ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းပြီး ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်စုစုပေါင်း (၆၆၄) ဦး ရှိတဲ့အနက် တဝက်ကျော် (သို့မဟုတ်) (၅၁) ရာခိုင်နှုန်းက ထောက်ခံသူဟာ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး အစိုးရ ဖွဲ့နိုင်မှာ ဖြစ်ပါတယ်။ NLD ပါတီ သမ္မတအစိုးရ ဖွဲ့စည်းနိုင်ဖို့အတွက် အနည်းဆုံး ကိုယ်စားလှယ် (၃၃၃) ဦး (သို့မဟုတ်) (၅၁) ရာခိုင်နှုန်းရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။ ကြံ့ဖွံ့ တဖြစ်လဲ ပြည်ခိုင်ဖြိုးပါတီကတော့ အနည်းဆုံး ကိုယ်စားလှယ် (၁၆၇) ဦး သို့မဟုတ် (၂၆) ရာခိုင်နှုန်း ရရုံနဲ့ စစ်တပ်ကိုယ်စားလှယ် (၁၆၆) ဦးနဲ့ပေါင်းရင် (၅၁) ရာခိုင်နှုန်းရပြီး သမ္မတအစိုးရ ဖွဲ့နိုင်မှာ ဖြစ်ပါတယ်။
အထွေထွေရွေးကောက်ပွဲဟာ သမ္မတအစိုးရကို ဖွဲ့စည်းနိုင်တာ မဟုတ်ဘဲ လွှတ်တော်ကသာ သမ္မတသစ်ကို ရွေးချယ်တင်မြှောက်နိုင်ပါတယ်။ သမ္မတ မရွေးမီ ဒုသမ္မတကို အရင်ရွေးရပါတယ်။ ပြည်သူ့လွှတ်တော်အမတ် ပါဝင်တဲ့အစုအဖွဲ့၊ အမျိုးသားလွှတ်တော်အမတ် ပါဝင်တဲ့အစုအဖွဲ့ နဲ့ စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့စတဲ့ အဖွဲ့ (၃) ဖွဲ့ဟာ ဒု-သမ္မတ (၃) ဦးကို အရင်ဆုံး ရွေးချယ်တင်မြှောက်ရပါတယ်။ နောက်တော့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ရွေးပွဲကျင်းပပြီး မဲအများဆုံးရတဲ့ ဒုသမ္မတ က သမ္မတ ဖြစ်လာပါတယ်။ ဒုတိယ မဲအများဆုံးရသူက ဒုသမ္မတ (၁) ဖြစ်လာပြီး၊ မဲအနည်းဆုံးရသူက ဒုသမ္မတ (၂) ဖြစ်လာပါတယ်။
လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ် (၁၆၆) ဦး ရှိနေတာမို့ ကျန်ကိုယ်စားလှယ် (၄၉၈) ဦးအတွက် ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ မညီမျှတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဖန်တီးထားတာမို့ စစ်တပ်ကိုယ်စားလှယ် ထောက်ခံတဲ့ပါတီဟာ ကိုယ်စားလှယ်အများစုမရလည်း အစိုးရဖွဲ့နိုင်မယ့်သဘော ရှိပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄၄၀) ဦးမှာ NLD ဟာ အနည်းဆုံး ကိုယ်စားလှယ် (၂၂၁) ဦး သို့မဟုတ် (၅၁) ရာခိုင်နှုန်းရမှ ဒုသမ္မတ တင်မြှောက်နိုင်ပါလိမ့်မယ်။ ပြည်ခိုင်ဖြိုးကတော့ အနည်းဆုံးကိုယ်စားလှယ် (၁၁၁) ဦး သို့မဟုတ် (၂၆) ရာခိုင်နှုန်းရရုံနဲ့ စစ်တပ်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းပေါင်းပြီး ဒုသမ္မတကို ရွေးချယ်တင်မြှောက်နိုင်ပါတယ်။ ရွေးကောက်ပွဲဝင်တဲ့အမတ် (၃၃၀) မှာ NLD ဟာ အနည်းဆုံး ကိုယ်စားလှယ် (၂၂၁) ဦး သို့မဟုတ် (၆၇) ရာခိုင်နှုန်း အနိုင်ရမှ ဒုသမ္မတကို တင်မြှောက်နိုင်မှာ ဖြစ်ပါတယ်။
ကိုယ်စားလှယ် (၆၆၄) ဦးရှိတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ရွေးချယ်တင်မြှောက်ရာမှာ NLD ဟာ အနည်းဆုံး ကိုယ်စားလှယ် (၃၃၃) ဦး သို့မဟုတ် (၅၁) ရာခိုင်နှုန်း ထောက်ခံမှသာ အစိုးရ ဖွဲ့နိုင်မှာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးကတော့ ကိုယ်စားလှယ် (၁၆၇) ဦး သို့မဟုတ် (၂၆) ရာခိုင်နှုန်းရရုံနဲ့ စစ်တပ်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းနဲ့ပေါင်းပြီး အစိုးရဖွဲ့နိုင်ပါတယ်။ ဒါကြောင့်မို့ ဒုသမ္မတ တင်မြှောက်နိုင်ဖို့အတွက် NLD ဟာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမှာ အနည်းဆုံး (၆၇) ရာခိုင်နှုန်းနိုင်ဖို့လိုပြီး လွှတ်တော်နှစ်ရပ်ပေါင်း ကျင်းပတဲ့ သမ္မတရွေးပွဲမှာ (၅၁) ရာခိုင်နှုန်း ထောက်ခံမှုရမှသာ အစိုးရ ဖွဲ့နိုင်ပါလိမ့်မယ်။ ပြည်ခိုင်ဖြိုးကတော့ (၂၆) ရာခိုင်နှုန်းရရုံနဲ့ အစိုးရ ဖွဲ့နိုင်မယ့်အခြေအနေ ရှိပါတယ်။
ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ် (၃၃၀) သာရှိပြီး သမ္မတ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်ဦးရေက (၃၃၃) ဦး ဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်နေရာအားလုံး နိုင်ရင်တောင် NLD ဟာ အစိုးရ မဖွဲ့နိုင်သေးပါဘူး။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ရာခိုင်နှုန်းပြည့်တဲ့ပါတီကို အစိုးရဖွဲ့လို့မရအောင် လုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်မှာ အပြတ်အသတ်နိုင်ရင်တောင် NLD ဟာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ရဲ့ ထောက်ခံချက် လိုအပ်ပါတယ်။ အကြံ့အဖန်မလုပ်ရင် ကြံ့ဖွံ့ တဖြစ်လဲ ပြည်ခိုင်ဖြိုးဟာ ရွေးကောက်ပွဲနိုင်ဖို့ အလားအလာ မရှိပါဘူး။ ပြည်ခိုင်ဖြိုးဟာ အခွင့်ထူးခံ လူတန်းစားပါတီ ဖြစ်နေတာမို့ လူထုဆန္ဒမဲရဖို့ အခက်အခဲရှိတယ်လို့ သုံးသပ်ကြပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးသြဇာခံ နေပြည်တော်မဲဆန္ဒနယ်မြေ (၄) ခုစလုံးမှာ NLD နိုင်သွားတာဟာ အာဏာရပါတီအတွက် အလွန်စိုးရိမ်စရာ ဖြစ်လာပါတယ်။
ဒါကြောင့်မို့ ပြည်ခိုင်ဖြိုးပါတီဟာ မသမာနည်းမျိုးစုံသုံးပြီး ကိုယ်စားလှယ်နေရာ (၁၆၇) နေရာ အနိုင်ရအောင် ကြိုးပမ်းလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ စစ်တပ်ကိုယ်စားလှယ် (၁၆၆) ဦးပေါင်းရင် (၃၃၃) ဦး ဖြစ်သွားပြီး အစိုးရ ဖွဲ့နိုင်ပါလိမ့်မယ်။ ကျန်တဲ့ကိုယ်စားလှယ် (၃၃၁) နေရာကို NLD နဲ့ အခြားပါတီတွေက ရရှိပါလိမ့်မယ်။ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ အများစုကို အနိုင်ရပေမယ့် နိုင်ငံရေးအာဏာကို မရနိုင်အောင် တမင်လုပ်ထားတဲ့စနစ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲနိုင်သူက အစိုးရမဖွဲ့နိုင်ဘဲ လွှတ်တော်က တင်မြှောက်တဲ့ သမ္မတကသာ အစိုးရဖွဲ့နိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
သမ္မတလောင်းဖြစ်မယ့် ဒုသမ္မတ (၃) ဦးကို ရွေးချယ်တင်မြှောက်ရာမှာ စစ်တပ်ကိုယ်စားလှယ်ဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တန်းတူရည်တူ ဖြစ်နေပါတယ်။ စစ်တပ်ကိုယ်စားလှယ်က တင်မြှောက်သူဟာ ဒုသမ္မတနေရာကို အမြဲတမ်းရနေမှာ ဖြစ်ပါတယ်။ အရပ်သားအမတ်တွေထဲမှာ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်နေတာ တွေ့ရှိရပေမယ့် စစ်တပ်ကိုယ်စားလှယ်ကတော့ အမြဲတမ်း ရာခိုင်နှုန်းပြည့်ရှိနေတာဟာ တပန်းသာတဲ့အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးချိန်နဲ့ သမ္မတအစိုးရ ဖွဲ့ချိန်ဟာ (၄) လလောက် ကွာခြားတာမို့ ကြားကာလမှာ အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။