လာမယ့် ၂၀၁၅ နှစ်ကုန်မှာ အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community) ကို တည်ထောင်ဖို့ လွန်ခဲ့တဲ့ (၁၄) နှစ်က စင်္ကာပူအာဆီယံထိပ်သီးညီလာခံမှာ စီမံကိန်းချမှတ်ခဲ့ပါတယ်။ ရှေ့နှစ်ကုန်မှာ အာဆီယံစီးပွားရေးအသိုက်အဝန်း စတင်ပေါ်ထွက်လာမယ့်သဘော ဖြစ်ပါတယ်။ လိုအပ်ချက်တွေကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ဖို့ အရေးကြီးကြောင်း အာဆီယံဥက္ကဋ္ဌ ဦးသိန်းစိန်က ထိပ်သီးညီလာခံမှာ ပြောသွားပါတယ်။ တခုတည်းသောဈေးကွက်နဲ့ ထုတ်လုပ်မှုအခြေခံဒေသ ဖြစ်ပေါ်ရေး၊ ကုန်ထုတ်စွမ်းအားယှဉ်ပြိုင်နိုင်ရေး၊ တရားမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေး စတာတွေကို ဦးတည်ထားပါတယ်။
အာဆီယံ စီးပွားရေးအသိုက်အဝန်း ထူထောင်ဖို့ မြန်မာက ပြင်ဆင်နေတာ (၈၅) ရာခိုင်နှုန်း ပြီးစီးနေပြီလို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ပြောတာကိုလည်း ပြည်တွင်းသတင်းစာစောင်တွေမှာ မကြာခဏ ဖော်ပြကြပါတယ်။ ဒါပေမဲ့ အခြားစီးပွားရေးသတင်းတွေနဲ့ နိုင်ငံခြားက လေ့လာချက်တွေကိုကြည့်ရင် မြန်မာ့အခြေအနေကို ခန့်မှန်းနိုင်ပါတယ်။ ဥပဒေစည်းမျဉ်းနဲ့ လက်တွေ့ကွာခြားတာဟာ မြန်မာပြည်မှာ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပါတယ်။ အာဆီယံရုံးချုပ်ရဲ့ အကူအညီနဲ့ မြန်မာအမှုထမ်းတွေ နိုင်ငံခြားမှာ သင်တန်းတက်ပြီး ပြည်တွင်းမှာ ဟောပြောပွဲလုပ်တဲ့အဆင့် ရောက်နေတာတော့ သေချာပါတယ်။
စီးပွားရေး လုပ်ရကိုင်ရတာ အဆင်ပြေမှုကို တိုင်းတာတဲ့စစ်တမ်း (Doing Business 2014) ကို ကမ္ဘာ့ဘဏ်က မကြာမီက ထုတ်ပြန်ထားပါတယ်။ နိုင်ငံပေါင်း (၁၈၉) နိုင်ငံမှာ စီးပွားရေးလုပ်တာ အဆင်ပြေမှုကို ကိန်းစဉ်အလိုက် ဖော်ပြထားပါတယ်။ စီးပွားရေးလုပ်လို့ အကောင်းဆုံးနိုင်ငံဟာ စင်္ကာပူ ဖြစ်ပါတယ်။ ဟောင်ကောင် က ဒုတိယ၊ နယူးဇီလန်းက က တတိယ၊ အမေရိကန် က စတုတ္ထ ဖြစ်ပါတယ်။ မလေးရှားက ဆဌမ၊ ထိုင်းနိုင်ငံ က (၁၆)၊ ဘရူးနိုင် က (၅၉)၊ ဗိယက်နမ် က (၉၉)၊ ဖိလစ်ပိုင် က (၁၀၈)၊ အင်ဒိုနီးရှား (၁၂၀)၊ ကမ္ဘောဒီးယား (၁၃၇)၊ လာအို (၁၅၉) နဲ့ မြန်မာ (၁၈၂) ဖြစ်ပါတယ်။ အာဆီယံ (၁၀) နိုင်ငံမှာ စီးပွားရေးလုပ်ငန်း တိုးတက်ဖွံ့ဖြိုးဖို့ အခက်အခဲဆုံးနိုင်ငံဟာ မြန်မာဖြစ်နေပါတယ်။ ကမ္ဘာ့ဘဏ် က လေ့လာတဲ့ (၁၈၉) နိုင်ငံထဲမှာ မြန်မာထက်ဆိုးတာ အာဖရိက (၇) နိုင်ငံပဲ ရှိပါတယ်။
အာဆီယံ (၁၀) နိုင်ငံဟာ စွမ်းရည်ချင်း အလွန်ကွာခြားပါတယ်။ ဥပမာ ထောက်ပံ့ဖြည့်တင်းနိုင်မှုစွမ်းရည် Logistics Performance ကို (၁၅၅) နိုင်ငံမှာ ကမ္ဘာ့ဘဏ်က (၂၀၁၀) မှာ စစ်တမ်းကောက်တဲ့အခါမှာ စင်္ကာပူက ဒုတိယဖြစ်ပြီး မြန်မာ့အဆင့်က (၁၃၃) ဖြစ်ပါတယ်။ ADB အာရှဖွံ့ဖြိုးရေးဘဏ် နဲ့ အရှေ့တောင်အာရှ လေ့လာရေးဌာန ပူးတွဲပြီး ပညာရှင် (၁၅) ဦးကို အာဆီယံအသိုက်အဝိုင်းကို အကဲဖြတ်ခိုင်းပါတယ်။ သူတို့ရဲ့ အကဲဖြတ်ချက် စာမျက်နှာ (၅၀၀) ကျော်ကို စာအုပ်ထုတ်ဝေထားပါတယ်။ အာဆိယံ စီးပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်ရာမှာ ခရီးမရောက်နိုင်တာတွေ အများကြီး ရှိနေတာ တွေ့ရပါတယ်။ အာဆီယံနိုင်ငံအချင်းချင်း ကုန်သွယ်ရာမှာ အကောက်ခွန်ကင်းလွတ်ခွင့် ရှိရမှာ ဖြစ်ပေမယ့် တချို့နေရာမှာ အကောက်ခွန်ယူနေတုန်းပဲလို့ ဆိုပါတယ်။ ဈေးကွက်တခုတည်းဖြစ်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။
ကုန်သွယ်ရေးမှာ အခွန်တော်ကင်းလွတ်ဖို့ ကြိုးစားနေတဲ့ အာဆီယံနိုင်ငံတွေဟာ အကောက်ခွန်တိုးယူလို့ မဖြစ်ပါဘူး။ ဒါကြောင့် မိမိလုပ်ငန်းကို ကာကွယ်ပြီး နိုင်ငံခြားပစ္စည်းကို ဟန့်တားရာမှာ စည်းမျဉ်းစည်းကမ်းနဲ့ ကန့်သတ်ချက်တွေ ထုတ်ကြပါတယ်။ ဒါတွေဟာ အခွန်မဟုတ်တဲ့ အဟန့်အတားတွေ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံအချင်းချင်း ကုန်သွယ်ရာမှာ ပြဌာန်းထားတဲ့ စည်းမျဉ်းတွေ များလွန်တဲ့အတွက် အာဆီယံကို တခုတည်းသော ဈေးကွက်အဖြစ် အသွင်ပြောင်းရေး စီမံကိန်းဟာ တိုးတက်မှု မရှိသလောက် ဖြစ်နေတယ်လို့ ဖိလစ်ပိုင်နိုင်ငံက ဘောဂဗေဒပါမောက္ခ Myma Austria က ဆိုပါတယ်။ အခွန်မကောက်ပေမယ့် စည်းကမ်းသတ်မှတ်ချက်တွေ များလာတဲ့အတွက် ၂၀၁၅ နှစ်ကုန်မှာ အာဆီယံပူးပေါင်းရေးနဲ့ အသိုက်အဝန်း တည်ထောင်ရေးကို ကြန့်ကြာစေလိမ့်မယ်လို့ ဆိုပါတယ်။
အကောင်အထည်ပေါ်ဖို့ အခက်အခဲတွေ များလွန်တာကြောင့် ၂၀၁၅ ကို အာဆီယံ စီးပွားရေးအသိုက်အဝန်း အကောင်အထည်ပေါ်နိုင်တဲ့နှစ်လို့ မသတ်မှတ်ဘဲ ရှည်လျားလှတဲ့ အာဆီယံခရီးရဲ့ မှတ်တိုင်တခုအနေနဲ့သာ သတ်မှတ်သင့်တယ်လို့ ADB အာရှဖွံ့ဖြိုးရေးဘဏ် အရာထမ်း Iwan Azis က ဆိုပါတယ်။ ဗမာအစိုးရကတော့ ၂၀၀၆ မှာ ဥက္ကဋ္ဌ မလုပ်ရလို့ သိက္ခာကျခဲ့ရတာကို ပြန်လည်အဖက်ဆယ်နိုင်ဖို့ကသာ အရေးကြီးနေပုံ ရပါတယ်။ ဗမာအစိုးရအဖို့ ဂုဏ်ယူဝင့်ကြွားစရာလည်း ဖြစ်နေပါတယ်။ အဖွဲ့ဝင်ဖြစ်ပြီး (၁၇) နှစ်ကြာမှ ပထမဆုံးအကြိမ် အလှည့်ကျ ဥက္ကဋ္ဌ လုပ်ရတာကို ဂုဏ်ယူမိတယ်လို့ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် လွန်ခဲ့တဲ့ မေလ က ကျင်းပတဲ့ညီလာခံမှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၆ မှာ အာဆီယံနိုင်ငံအချင်းချင်း ပြိုင်ဆိုင်တာတွေ များလာမှာမို့ အမြတ်အစွန်းရတာလည်း နည်းသွားနိုင်ပါတယ်။ ဒေသဆိုင်ရာနဲ့ရော ကမ္ဘာ့ဈေးကွက်နဲ့ရော အဆက်အသွယ်ရှိပြီးသားဖြစ်တဲ့ ကုမ္ပဏီကြီးတွေသာ အာဆီယံ စီးပွားရေးအသိုက်အဝန်းမှာ အများဆုံး အကျိုးခံစားရလိမ့်မယ်လို့ လွန်ခဲ့တဲ့ (၆) လက ထုတ်ပြန်တဲ့ Deutshe Bank အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အာဆီယံဈေးကွက်ကြီး တည်ထောင်လိုက်လို့ ပြည်တွင်းစီးပွားရေးပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ပါဘူး။ နိုင်ငံတခုစီရဲ့ အခြေအနေကိုလိုက်ပြီး အကျိုးသက်ရောက်မှု အမျိုးမျိုးရှိနိုင်ပါတယ်။