တနိုင်ငံလုံး အပစ်အခတ်ရပ်စဲလို့ ငြိမ်းချမ်းပြီး ရွေးကောက်ပွဲနိုင်တဲ့ အရပ်သားအစိုးရ တက်လာတာတောင် မြန်မာ့စီးပွားရေးဟာ ရေရှည်တိုးတက်ဖွံ့ဖြိုးဖို့ အလားအလာ မရှိဘူးလို့ ဝါရှင်တန်အခြေစိုက် Brookings Institution က စီးပွားရေးပညာရှင် Lex Rieffel က လွန်ခဲ့တဲ့ စက်တင်ဘာလက သုံးသပ်ပါတယ်။ အစိုးရဌာနနဲ့ နိုင်ငံပိုင်လုပ်ငန်းတွေရဲ့ အကျင့်ပျက်စရိုက်တွေကို လေ့လာရင် စီးပွားရေးမှာ အသွင်ကူးပြောင်းဖို့ အလွန်ခက်ခဲတာကို တွေ့နိုင်ပါတယ်တဲ့။ မဆလခေတ်မှာ နိုင်ငံပိုင်လုပ်ငန်းတွေ ဒုက္ခပေးလို့ စီးပွားရေးကျဆင်းရပေမယ့် ဈေးကွက်ခေတ်မှာလည်း နိုင်ငံပိုင်လုပ်ငန်းက အဓိက ဖြစ်နေပါတယ်။
အကောင်းဆုံးလုပ်ငန်းကို စစ်တပ်ပိုင်ကုမ္ပဏီနှစ်ခုက ယူထားပြီး ကျန်တာကို ခရိုနီတွေကို ခွဲဝေပေးပါတယ်။ ဈေးကွက်သဘောတရားအတိုင်း ပုဂ္ဂလိကပိုင် လုပ်တယ်ဆိုပြီး ဝန်ကြီးဌာနတွေဟာ နိုင်ငံပိုင်လုပ်ငန်းကို ပုဂ္ဂလိကလက်ထဲ ထင်သလို လွှဲပြောင်းပါတယ်။ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုရဲ့ အဓိက အဟန့်အတားဟာ နိုင်ငံပိုင်လုပ်ငန်းနဲ့ ဝန်ကြီးဌာနတွေ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ အခွင့်ထူးခံစားမှုကို လက်လွှတ်ခံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အချုပ်ကတော့ NLD အစိုးရတက်လာလို့ နိုင်ငံရေးမှာ ပြောင်းလဲလာနိုင်ပေမယ့် အကျင့်ပျက် အစိုးရယန္တရားကြောင့် စီးပွားရေး မတိုးတက်နိုင်ဘူးလို့ ဆိုပါတယ်။
အခြေခံအဆောက်အအုံ တည်ဆောက်ရာမှာ ငွေရင်းအများအပြား စိုက်ထုတ်ရတာကြောင့် နိုင်ငံအများအပြားမှာ အစိုးရကသာ တာဝန်ယူပြီး လုပ်ကိုင်လေ့ရှိပါတယ်။ မြန်မာပြည်မှာလည်း အစိုးရပိုင် လုပ်ငန်းတွေကသာ အခြေခံအဆောက်အအုံ တည်ဆောက်ရေးမှာ ကြီးစိုးကြပါတယ်။ ဒါပေမဲ့ မြန်မာ့ရဲ့ ထူးခြားချက်ကတော့ အခြေခံအဆောက်အအုံ လုပ်ငန်းကို ချုပ်ကိုင်ထားတဲ့ အစိုးရဌာနတွေဟာ စားသုံးသူနဲ့ စက်မှုလုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တာဘဲ ဖြစ်ပါတယ်။ သယံဇာတရောင်းလို့ ဝင်ငွေတိုးပွားလာပေမယ့် စီးပွားရေးကို အထောက်အကူပြုမယ့် အခြေခံအဆောက်အအုံ တည်ဆောက်ရာမှာ အရင်းအနှီး မစိုက်ချင်တာဟာ စစ်အစိုးရရဲ့ အားနည်းချက် ဖြစ်ပါတယ်။ အစိုးရပိုင်လုပ်ငန်းဌာနတွေမှာ အုပ်ချုပ်ရေးညံ့ဖျင်းပြီး ကိုယ်ကျိုးစီးပွားအတွက် အခွင့်ထူးရတာဟာ ဓလေ့ထုံးစံလို ဖြစ်နေပါတယ်။
စက်မှုအသွင်ပြောင်းရေးဟာ အလိုအလျောက် ပေါ်ထွက်လာတဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ ခက်ခက်ခဲခဲ လုပ်ယူရတဲ့ကိစ္စ ဖြစ်ပါတယ်။ စက်မှုကုန်ထုတ်လုပ်ငန်း အဆင့်မြင့်လေလေ ကျွမ်းကျင်မှုနဲ့ ရင်းနှီးမြုပ်နံှမှု လိုအပ်လေလေ ဖြစ်ပါတယ်။ စီးပွားရေးလမ်းစဉ် မှန်ကန်ဖို့၊ စီးပွားရေး တည်ငြိမ်ဖို့၊ အခြေခံအဆောက်အအုံ ကောင်းမွန်ဖို့၊ ဥပဒေခိုင်မာဖို့၊ အခွန်တော်ကိစ္စမှာ သိသာမြင်ဖို့နဲ့ အလုပ်သမား ကျွမ်းကျင်ဖို့အတွက် အစိုးရမှာ တာဝန်ရှိပါတယ်။ ဒီလို စီးပွားရေးအခြေခံတွေကို အစိုးရက ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ အစိုးရက စက်ရုံတွေ လိုက်ဆောက်နေစရာ မလိုပါဘူး။ ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းတွေ ရှင်သန်နိုင်မယ့်အခြေအနေကို အစိုးရကသာ ဖန်တီးပေးနိုင်မယ်ဆိုရင် စက်မှုအသွင်ပြောင်းနိုင်ဖို့ အလားအလာရှိကြောင်း ဂျပန်စီးပွားရေးပညာရှင် Toshihiro Kudo က သုံးသပ်ပါတယ်။
ဈေးကွက်စနစ် ကျင့်သုံးတယ်ဆိုတဲ့ စစ်အစိုးရခေတ်မှာ ပုဂ္ဂလိကလုပ်ငန်းကို မြေတောင်မြှောက်ပေးရမယ့်အစား နိုင်ငံပိုင်လုပ်ငန်း များပြားလာတာဟာ ဝန်ကြီးကို သန်းကြွယ်သူဌေး ဖြစ်စေတဲ့အကြောင်းရင်းတခု ဖြစ်ပါတယ်။ ၁၉၈၈ မှာ နိုင်ငံပိုင်လို့ခေါ်တဲ့ အစိုးရစက်မှုလုပ်ငန်း (၈၀၀) လောက် ရှိနေရာက နောက် (၁၅) နှစ်ကြာတဲ့အခါမှာ နှစ်ဆတိုးလာပါတယ်။ ဈေးကွက်စနစ် ကျင့်သုံးတဲ့ စစ်အစိုးရခေတ်မှာ နိုင်ငံပိုင်လုပ်ငန်း များပြားလာတာကိုကြည့်ရင် ပုဂ္ဂလိကလုပ်ငန်းဟာ အရေးမပါသလို ဖြစ်နေပါတယ်။ အစိုးရပိုင်လုပ်ငန်း များပြားတဲ့ တိုင်းပြည်မှာ တိုးတက်မှုမရှိတာ အစိုးရလုပ်ငန်းရဲ့ ညံ့ဖျင်းမှု ဖြစ်ပါတယ်။ အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ လက်ဝါးကြီးအုပ်မှု၊ အခွင့်ထူးခံယူမှုတွေကြောင့် အစိုးရပိုင်လုပ်ငန်းတွေ ယိုယွင်ပျက်စီးကြရပါတယ်။ အစိုးရဝန်ဆောင်လုပ်ငန်းဟာ စာသုံးသူကျေနပ်အောင် မဆောင်ရွက်နိုင်တာ များပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာ အစိုးရလုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းပေမယ့် မျှော်လင့်သလို ဖြစ်မလာတာက များပါတယ်။ ဒါကြောင့် လာမယ့်လပိုင်းအတွင်းမှာ ဖွဲ့စည်းမယ့် NLD အစိုးရသစ်ဟာ အကျင့်ပျက်အစိုးရဌာနနဲ့ လုပ်ငန်းတွေကို မလွှဲမသွေ ကိုင်တွယ်ရပါလိမ့်မယ်။ နိုင်ငံပိုင်လုပ်ငန်းတွေကို သိသာမြင်သာအောင် လုပ်ရမယ်လို့ Lex Rieffel က အကြံပေးထားပါတယ်။ တာဝန်ရှိတဲ့ ဝန်ကြီးဌာန၊ အကြီးအကဲ၊ ငွေစာရင်း လုပ်ငန်းပမာဏ စတာတွေကို website မှာ ဖော်ပြရမယ်လို့ ဆိုပါတယ်။ အမြတ်ထွက်နိုင်တဲ့ လုပ်ငန်းကို ကုမ္ပဏီအဖြစ် အသွင်ပြောင်းဖို့လည်း တင်ပြထားပါတယ်။
ဒါပေမဲ့ နိုင်ငံပိုင်လုပ်ငန်း ပြုပြင်ပြောင်းလဲရေးဟာ အပြောလွယ်သလောက် လုပ်ရခက်တယ်လို့ ဆိုပါတယ်။ ဦးသိန်းစိန်အစိုးရနဲ့ နောက်တက်မယ့်အစိုးရသစ်ရဲ့ ဆောင်ရွက်ချက်တွေဟာ အများပြည်သူနဲ့ နိုင်ငံခြားအစိုးရတွေ မျှော်လင့်သလို ဖြစ်လာဖို့ အလားအလာ ရှိချင်မှရှိမှာပါ။ နှစ်ပေါင်းများစွာ အာဏာရှင်အမိန့် လိုက်နာခဲ့တဲ့ အစိုးရယန္တရားမှာ စွမ်းရည်ချို့တဲ့မှု ကြီးမားနေပါတယ်။ ဒါကြောင့် သူ့အိုးနဲ့သူ့ဆန် တန်ရုံလောက်သာ လုပ်နိုင်တဲ့ အစိုးရရဲ့ စွမ်းရည်ကိုကြည့်ပြီး အကဲဖြတ်သင့်ကြောင်း အမေရိကန်စီးပွားရေးပညာရှင် Lex Rieffel က အကြံပေးထားတာကို တင်ပြလိုက်ရပါတယ်။