သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မီးသွေး အန္တရာယ်


ကျောက်မီးသွေး အန္တရာယ်
please wait

No media source currently available

0:00 0:04:49 0:00
တိုက်ရိုက် လင့်ခ်


လာမယ့် အောက်တိုဘာလလယ်မှာ အပြည်ပြည်ဆိုင်ရာ သတ္တုတွင်းညီလာခံ ရန်ကုန်မှာ ကျင်းပပါလိမ့်မယ်။ သယံဇာတ ထုတ်ယူမှု ဥပဒေ၊ အတတ်ပညာနဲ့ ထုတ်ယူတဲ့ နည်းလမ်းတွေကို ဆွေးနွေးလိမ့်မယ်လို့ သိရပါတယ်။ ဒီအထဲမှာ လူ့အဖွဲ့အစည်းကို အန္တရာယ်အများဆုံးပေးနိုင်တဲ့ ကျောက်မီးသွေးအကြောင်း ဆွေးနွေးမလားဆိုတာတော့ မသိရသေးပါဘူး။ ကျောက်မီးသွေးသုံး စက်ရုံကသာ လျှပ်စစ်ဓါတ်အား မြန်မြန်ဆန်ဆန် ထုတ်ပေးနိုင်တယ်လို့ လွန်ခဲ့တဲ့ ဇန်နဝါရီက ကျင်းပတဲ့ လျှပ်စစ်စွမ်းအားညီလာခံမှာ စွမ်းအင်ဝန်ကြီးဌာနက ပြောသွားပါတယ်။ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တိုးချဲ့မယ့်ပုံ ရှိပါတယ်။

ဒေသခံပြည်သူလူထု ကန့်ကွက်တာကို ဂရုမစိုက်ဘဲ တည်ဆောက်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တီဂျစ် ကျောက်မီးသုံးစက်ရုံရဲ့ သတင်းဆိုးတွေကြောင့် ကျောက်မီးသွေးကို လက်မခံချင်ကြပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ ကျောက်မီးသွေး တူးတဲ့ကိစ္စကို တောင်ကြီးမြို့မှာ ဇူလိုင်လက ကျင်းပတဲ့ ပြည်သူလွှတ်တော်မှာ မေးမြန်းတဲ့အခါ နေပြည်တောကိုသာ မေးဖို့ အကြောင်းပြန်တယ်လို့ သိရပါတယ်။ ရှမ်းပြည်အစိုးက မပြောချင်လိုလား။ တကယ်မသိလို့လားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။

ကျောက်မီးသွေး (၄) မျိုးလောက် ရှိပေမယ့် အကြမ်းအားဖြင့် အပျော့မျိုး နဲ့ အမာဆိုပြီး နှစ်မျိုး ခွဲနိုင်ပါတယ်။ အပျော့စား အညှိရောင် ကျောက်မီးသွေးဟာ ပတ်ဝန်းကျင်ကို အထိခိုက်ဆုံးပါ။ မြန်မာပြည်က ကျောက်မီးသွေးဟာ အပျော့စားဖြစ်လို့ ပတ်ဝန်းကျင်ကို အများဆုံး ညစ်ညမ်းစေတဲ့အတွက် လူထုဆန္ဒပြ ကန့်ကွက်ပွဲတွေ ရှိနေတာ ဖြစ်ပါတယ်။ ကျောက်မီးသွေးတွင်းတွေဟာ ဟင်းလင်းပွင့်တွင်း ဖြစ်တာမို့ မြေပေါ်က တူးယူရပြီး ထုတ်ယူတဲ့ ပမာဏများလေလေ တူးယူတဲ့နေရာ ကျယ်ဝန်းလေလေ ဖြစ်ပါတယ်။ ဥပမာ (၂၀၀၅) မှာ ပြီးစီးတဲ့ တီဂျစ်ဓါတ်အားစက်ရုံဟာ ဒေသခံလူ့အဖွဲ့အစည်းကို ဒုက္ခပေးရာမှာ နာမည်ဆိုး အထွက်ဆုံး ဖြစ်ပါတယ်။ တီဂျစ်ကျောက်မီးသွေး လုပ်ငန်းကြောင့် ပတ်ဝန်းကျင် ပျက်စီးရပုံကို ပအို့ဝ်လူငယ်အဖွဲ့က (၂၀၁၁) မှာ အစီရင်ခံစာ ထုတ်ပြန်ဖူးပါတယ်။ တီဂျစ်စက်ရုံကို ရပ်ဆိုင်းဖို့ ဒေသခံတွေနဲ့ အရပ်သားအသင်းဖွဲ့တွေက အခုအထိ တောင်းဆိုနေကြတုန်း ဖြစ်ပါတယ်။

ကျောက်မီးသွေးလုပ်ငန်းကထွက်တဲ့ မီးခိုနဲ့ အမှုန့်ဟာ လေရေထုကို ညစ်ညမ်းစေတာမို့ လူထုကျန်းမာရေးကို အန္တရာယ်ပေးပါတယ်။ အပျော့စားဖြစ်တဲ့အတွက် ကျောက်မီးသွေး ပုံအလိုလို မီးလောင်လို့ ထွက်လာတဲ့ အနံ့ဆိုးဟာ အတော်ဒုက္ခပေးပါတယ်။ ကျောက်မီးသွေးစက်ရုံကထွက်တဲ့ မီးခိုမှာ ပါလာတဲ့ အဆိပ်ဓါတ်ဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပါတယ်။ စက်ရုံတဝိုက်ကရွာတွေမှာ လူဦးရေ (၅၀) ရာခိုင်နှုန်းဟာ အရေပြားယားယံတဲ့ရောဂါ ခံစားနေရတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းက ကျောက်မီးသွေးသုံး မဲမော့ လျှပ်စစ်ဓါတ်အားစက်ရုံက ထုတ်လွှင့်လိုက်တဲ့ အဆိပ်ငွေ့ကို ရှုရှိုက်မိလို့ ရောဂါတွေကို ခံစားရသူပေါင်း ထောင်သောင်းချီနေပြီ ဖြစ်ကြောင်း သိရပါတယ်။

တနင်္သာရီတိုင်းက ကျောက်မီးသွေးသုံး ဓါတ်အားစက်ရုံတွေအတွက် ကျောက်မီးသွေးစီမံကိန်း ချပုံကို ထားဝယ်ခရိုင် အရပ်သားအဖွဲ့တွေက ဘန်းချောင်းကျောက်မီးသွေး တူးဖော်ရေးအစီရင်ခံစာကို လွန်ခဲ့တဲ့ အောက်တိုဘာလက ထုတ်ပြန်ထားပါတယ်။ စစ်အစိုးရက ၂၀၁၀ မှာ Mayflower ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချထားပါတယ်။ Mayflower ဟာ ငွေကြေးခဝါချမှုနဲ့ မှောင်ခိုလုပ်ငန်းမှာ နာမည်ကြီးတဲ့ ခရိုနီကုမ္ပဏီပါ။ ဦးသိန်းစိန်လက်ထက်ရောက်တော့ KNU ကရင်လက်နက်ကိုင်အဖွဲ့ကလည်း Mayflower နဲ့ အခြားကုမ္ပဏီတွေကို ကျောက်မီးသွေးတူးခွင့် ပြုပါတယ်။ ဒေသခံတွေ ကန့်ကွက်တဲ့ကြားက ဆက်လုပ်နေတာကြောင့် NlD အစိုးရ တက်လာတဲ့အခါ ၂၀၁၅ ဇူလိုင်မှာ Mayflower ကုမ္ပဏီရဲ့ လုပ်ပိုင်ခွင့်ကို ပြန်လည်စမ်းစစ်ရမယ်လို့ သတ္တုတွင်းဝန်ကြီးဌာနက ဆိုပါတယ်။

ဘန်းချောင်းဒေသမှာ Mayflower နဲ့ ထိုင်းကုမ္ပဏီနှစ်ခု ကျောက်မီးသွေး ထုတ်ယူနေတာ သုံးနှစ်လောက်ရှိပြီမို့ သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး ဒေသခံလူ့အဖွဲ့အစည်း နစ်နာဆုံးရှုံးတာလည်း များလာပုံ ရပါတယ်။ ဒါကြောင့် ဒေသခံတိုင်းရင်းသားတွေရဲ့ ခြံမြေ၊ အသက်မွေးမှု၊ ကျန်းမာရေး၊ လုံခြုံရေးနဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်ရေး စတဲ့ ကိစ္စတွေကို သင့်တော်တဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်တဲ့အထိ ဘန်းချောင်းကျောက်မီးသွေးလုပ်ငန်းကို ရပ်ဆိုင်းထားဖို့ ပြည်တောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ကို အစီရင်ခံစာမှာ ပန်ကြားထားပါတယ်။

ကျိုက်မရော၊ ရေး၊ ထားဝယ်၊ မြိတ် စတဲ့ အရပ်ဒေသတွေမှာ ထိုင်းကုမ္ပဏီတွေ ကျောက်မီးသွေးသုံး စက်ရုံတည်ဆောက်နေတာကို ဒေသခံတွေ ဆန္ဒပြ ကန့်ကွက်နေပါတယ်။ ဘိလပ်မြေလုပ်ငန်းမှာသုံးဖို့ ကျောက်မီးသွေးသုံး ဓါတ်အားစက်ရုံ တည်ဆောက်တာဖြစ်လို့ ကုမ္ပဏီတွေအတွက် ဒေသခံက အနစ်နာခံရသလို ဖြစ်နေပါတယ်။ ပြည်သူလူထုနစ်နာမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ဥပဒေချိုးဖျက်မှု စတာတွေနဲ့ ပတ်သက်ပြီး သတ္တုတူးဖော်ရေး ကုမ္ပဏီ (၃၀) ကို စစ်ဆေးမယ်လို့ တနင်္သာရီတိုင်းအစိုးရက ဆိုပါတယ်။ သတ္တုတွင်းလုပ်ပိုင်ခွင့်ကိုလည်း နောက်ထပ်ချပေးတော့မှာ မဟုတ်ကြောင်း သိရှိရပါတယ်။

XS
SM
MD
LG