရှိပါတယ်။ ပထမသဘောထားက ဗမာကို မယုံသင်္ကာဖြစ်ပြီး၊ ဗမာဆန့်ကျင်ရေးကို အားပေးတာ ဖြစ်ပါတယ်။ အယုဒ္ဓယမြို့တော် ဖျက်ဆီးခံရတာကို ထိုင်းနိုင်ငံသားတွေက မမေ့နိုင်ကြတဲ့အတွက် ဗမာကို တမင်နှိမ်ပြီးရေးတဲ့ စာအုပ်စာပေဆိုရင် ဟုတ်ဟုတ်မဟုတ်ဟုတ် ထိုင်းနိုင်ငံမှာ လူကြိုက်များပါတယ်။ ဗမာကို နှိမ်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းကိုလည်း ထိုင်းနိုင်ငံမှာ ကြည့်သူများပါတယ်။ ဗမာစစ်အုပ်စုကို မကြိုက်ပေမယ့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ရိုသေလေးစားပြီး မြန်မာလူထုခံစားနေရတဲ့ အတိဒုက္ခကို စာနာထောက်ထားတာဟာ ဒုတိယသဘောထား ဖြစ်ပါတယ်။ ဒီလိုသဘောထားရှိသူတွေဟာ မြန်မာဒုက္ခသည်နဲ့ အတိုက်အခံလှုပ်ရှားမှုကို ကူညီကြပါတယ်။ တတိယကတော့ ဗမာအစိုးရ ဘာလုပ်လုပ် စီးပွားရေးအရ အမြတ်ရရင်ပြီးရောဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းတိုင်း ဒီမိုကရေစီအတွက် အနုတ်လက္ခဏာ ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ ဒါပေမဲ့ ထိုင်းစစ်ဗိုလ်တွေဟာ ဗမာစစ်ဗိုလ်တွေလို ရာသက်ပန် ကြီးစိုးဖို့ စိတ်ကူးမရှိပါဘူး။ အချိန်တန်ရင် အစဉ်အလာအတိုင်း စစ်တန်းလျားကို ပြန်ကြမှာမို့ ယာယီဆုတ်ယုတ်တဲ့ သဘောသာ ဖြစ်ပါတယ်။ ဗမာစစ်ဗိုလ်တွေကတော့ နေပြည်တော် တည်ဆောက်ပြီး အခိုင်အမာ နေရာယူထားတာမို့ စစ်တန်းလျားပြန်ဖို့ဆိုတာ ဝေလာဝေး စိတ်ကူးထဲတောင် ထည့်ထားပုံမရသေးဘူးလို့ ယူဆရပါတယ်။
XS
SM
MD
LG