သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားအရေး နှင့် မြန်မာ့အရေး


အမေရိကန်သမ္မတ အိုဘားမား နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်။ ရန်ကုန်၊ မြန်မာနိုင်ငံ။ နိုဝင်ဘာလ ၁၉၊ ၂၀၁၂ (ဓါတ်ပုံ - AP, Carolyn Kaster)
အမေရိကန်သမ္မတ အိုဘားမား နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်။ ရန်ကုန်၊ မြန်မာနိုင်ငံ။ နိုဝင်ဘာလ ၁၉၊ ၂၀၁၂ (ဓါတ်ပုံ - AP, Carolyn Kaster)

အမေရိကန်ကို ရန်လုပ်တဲ့ စစ်အာဏာရှင်စနစ် ကွယ်ပျောက်ပြီး အမေရိကန်နဲ့ လက်တွဲလိုတဲ့ အစိုးရ မြန်မာပြည်မှာ ပေါ်ထွက်လာတာဟာ နိုင်ငံခြားရေးလမ်းစဉ် အောင်မြင်မှုတခု ဖြစ်တယ်လို့ သမ္မတအိုဘားမား က လွန်ခဲ့တဲ့ မေလကုန်ပိုင်းက West Point စစ်တက္ကသိုလ်မှာ ပြောသွားပါတယ်။ အိုဘားမားရဲ့ ပထမနဲ့ ဒုတိယ မြန်မာနိုင်ငံခရီးစဉ်အကြား (၂) နှစ်ကာလမှာ မြန်မာ့အခြေအနေဟာ တိုးတက်တာ ရှိသလို၊ ရပ်တန့်နေတာနဲ့ ဆုတ်ယုတ်သွားတာလဲ ရှိပါတယ်။ အခြေအနေအမျိုးမျိုးကို အိုဘားမားအစိုးရက အမျိုးမျိုးတုန့်ပြန်နေပါတယ်။ ထိရောက်တာတွေ ရှိသလို၊ မထိရောက်တာတွေလည်း ရှိပါတယ်။

မြန်မာ့ပြုပြင်ပြောင်းလဲရေး အရှိန်သေသွားတာကို အလေးအနက် စဉ်းစားသင့်တယ်လို့ အမေရိကန်လူ့အခွင့်အရေးအဖွဲ့က သမ္မတအိုဘားမားကို သတိပေးထားပါတယ်။ ဒါပေမဲ့ အိုဘားမားကတော့ အာရှဗဟိုပြုလမ်းစဉ်မှာ အာဆီယံဟာ အရေးပါတာမို့ အပယ်ခံမြန်မာကို လက်တွဲခေါ်ယူနိုင်တာဟာ အောင်မြင်မှုတခု ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ ဒါကြောင့် မြန်မာ့အရေးဟာ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးလမ်းစဉ်မှာ ဦးစားပေးမဟုတ်ပေမဲ့ အရေးကြီးနေဆဲ ဖြစ်ပါတယ်။ ပြုပြင်ရေးကို အားပေးတဲ့အနေနဲ့ ရန်ကုန်အမေရိကန် သံရုံးဟာ လုပ်ငန်းပေါင်းနှစ်ဆယ်ကျော်မှာ ပါဝင်လုပ်ကိုင်နေပါတယ်။

အမေရိကန်အစိုးရအဆက်ဆက်ဟာ ဗမာစစ်အစိုးရကို စီးပွားရေးဒဏ်ခတ်အရေးယူနေပေမဲ့ စစ်ရေးအဆက်အသွယ် အမြဲတမ်း ရှိနေပါတယ်။ ဗမာစစ်သံရုံး လန်ဒန်မှာ ပိတ်ထားချိန်မှာ ဝါရှင်တန်မှာ ဖွင့်ထားပြီး၊ ဗမာစစ်ဗိုလ်တွေ တခါတရံ လာလေ့ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ကျင်းပနေကြ၊ မြွေဟောက်စစ်ရေး လေ့ကျင့်ခန်းမှာ ဗမာစစ်ဗိုလ်တွေကို လေ့လာသူအဖြစ် တက်ရောက်ခွင့် ပေးပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင်ရေးအတွက် ဗမာစစ်တပ်ထောက်ခံမှု လိုအပ်တယ်လို့ အမေရိကန်အစိုးရ အသိုင်းအဝိုင်းမှာ ယူဆလာကြပါတယ်။ အသွင်ကူးပြောင်းရာမှာ ပီပီပြင်ပြင် ဖြစ်လာအောင် ကူညီအားပေးရမယ်လို့ သမ္မတအိုဘားမား က ယူဆပါတယ်။ ပြဿနာ ဖြေရှင်းတဲ့အခါ မိန့်ခွန်းပြောတဲနည်းကို သုံးတဲ့နေရာမှာလည်း မစ္စတာ ဘာရက် အိုဘားမား နဲ့ ဦးသိန်းစိန်တို့ အသွင်တူကြပါတယ်။

အခြားနိုင်ငံတွေက ပြုပြင်ရေးကို အမေရိကန်က ကူညီပေးနေပေမဲ့ ထင်သလို ဖြစ်မလာလို့ မြန်မာ့အသွင် ကူးပြောင်းရေးကို အိုဘားမားက ပိုပြီးစိတ်ဝင်စားတာလို့လဲ သုံးသပ်ကြပါတယ်။ အရပ်သားတပိုင်း အစိုးရကို ကူညီမယ်၊ ဖြောင့်ဖြပြောဆိုမယ်၊ အတိအလင်းဝေဖန်မယ်၊ အရေးယူသင့်ရင် အရေးယူမယ် စတဲ့ နည်းလမ်းတွေကိုသုံးပြီး ဆက်ဆံသွားမယ်ဆိုရင် မြန်မာ့ပြုပြင်ရေး အောင်မြင်ဖို့ အလားအလာရှိတယ်လို့ အိုဘားမားက ယုံကြည်နေပုံ ရပါတယ်။

လွန်ခဲ့တဲ့အပတ်ကပဲ အိုဘားမား က ဦးသိန်းစိန်ကို ဖုန်းဆက်ပြီး ပြုပြင်ရေး အရှိန်သေသွားတာမျိုး မဖြစ်စေဖို့ သတိပေးလိုက်ပါတယ်။ ဒီအတောအတွင်း အာဏာရှင်ဦးသန်းရွှေရဲ့ လူယုံတပည်ရင်း ဦးအောင်သောင်းကို ရွေးပြီး ဒဏ်ခတ်အရေးယူလိုက်ပါတယ်။ ဦးသိန်းစိန်ကလည်း နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီး တုန့်ပြန်ပါတယ်။

ဒါပေမဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အပစ်အခတ်ရပ်စဲရေး၊ မြေယာသိမ်းပိုက်မှု ရပ်ဆိုင်းရေး စတဲ့ ဖြေရှင်းရမယ့် ပြဿနာတွေနဲ့ ကျော်လွှာရမယ့် အဟန့်အတားတွေ ရှိနေသေးတာမို့ ကွန်ဂရက်လွှတ်တော်က အရေးယူလိုပါတယ်။ ဒီမိုကရေစီ ပြုပြင်ရေး မလုပ်နိုင်သေးမီမှာ အရပ်သားတပိုင်း အစိုးရနဲ့ လက်တွဲဖို့ သမ္မတအိုဘားမား က ဆုံးဖြတ်ပြီး အောင်ပွဲအဖြစ် သတ်မှတ်ကာ မြန်မာ့ပြုပြင်ရေးကို ချီးကျူးရာ မရောက်ဘဲ မိမိကိုယ်မိမိ ချီးကျူးဂုဏ်ပြုနေသလို ဖြစ်နေပါတယ်။

အာရှဗဟိုပြုလမ်းစဉ်မှာ မြန်မာကို အသားပေးပြောဆိုတာမျိုးဟာ ဂျပိုးကို လိပ်ဖြစ်အောင် ဝါဒဖြန့်တာမျိုး ဖြစ်နေတာမို့ အနှစ်သာရ ကင်းမဲ့တယ်လို့ သုံးသပ်သူလည်း ရှိပါတယ်။ ရန်ကုန်နဲ့ ဝါရှင်တန်မှာ သမ္မတအိုဘားမားနဲ့တွေ့စဉ် ဦးသိန်းစိန်က လုပ်ငန်း (၁၁) ခု ဆောင်ရွက်ဖို့ ကတိပေးခဲ့ပေမဲ့ (၁) ခုသာ ရာခိုင်နှုန်းပြည့် လုပ်နိုင်ပါတယ်။

ကုလသမဂ္ဂ အနုမြူစွမ်းအင်အေဂျင်စီရဲ့ စစ်ဆေးမှုကို လက်ခံတဲ့ သဘောတူညီချက်ကို လွန်ခဲ့တဲ့ စက်တင်ဘာလမှာ ဦးသိန်းစိန်အစိုးရ လက်မှတ်ထိုးလိုက်တာမို့ ဒီကိစ္စ (၁) ခုတည်းမှာသာ ကတိအတိုင်း ဆောင်ရွက်နိုင်တယ်လို့ အမေရိကန်အဖွဲ့အစည်းတွေက မြင်ပါတယ်။ ကျန်တဲ့လုပ်ငန်း (၁၀) ခုမှာတော့ အနည်းအကျဉ်း ဆောင်ရွက်နိုင်တာနဲ့ လုံးဝမဆောင်ရွက်နိုင်တာတွေ ရှိပါတယ်။ စစ်တပ်နဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ ဦးသိန်းစိန်အစိုးရ မစွမ်းဆောင်နိုင်တာကို တွေ့ရပါတယ်။

အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရမှုဟာ စစ်တပ်ရဲ့ စရိုက်ဆိုးကို မီးမောင်းထိုးပြလိုက်တဲ့ သာဓကတခု ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ နှိပ်စက်ညဉ်းပမ်းနေတဲ့ ဗမာအစိုးရတပ်ကို လူ့အခွင့်အရေးနဲ့ ဥပဒေအကြောင်း နားလည်းအောင် အိုဘားမားအစိုးရက သင်တန်းပေးလိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အိုဘားမားရဲ့ လမ်းစဉ်ကြောင့် အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်လာလို့ ဗမာအစိုးရဟာ အပယ်ခံဘဝကနေ လွတ်မြောက်သွားပါတယ်။ စစ်အစိုးရ လုပ်ရပ်တွေကို အသိအမှတ်ပြုသလို ဖြစ်သွားပေမဲ့ အိုဘားမားအတွက် အောင်မြင်မှုလေးတခု ဖြစ်နေပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရ အဆက်ဆက်က ထောက်ခံအားပေးခဲ့တဲ့ မြန်မာ့ဒီမိုကရေစီအရေးကတော့ မရေရာမသေချာ ဖြစ်နေကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG