စစ်အစိုးရခေတ်ကစပြီး လုပ်ငန်းရှင် (၆၀၀၀) လောက်ကို လုပ်ပိုင်ခွင့် ချပေးထားတဲ့ မြေဧက ငါးသိန်းနီးပါး ရှိတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးက လွန်ခဲ့တဲ့ အောက်တိုဘာလ လကုန်ပိုင်းက ပြောပါတယ်။ ငွေရှင်တဦးကို ပျမ်းမျှနှုန်းဧက (၇၀၀) လောက် ပေးထားတာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်သူဌေးတွေ တိုးပွားလာသလို လယ်ယာမဲ့ ဦးရေလည်း တိုးပွားနေပါတယ်။ မြေယာပြဿနာ ဖြေရှင်းဖို့အတွက် ဒီနှစ်အစောပိုင်းက အမျိုးသားမြေ အသုံးချမှု မူဝါဒကို အမျိုးသားမြေ အရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီက ကြေညာပါတယ်။ ၂၀၁၄ မှာ ထုတ်တဲ့မူကြမ်းကို မူချောအဖြစ် ထုတ်ပြန်တာ ဖြစ်ပါတယ်။
ထူးခြားချက်ကတော့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ ပါဝင်ဆွေးနွေးတာ ဖြစ်ပါတယ်။ အရင်နဲ့မတူဘဲ အရပ်ဖက်အဖွဲ့အစည်း၊ မြေယာမဏ္ဍိုင်အဖွဲ့၊ EU ဥရောပသမဂ္ဂအဖွဲ့၊ USAID အမေရိကန်အဖွဲ့၊ Swiss ဖွံ့ဖြိုးရေးအဖွဲ့ နဲ့ ကျွမ်းကျင်သူတွေ ရှစ်လ ဆွေးနွေးလို့ ထွက်ပေါ်လာတဲ့ ရလဒ် ဖြစ်ပါတယ်။ နောက်တဆင့်ကတော့ အမျိုးသားမြေဥပဒေ ပြဌာန်းဖို့ ဖြစ်ပါတယ်။ မြေအသုံးချမှု မူဝါဒ (မူကြမ်း) မှာ ဆင်းရဲပပျောက်ရေး နဲ့ စားနပ်ရိက္ခာ ဖူလုံရေးကို စဉ်းစားတာမျိုး မရှိဘဲ စီးပွားရေးသမားကြီးတွေ စိုက်ပျိုးရေးလုပ်နိုင်အောင် စီစဉ်ပေးသလို ဖြစ်နေတာလို့ အရပ်သားအသင်းအဖွဲ့တွေက မြင်ပါတယ်။
မြေအသုံးချရေး အခြေခံမူကို ဖော်ပြရာမှာ ဒေသဆိုင်ရာ အသင်းအဖွဲ့တွေ အသိအမှတ်ပြုထားတဲ့ လုပ်ကွက်ငယ် တောင်သူလယ်သမား၊ ဆင်းရဲသား၊ တိုင်းရင်းသားနဲ့ အမျိုးသမီးရဲ့ မြေလုပ်ပိုင်ခွင့်ကို ဥပဒေအရ အသိအမှတ်ပြုပြီး ကာကွယ်ရမယ်လို့ ဆိုပါတယ်။ မြေအသုံးချမှုကို ဆုံးဖြတ်ရာမှာ အများပြည်သူရဲ့ အကျိုးစီးပွားနဲ့ ပုဂ္ဂလိက ကုမ္ပဏီရဲ့ အကျိုးစီးပွား ယှဉ်ပြိုင်လာတဲ့အခါမှာ အများပြည်သူရဲ့ အကျိုးစီးပွားကို ဦးစားပေးမယ်လို့ ဆိုပါတယ်။ ပြည်သူ့အကျိုးစီးပွားကို ဘယ်လို ဦးစားပေးမယ်ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အခုအချိန်အထိတော့ ပုဂ္ဂလိက ကုမ္ပဏီကြီးတွေ စီးပွားရေးလုပ်နိုင်အောင် ပြည်သူက နေရာရွှေ့ပြောင်းပေးရတဲ့အတွက် နစ်နာဆုံးရှုံးကြပါတယ်။ မြေရာအသုံးချရေး မူဝါဒဟာ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက အဆုံးအဖြတ်ပေးရာမှာ လိုက်နာရမယ့် လမ်းညွှန်ဖြစ်တယ်လို့ ဆိုပါတယ်။
စားနပ်ရိက္ခာ ဖူလုံရေး၊ မြေယာ၊ သားငါး၊ သစ်တောဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို စီမံခန့်ခွဲရာမှာ နိုင်ငံတကာမှာ ကျင့်သုံးတဲ့ အကောင်းဆုံး လုပ်နည်းလုပ်ထုံးတွေနဲ့ လူ့အခွင့်အရေး စံတွေနဲ့အညီ ကျင့်သုံးဆောင်ရွက်ရမယ်လို့ ညွှန်ကြားထားပါတယ်။ မြေကိစ္စကို အဆုံးအဖြတ် ပေးမယ့်သူကတော့ အမျိုးသားမြေ အသုံးချမှုကောင်စီနဲ့ လက်အောက်ခံတွေဖြစ်တဲ့ ဒေသဆိုင်ရာ မြေအသုံးချမှု ကော်မတီတွေ ဖြစ်ပါတယ်။ လောလောဆယ် နစ်နာဆုံးရှုံးသူတွေအတွက် ဒီအပိုင်း (၅) ဟာ အရေးကြီးပါတယ်။ မြေသိမ်းဆည်းမှု၊ လျှော်ကြေးပေးမှု၊ ပြန်လည်နေရာချထားမှု၊ ပြန်လည်အစားထိုး ဖြည့်ဆည်းနဲ့ ပြန်လည်ထူထောင်မှုကို အပိုင်း (၅) မှာ ဖော်ပြပါတယ်။ မြို့နယ်၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုက အကျိုးသက်ဆိုင်သူတွေ၊ အရပ်ဖက်အသင်းအဖွဲ့၊ တိုင်းရင်းသားကိုယ်စားလှယ်နဲ့ ကျွမ်းကျင်သူတွေက စီမံခန့်ခွဲမယ်လို့ ဆိုပါတယ်။
ဒီလိုစီမံခန့်ခွဲတဲ့အခါမှာ အပြည်ပြည်ဆိုင်ရာ အကောင်းဆုံးနည်းလမ်းတွေနဲ့ လူ့အခွင့်အရေး စံတွေကို ကျင့်သုံးဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။ မြေအသုံးချမှု ရည်ရွယ်ချက်၊ အခြေခံမူ၊ နည်းလမ်းနဲ့ လမ်းညွှန်ချက် စတာတွေကို မညီညွှတ်တဲ့ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေ နဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်နိုင်တယ် (သို့မဟုတ်) ရုတ်သိမ်းတယ်၊ အသစ်ပြင်နိုင်တယ်လို့ ဆိုပါတယ်။ မြေသုံးမှုဝါဒ အပိုင်း (၈) မှာ တိုင်းရင်းသားလူမျိုးတွေရဲ့ မြေအသုံးချမှု အခွင့်အရေးကို အသိအမှတ် ပြုထားပါတယ်။ ဇာတိမြေကို စွန့်ခွါသွားရတဲ့ တိုင်းရင်းသားတွေ မိမိနေရပ်မှာ ပြန်လည်အခြေချတယ်ဆိုရင် မြေလုပ်ပိုင်ခွင့်နဲ့ နေထိုင်ခွင့်ပေးဖို့အတွက် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ အကောင်းဆုံး လုပ်ထုံးလုပ်နည်းတွေကို ကျင့်သုံးပြီး လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ လုပ်ကိုင်ဆောင်ရွက် ပေးရမယ်လို့ ဖော်ပြထားပါတယ်။
ရိုးရာမြေအသုံးချမှု အခွင့်အရေး အပြည့်အဝရရှိဖို့အတွက် ရိုးရာမြေအသုံးချမှုစနစ်ကို နောင်တွင်ပြဌာန်းမယ့် အမျိုးသားမြေ ဥပဒေမှာ ထည့်သွင်းရမယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ကို ကြိုဆိုရမှာ ဖြစ်ပေမယ့် အမျိုးသားမြေဥပဒေမှာ မထည့်သွင်းမီ မြေစီမံခန့်ခွဲတဲ့ ဗဟိုချုပ်ကိုင်မှု အာဏာကို လျှော့ပေးရေးနဲ့ အခြေခံဥပဒေက မြေသဘောတရားကို အရင်ဆုံး ပြင်ဆင်ဖို့ လိုတယ်လို့ တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် Ethnic Community Development Forum က ဇူလိုင်လထုတ် (၇၂) မျက်နှာ Our Customary Land စာတမ်းမှာ အကြံပေးထားပါတယ်။ မြို့နယ် (၂၆) ခုမှာ (၂) နှစ် လေ့လာပြီး ရေးထားတာ ဖြစ်ပါတယ်။
ရိုးရာမြေ စီမံခန့်ခွဲမှုစနစ်ဟာ အမျိုးသားစနစ်နဲ့ ယှဉ်တွဲတည်ရှိနေတာ ရာစုနှစ်နဲ့ ချီနေပြီလို့ ဆိုပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်က ပြဌာန်းထားတဲ့ မြေဥပဒေတွေဟာ မြေယာသိမ်းဆည်းမှုကို အားပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမျိုးသားမြေဥပဒေ၊ အခြေခံဥပဒေ ပြင်ဆင်ချက်နဲ့ ငြိမ်းချမ်းရေး သဘောတူချက်တွေ မပေါ်ပေါက်သေးခင်မှာ ရိုးရာမြေစီမံခန့်ခွဲမှုစနစ် ကျင့်သုံးတဲ့ဒေသတွေမှာ မြေသိမ်းဆည်းမှုကို အစိုးရက ပိတ်ပင်ထားသင့်တယ်လို့ တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် က တင်ပြထားပါတယ်။ မြေအသုံးချမှု မူဝါဒဟာ လမ်းညွှန်သဘောသာ ဖြစ်တဲ့အတွက် လက်တွေ့ကျင့်သုံးတဲ့အခါမှာ နှောင့်နှေးကြန့်ကြာနိုင်တာကြောင့် မြေသိမ်းဆည်းမှုကို ချက်ချင်းရပ်တန့်ဖို့ အကြံပေးတာ ဖြစ်ပုံရပါတယ်။