ဘန်ကောက်အခြေစိုက် UNESCO ကုလသမဂ္ဂအဖွဲ့ခွဲနဲ့ Copenhagen အခြေစိုက် IMS မီဒီယာကူညီရေးအဖွဲ့တို့ ပူးပေါင်းပြီး မြန်မာ့မီဒီယာကို အကဲဖြတ်တဲ့စာတမ်းတစောင် မကြာမီက ထုတ်ဝေလိုက်ပါတယ်။ ၂၀၁၄ မေလက ၂၀၁၆ ဧပြီလအထိ (၂) နှစ်နီးပါး အချိန်ယူပြီး သုတေသီ (၃၂) ဦးက လေ့လာသုံးသပ်ထားတဲ့ (၁၃၂) မျက်နှာစာတမ်း ဖြစ်ပါတယ်။ မီဒီယာတိုးတက်ဖွံ့ဖြိုးမှုကို အကဲဖြတ်ရာမှာ UNESCO အဖွဲ့က သတ်မှတ်ထားတဲ့ စံနှုန်းတွေအပေါ်မှာ အခြေခံတယ်လို့ ဆိုပါတယ်။ စာတမ်းအမည်က Assessment of Media Development in Myanmar ဖြစ်ပြီး ဘက်ပေါင်းစုံက အကဲဖြတ်ထားတာ ဖြစ်ပါတယ်။
စာတမ်းပါ ဆွေးနွေးချက်တွေဟာ မြန်မာ့လူ့ဘောင်တခုလုံး အမြဲတမ်း ရှင်သန်တိုးတက်ဖို့အတွက် အရေးကြီးတယ်လို့ UNESCO က ယုံကြည်ကြောင်း Director Gwang-ju Kim က နိဒါန်းမှာ ရေးထားပါတယ်။ မီဒီယာပါဝင်နိုင်တဲ့ အခန်းကဏ္ဍကို အမျိုးအစား (၅) မျိုးခွဲပြီး တင်ပြထားပါတယ်။ သင့်တော်တဲ့ စည်းမျဉ်းရှိရေးဟာ ပထမအမျိုးအစား ဖြစ်ပါတယ်။ စာပေစီစစ်ရေးကို ဖျက်သိမ်းပြီး မီဒီယာဥပဒေတွေ ပြဌာန်းလာလို့ လွတ်လပ်စွာ တင်ပြလာကြပေမယ့် ကိုလိုနီခေတ် ဥပဒေတွေကိုသုံးပြီး ထောင်ချနိုင်တာမို့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကိစ္စမှာ မရေရာမသေချာတာတွေ အများကြီး ရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာ့မီဒီယာလောကမှာ စာနယ်ဇင်း၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြား စသဖြင့် အမျိုးမျိုးရှိပြီး ပိုင်ဆိုင်မှုအမျိုးမျိုးရှိနေလို့ ပြဿနာပေါ်ပုံကို တင်ပြထားပါတယ်။ စာနယ်ဇ ပုဂ္ဂလိကတွေကို လုပ်ပိုင်ခွင့်လိုက်ပေမယ့် အရင်းအနှီးနဲ့ ဖြန့်ဖြူးရေးအင်အားကောင်းတဲ့ အစိုးရသတင်းစာတွေက ဆက်ပြီးလွှမ်းမိုးနေတာကြောင့် ပုဂ္ဂလိက သတင်းစာတွေ တိုးတက်ဖွံ့ဖြိုးဖို့ အခက်အခဲ ရှိတယ်လို့ ဆိုပါတယ်။ ရေဒီယိုနဲ့ ရုပ်မြင်သံကြားလုပ်ငန်းဟာ အစိုးရပိုင်အဖြစ် စတင်ခဲ့တဲ့ မီဒီယာတွေဖြစ်တာမို့ ပုဂ္ဂလိက လုပ်ခွင့်ရလာတော့လည်း အစိုးရနဲ့ လက်တွဲတဲ့ ဖက်စပ်လုပ်ငန်းအဖြစ် ပေါ်ထွက်လာပါတယ်။ ရေဒီယို၊ ရုပ်မြင်သံကြားတခုချင်း ပြန်ကြားရေးဌာနနဲ့ တိတ်တဆိတ်ကန်ထရိုက် လုပ်တာမို့ စစ်အစိုးရရဲ့ ခရိုနီတွေကိုသာ ဒီလုပ်ငန်းမှာ ကြီးစိုးကြပါတယ်။ VOA, RFA နဲ့ BBC တို့ရဲ့ အခန်းကဏ္ဍကိုတော့ စာတမ်းမှာ ချန်လှပ်ထားပါတယ်။
ဒီမိုကရေစီဓလေ့ ရှင်သန်ရေးမှာ မီဒီယာဟာ စတုတ္ထမဏ္ဍိုင်အဖြစ် တာဝန်ထမ်းဆောင်နိုင်ပုံကို တင်ပြထားပါတယ်။ ပုံနှိပ်မီဒီယာမှာ မြန်မာ့အလင်းနဲ့ကြေးမုံက လက်ဝါးကြီးအုပ်ထားပြီး၊ ရေဒီယိုနဲ့ ရုပ်သံမှာ MRTV က တိုင်းရင်းသားဘာသာအားလုံးကို ထုတ်လွှင့်နေပါတယ်။ ပြည်သူလူထုအများစုဟာ အစိုးရပြောတဲ့သတင်းကို အများဆုံး ကြားရပါတယ်။ ဒီလိုအခြေအနေမှာ ဘက်ပေါင်းစုံက သတင်းရဖို့ အခက်အခဲအများကြီး ရှိပါတယ်။ ဖက်စပ်ရုပ်သံလွှင့်ဌာနတွေဟာ ဖျော်ဖြေရေးကိုသာ အဓိကထားကြပါတယ်။ ရှိနေတဲ့ မီဒီယာကောင်စီတွေဟာ အဆင့်အတန်းရှိဖို့နဲ့ ဘက်မလိုက်ဖို့ တာဝန်မယူနိုင်သေးပါဘူး။ အစိုးရသတင်းစာဟာ မြေသိမ်းမှု၊ အဂတိလိုက်စားမှုနဲ့ မူးယစ်ဆေးအမှုကို ဖော်ပြတာကနည်းပြီး အစိုးရကို အမွှန်းတင်တာ များပါတယ်။ ဒါပေမဲ့ အစိုးရပေးတဲ့ သတင်းကို အများပြည်သူက ယုံကြည်ကြပါတယ်။
လုံခြုံစိတ်ချစွာ အေးအေးဆေးဆေး အလုပ်မလုပ်နိုင်တဲ့ မီဒီယာသမားကို ဘက်မလိုက်ဘဲ အမှန်တရား ဖော်ထုတ်လိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။ သတင်းအမှန်ဖော်ပြဖို့ထက် မိမိအန္တရာယ်ကင်းရေးကပိုပြီး အရေးကြီးနေပါတယ်။ မီဒီယာလွတ်လပ်ခွင့် မြှင့်တင်ဖို့ အစိုးရက ကြိုးပမ်းပေမယ့် ရဲတပ်ဖွဲ့ အထူးသဖြင့် SB အထူးတပ်ဖွဲ့နဲ့ စစ်တပ်က မီဒီယာသမားတွေကို အန္တရာယ်ပေးနေဆဲ ဖြစ်ပါတယ်။ မီဒီယာလောကမှာ အရေးအတွက်များသလောက် အရည်အသွေး နည်းပါးနေတာကိုလည်း ဆန်းစစ်ထားပါတယ်။ မြန်မာပြည်မှာ မီဒီယာသမား (၄၀၀၀) ကျော် ရှိတယ်လို့ ခန့်မှန်းပေမယ့် အများစုဟာ ဝါရင့်သတင်းသမားတွေ မဟုတ်ပါဘူး။ အခြေခံမီဒီယာသင်တန်းနဲ့ အခြေခံအင်္ဂလိပ် စကားပြောသင်တန်းတွေပေးဖို့ အပူတပြင်း လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ မီဒီယာအသင်းတွေလည်း တတ်နိုင်ပုံမရဘူးလို့ ဆိုပါတယ်။
လွတ်လပ်တဲ့သတင်းမီဒီယာ ရှင်သန်ကြီးထွားရေးအတွက် မီဒီယာအခြေခံအဆောက်အအုံ မလုံမလောက် ဖြစ်နေပုံကိုလည်း တင်ပြထားပါတယ်။ Telecom လုပ်ငန်းကို ပုဂ္ဂလိကပိုင် လုပ်လိုက်တဲ့အတွက် မြန်မာပြည်မှာ Telecom ကုမ္ပဏီကြီး (၃) ခု ရှိလာပြီး လက်ကိုင်ဖုန်း ဈေးကျလာတဲ့အတွက် သုံးစွဲသူ (၂၉) သန်းလောက် ရှိတယ်လို့ မနှစ်က ခန့်မှန်းပါတယ်။ Internet ကို အခြေခံတဲ့ Facebook, Messenger, Email စတာတွေ အသုံးများလာပါတယ်။ ဒါပေမဲ့ ကျေးလက်မှာတော့ ရေဒီယို နဲ့ ရုပ်သံကို အားကိုးကြပါတယ်။ လက်ကိုင်ဖုန်းသုံးမှုမှာ မြို့ပြက (၆၃) ရာခိုင်နှုန်းဖြစ်ပြီး ကျေးလက်က (၂၇) ရာခိုင်နှုန်း ရှိပါတယ်။
Internet သုံးတဲ့ အတိုင်းအတာကို သိနိုင်ဖို့ ခက်ခဲပေမယ့် လက်ကိုင်ဖုန်း အသုံးများလာသလို Internet သုံးစွဲမှုလည်း တိုးပွားလာလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ ကမ္ဘာ့ Internet နဲ့ ဆက်သွယ်နိုင်ဖို့အတွက် ရေအောက်ကြိုးနဲ့ စင်္ကာပူကို ဆက်သွယ်ထားပြီး မြေပေါ်ကြိုးနဲ့ ထိုင်းကို ဆက်သွယ်ထားပါတယ်။ Internet သုံးစွဲမှု တိုးပွားလာတယ်ဆိုပေမယ့် အပြည်ပြည်ဆိုင်ရာ Telecom သမဂ္ဂရဲ့ ၂၀၁၃ စာရင်းအရ (၁၆၆) နိုင်ငံမှာ မြန်မာ့အဆင့်ဟာ (၁၅၀) ဖြစ်နေပြီး ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ (၂၀၁၄) စာရင်းမှာ (၁၄၈) နိုင်ငံမှာ မြန်မာ့အဆင့်က (၁၄၆) ဖြစ်နေလို့ Internet မှာ မြန်မာဟာအဆင့် အနိမ့်ဆုံး ဖြစ်နေပါတယ်။