သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ၊ မြန်မာနဲ့ အစည်းအဝေး သံသရာ


Leaders of Association of Southeast Asian Nations pose for a photograph ahead of a dinner hosted by Myanmar President Thein Sein during the 24th ASEAN Summit in Naypyitaw, Myanmar, Saturday, May 10 2014. Leaders from left, Laos President Choummaly Sayaso
Leaders of Association of Southeast Asian Nations pose for a photograph ahead of a dinner hosted by Myanmar President Thein Sein during the 24th ASEAN Summit in Naypyitaw, Myanmar, Saturday, May 10 2014. Leaders from left, Laos President Choummaly Sayaso
နေပြည်တော်မှာ ကျင်းပတဲ့ (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံ ပြီးဆုံးသွားပါပြီ။ ပထမဆုံးအကြိမ် ဝင်ငွေအနည်းဆုံး အာဆီယံနိုင်ငံမှာ ကျင်းပတာဖြစ်လို့ အောင်မြင်ပါ့မလားဆိုပြီး စိုးရိမ်ပူပန်နေကြသလို အောင်မြင်စေချင်လို့ ကူညီသူလည်း ရှိပါတယ်။ နောက် (၆) လကြာတဲ့အခါ နိုဝင်ဘာလ ဒုတိယပတ်မှာ (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကို နေပြည်တော်မှာ ကျင်းပဦးမှာ ဖြစ်ပါတယ်။ နိုဝင်ဘာညီလာခံမှာ (၉) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးပါဝင်ပြီး အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယားနဲ့ Australia ခေါင်းဆောင်တွေနဲ့လည်း ထိပ်သီးဆွေးနွေးပွဲတွေ ကျင်းပပါလိမ့်မယ်။

အမေရိကန်နဲ့ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေက ဒဏ်ခတ်အရေးယူထားလို့ ကမ္ဘာ့အပယ်ခံဖြစ်နေတဲ့ ဗမာအစိုးရကို အသင်းဝင်အဖြစ် လက်ခံလိုက်တဲ့ အာဆီယံမှာ နိုင်ငံခြားဆက်ဆံရေးပြဿနာမျိုးစုံကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီတုန်းက မြန်မာကို အာဆီယံရဲ့ နာတာရှည်ရောဂါသည်လို့လည်း ခေါ်ကြပါတယ်။ ၂၀၀၆ မှာ ဥက္ကဋ္ဌလုပ်ဖို့ မြန်မာ့အလှည့်ရောက်လာပေမယ့် ဝိုင်းဝန်းကန့်ကွက်တာကြောင့် ဥက္ကဋ္ဌ တာဝန်ကို ငြင်းပယ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဗမာအစိုးရဟာ ၁၉၉၇ မှာ အာဆီယံအသင်းဝင်ဖြစ်ကတည်းက ညီလာခံတွေ တက်ရောက်ပြီး ပြည်တွင်းမှာလည်း အစည်းအဝေးတွေ ကျင်းပပါတယ်။

ဒါကြောင့် ဗမာအစိုးရဟာ အလှည့်ကျဥက္ကဋ္ဌ မလုပ်ရပေမယ့် အာဆီယံအစည်းအဝေးနဲ့ ယဉ်ပါးလာတာ (၁၇) နှစ် ရှိနေပါပြီ။ အာဆီယံအစည်းအဝေးတွေ တက်တာနဲ့ ဧည်ခံကျင်းပတာဟာ တိုင်းပြည်အတွက် ဘယ်လောက် အကျိုးရှိတယ်ဆိုတာနဲ့ ပတ်သက်လို့ လေ့လာတာမျိုး မတွေ့ရသေးပါဘူး။ သေချာတာကတော့ အာဆီယံအစည်းအဝေးတွေမှာ ပါဝင်ဆင်နွှဲနေတဲ့ ဗမာအစိုးရကို ဒေသခံအဖွဲ့အစည်းတွေက ထောက်ခံပြောဆိုလာတာပဲ ဖြစ်ပါတယ်။ အနည်းအကျဉ်း ဝေဖန်တာမျိုးရှိပေမယ့် ဗမာအစိုးရဖက်က ရပ်တည်တာက ပိုများပါတယ်။ အာဆီယံအစည်းအဝေးတွေဟာ ဗမာအစိုးရနဲ့ အခြားအသင်းဝင်တွေ အပြန်အလှန် သွေးတိုးစမ်းတဲ့နေရာတွေ ဖြစ်လာပါတယ်။ ဗမာစစ်ခေါင်းဆောင်ပိုင်းဟာ အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံခြားဆက်ဆံရေး အတွေ့အကြုံတွေ ရကြပါတယ်။

ဆယ်နိုင်ငံ အာဆီယံအသင်းရဲ့ ထင်ရှားတဲ့ အသွင်လက္ခဏာတွေထဲမှာ အစည်းအဝေး ကျင်းပတာလည်း ပါဝင်ပါတယ်။ အသင်းဝင် ဆယ်နိုင်ငံပါဝင်တဲ့ အစည်းအဝေးတင်မကဘဲ အခြားနိုင်ငံ (၁၈) နိုင်ငံနဲ့လည်း ဆွေးနွေးပွဲတွေ လုပ်ပါတယ်။ ကော်မတီ (၃၀) လောက်နဲ့ လုပ်ငန်းအဖွဲ့ တရာကျော်တို့က ပြင်ဆင်လုပ်ကိုင်ပေးရပါတယ်။ မြန်မာဥက္ကဋ္ဌလုပ်တဲ့ ဒီနှစ်ထဲမှာ ကျင်းပမယ့် အစည်းအဝေးက (၇၀၀) ကျော်ရှိပါတယ်။ အစည်းအဝေး ပြက္ခဒိန်တင် (၂၁) မျက်နှာ ရှိပါတယ်။ မြန်မာပြည်မှာ အစည်းအဝေး (၃၀၀) ကျော် ကျင်းပပြီး အခြားအာဆီယံနိုင်ငံတွေမှာ (၄၀၀) ကျော် ကျင်းပပါလိမ့်မယ်။ ဒေသဆိုင်ရာ အစည်းအဝေးတွေမှာ နိုင်ငံခြားအစိုးရတွေနဲ့ ထိတွေ့ဆက်ဆံရင်း၊ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို နိုင်ငံခြားက လက်ခံလာအောင် ဘယ်လို လုပ်ရမယ်ဆိုတာ ဗမာအစိုးရ သဘောပေါက်လာတာ ဖြစ်ပုံရပါတယ်။

အာဆီယံဥက္ကဋ္ဌ လုပ်တာဟာ ငွေကုန်ကြေးကျများတဲ့အတွက် တိုင်းပြည်ဘဏ္ဍာငွေ ထိခိုက်နိုင်တယ်လို့ စိုးရိမ်ပူပန်သူတွေ ရှိပါတယ်။ အာဆီယံ အစည်းအဝေးအရေအတွက်ဟာ နှစ်စဉ်တိုးပွားနေပါတယ်။ ၂၀၁၁ မှာ အင်ဒိုနီးရှား ဥက္ကဋ္ဌ လုပ်တုန်းက အာဆီယံအစည်းအဝေး (၅) ခုအတွက် အမေရိကန်ဒေါ်လာ (၁၀) သန်းကျော် ကုန်ကျကြောင်း သိရပါတယ်။ အစည်းအဝေး အကြီးအသေးလိုက်ပြီး စရိတ်ကုန်ကျတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆင်းရဲတဲ့ အာဆီယံနိုင်ငံတွေ ဥက္ကဋ္ဌလုပ်တာဟာ မနိုင်တဲ့ဝန်ကို ထမ်းသလို ဖြစ်နေတယ်လို့ သုံးသပ်သူတွေလည်း ရှိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗမာအစိုးရအဖို့ကတော့ အာဆီယံထိပ်သီးညီလာခံဟာ ဂုဏ်ယူဝင့်ကြွားစရာ အောင်မြင်မှု ဖြစ်ပါတယ်။ အာဆီယံအသုံးအနှုန်း စကားလုံးတွေနဲ့ အဖြစ်မှန်ကို သိနိုင်ဖို့ခက်ခဲအောင် ဆင်ဝှေ့ရန်ရှောင် ပြောဆိုတတ်လာတာကိုလည်း တွေ့ရပါတယ်။

အာဆီယံအစည်းအဝေးတွေ များလာလေလေ အာဆီယံရုံးချုပ်ကို ချဲ့ထွင်ဖို့ လိုအပ်လာလေလေ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ အာဆီယံရုံးချုပ် တည်ရှိပါတယ်။ ၂၀၁၂ မှာ နှစ်စဉ်အသုံးစရိတ် ဒေါ်လာ (၁၆) သန်းနဲ့ အမှုထမ်း (၃၀၀) လောက် ရှိပါတယ်။ ဒါပေမဲ့ ADB - အာရှဖွံ့ဖြိုးရေးဘဏ် လေ့လာချက်အရ နောက် (၁၅) နှစ်ဆိုရင် အာဆီယံရုံးချုပ်မှာ နှစ်စဉ်အသုံးစရိတ် ဒေါ်လာ သန်း (၂၂၀) နဲ့ အမှုထမ်း (၁၆၀၀) ကျော်ရှိဖို့လိုကြောင်း သိရပါတယ်။ အာဆီယံရုံးချုပ်အသုံးစရိတ်ကို အသင်းဝင်နိုင်ငံတွေ အညီအမျှ ကျခံနေရတာမို့ နှစ်ကြာလေလေ ထည့်သွင်းရတဲ့ ရန်ပုံငွေခွဲတမ်း များလာလေလေ ဖြစ်နေပါတယ်။

အစည်းအဝေးတွေ ကျင်းပပြီး ပူးပေါင်းဆောင်ရွက်ရေးလုပ်လို့ နိုင်ငံချင်း ပြိုင်ဆိုင်မှုတွေ လျော့သွားတာ မဟုတ်ပါဘူး။ ပြိုင်ဆိုင်မှုကြောင့် တိုင်းနိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်လာတာပါ။ မသိမသာ ပြိုင်ဆိုင်တာနဲ့ သိသိသာသာ ပြိုင်ဆိုင်တာပဲ ကွာခြားပါတယ်။ စည်းကမ်းအရ ပြိုင်ဆိုင်ပြီး ပဋိပက္ခမဖြစ်အောင် အာဆီယံအသင်းကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဉာဏ်ပညာ အမြော်အမြင်ရှိတဲ့ အစိုးရခေါင်းဆောင်တဲ့ တိုင်းပြည်မှာသာ နိုင်ငံခြားနဲ့ ပြိုင်ဆိုင်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ဥပမာ အမေရိကန်၊ ဥရောပနဲ့ ဆက်ဆံရေးအဆင်ပြေသလို၊ ဂျပန်၊ တရုတ် နဲ့ စင်္ကာပူတို့မှာ ပြိုင်ဆိုင်မှု စွမ်းရည်ရှိလာတဲ့အတွက် တိုးတက်ဖွံ့ဖြိုးလာတာကို သင်ခန်းစာယူသင့်ကြောင်း တင်ပြလိုက်ရပါတယ်။
XS
SM
MD
LG