မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ် အောင်မြင်ဖို့အတွက် စစ်ဗိုလ်တွေရဲ့ ထောက်ခံအားပေးမှု လိုတယ်လို့ ယူဆကြပါတယ်။ ဒီမိုကရေစီ ပြုပြင်ရေးနဲ့ အလှမ်းဝေးနေတဲ့ စစ်ဗိုလ်ဟာ လူ့အခွင့်အရေး၊ တရားဥပဒေ နဲ့ ဒီမိုကရေစီကို သဘောပေါက်လာရင် အသွင်ကူးပြောင်းရေးကို အထောက်အကူ ပြုနိုင်တယ်လို့ အင်္ဂလိပ်နဲ့ အမေရိကန်အစိုးရတွေက ယူဆပါတယ်။ ဒါကြောင့် ဗမာတပ်မတော်နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ပညာပေးသင်တန်းနဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ပါတယ်။ ၂၀၁၃ မှာ ကျင်းပတဲ့ ထိုင်း-အမေရိကန် မြွေဟောက် စစ်ရေးလေ့ကျင့်ရေးကစပြီး မြန်မာစစ်ဗိုလ်တွေကို လေ့လာခွင့်ပြုပါတယ်။
အမေရိကန်အစိုးရရဲ့ အပြည်ပြည်ဆိုင်ရာ စစ်ပညာပေးအစီအစဉ်အရ (၁၉၈၈) ခုနှစ် မတိုင်မီ အမေရိကန်မှာ သင်တန်းတက်ခဲ့တဲ့ ဗမာစစ်ဗိုလ် (၂၀၀) နီးပါး ရှိပါတယ်။ ဒါပေမဲ့ အခုလုပ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲနဲ့ သင်တန်းတွေကတော့ လူ့အခွင့်အရေး နဲ့ စစ်ပွဲတွေမှာ လိုက်နာရမယ့် စည်းမျဉ်းဥပဒေတွေကို သင်ပေးတာ ဖြစ်ပါတယ်။ ဒါတွေကို နားလည်သဘောပေါက်လာရင် ဗမာစစ်ဗိုလ်တွေ စစ်မှုထမ်း ပီသလာလိမ့်မယ်လို့ အမေရိကန် နဲ့ အင်္ဂလိပ်က မျှော်လင့်ပါတယ်။ စစ်မှုထမ်း ပီသမှုဆိုတာ နိုင်ငံရေး ကင်းရှင်းမှု ဖြစ်တယ်လို့ အမေရိကန် နဲ့ အင်္ဂလိပ်က ယူဆပြီး ဗမာစစ်ဗိုလ်တွေကို သင်တန်းပေးနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ နှစ်ပေါင်းအစိတ်လောက် ဗမာစစ်ဗိုလ်တွေ ဆိုရှယ်လစ် သဘောတရား သင်တန်းတက်ခဲ့တာကို အမေရိကန် နဲ့ အင်္ဂလိပ် မေ့နေပုံ ရပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ ဗိုလ်ကြီးဘဝမှာ ၁၉၆၃ ခုနှစ်ကနေ ၁၉၆၇ အထိ ဗဟိုနိုင်ငံရေးသိပ္ပံကျောင်းမှာ နည်းပြဆရာလုပ်ခဲ့ပြီး ဆိုရှယ်လစ်သဘောတရားကို ပို့ချခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တသွေးတသံတမိန့် စနစ်အတိုင်း ဆိုရှယ်လစ်လမ်းစဉ်ကို စစ်ဗိုလ်စစ်သားတွေ ယုံကြည်ခဲ့ကြပါတယ်။ ဗမာဘုရင်ဓလေ့နဲ့ စစ်တပ်စနစ် ပေါင်းစပ်လိုက်တဲ့အခါမှာ ဗမာစစ်သားတွေဟာ ခိုင်းသမျှ အကုန်လုပ်ပါတော့တယ်။ ဒါကြောင့် အလုပ်သမား၊ လယ်သမား အကျိုးသယ်ပိုးမယ်ဆိုတဲ့ ဆိုရှယ်လစ်စစ်ဗိုလ်တွေဟာ ၁၉၈၈ ခုနှစ်ကစပြီး အရင်းရှင်ကို ထောက်ခံအားပေးတဲ့ သူဌေးစစ်ဗိုလ်တွေ ဖြစ်လာပါတယ်။ စစ်ခေါင်းဆောင်ရဲ့ အလိုကျ စစ်တပ်က လိုက်လုပ်တာ ဖြစ်ပါတယ်။
တသွေးတသံတမိန့်ကိုသာ အဓိကထားတဲ့ စစ်အာဏာရှင်စနစ်ကို ဗိုလ်ချုပ်ကြီးနေဝင်းက (၂၅) နှစ်၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက (၁၉) နှစ် စုစုပေါင်း (၄၄) နှစ် ကျင့်သုံးခဲ့ပြီးမှ နေပြည်တော်မှာ အရပ်သားတပိုင်း အစိုးရစနစ် ပေါ်ထွက်လာတာကို သတိပြုသင့်ပါတယ်။ ကွာခြားတာကတော့ စစ်တပ်နဲ့ အစိုးရဟာ ဗိုလ်နေဝင်းခေတ်မှာ ဆင်းရဲနေပြီး ဗိုလ်သန်းရွှေခေတ်မှာ ချမ်းသာလာတာပါ။ ဓါတ်ငွေ့နဲ့ အခြားသယံဇာတ ရောင်းစားလို့ ချမ်းသာလာတဲ့အခါ အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ ဗမာမင်းတို့ အစဉ်အလာအတိုင်း နေပြည်တော်ကို တည်ဆောက်ပါတယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အမိန့်အရ ဗိုလ်ခင်ညွှန့် နဲ့ ဗိုလ်မောင်အေး ဦးစီးပြီး နေပြည်တော်ကို လျှို့ဝှက်စွာ တည်ဆောက်ရတယ်လို့ မှော်ဝန်းသား ဦးခင်ညွှန့်ရဲ့ “ကြုံတွေ့ရတဲ့ ကျွန်တော်ဘဝ အထွေထွေ” ဆိုတဲ့ ကိုယ်ရေးအထ္တုပ္ပတ္တိစာအုပ်မှာ ဖော်ပြထားပါတယ်။
တိုင်းပြည်ဆင်းရဲနွမ်းပါးချိန်မှာ အာဏာရှင်အမိန့်နဲ့ တည်ဆောက်ခဲ့တဲ့ နေပြည်တော်ဟာ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာပါတယ်။ မြို့တော်သစ်ဟာ အုပ်ချုပ်သူ လူတန်းစားရဲ့ လုံခြုံရေးအတွက်သာ ဖြစ်ပါတယ်။ ဘုရင်နန်းစိုက်ရာ မြို့တော်ကို ဗဟိုပြုတဲ့ မြန်မာမင်း အုပ်ချုပ်ရေးပုံစံကို ဦးသန်းရွှေက ပြန်လည်ကျင့်သုံးနေတာ ဖြစ်ပါတယ်။ ရှေးမြန်မာတပ်ဟာ လခစားတဲ့ အဖွဲ့အစည်း မဟုတ်တဲ့အတွက် ကုန်ဘောင်ခေတ်တပ်မှုးတွေဟာ ပုဂ္ဂိလိက လုပ်ငန်းရှင်တွေလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တပ်သားစုဆောင်းပြီး ရပ်တည်ခဲ့ကြတာဟာ အခုခေတ် တပ်မှုးတွေနဲ့ ဆင်ပါတယ်။ ဗမာစစ်ဗိုလ်လောကမှာ ဆရာ-တပည့် ဆက်ဆံရေးနဲ့ အမိန့်နာခံရေးဟာ အဓိက ဖြစ်နေတာမို့ စစ်မှုထမ်း ပီသရေး၊ သဘောတရားရေးနဲ့ ယုံကြည်ချက်အတွက် နေရာမရှိပါဘူး။ ဒါကြောင့် မဆလခေတ်မှာ ပေးတဲ့သင်တန်းတွေအားလုံးဟာ နောက်ဆုံးမှာ အဟောသိကံ ဖြစ်ကုန်ပါတယ်။
မြန်မာပြည်မှာ စစ်တပ်က ဦးဆောင်ပြီး အသွင်ကူးပြောင်းနေတာမို့ ပြုပြင်ရေးစိတ်ဓါတ်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို အမေရိကန်က ကူညီမယ်လို့ ဝါရှင်တန်အခြေစိုက် ပညာရှင် Stanley Weiss က ဆိုပါတယ်။ ဒါကြောင့် အရင်ကရှိခဲ့ဖူးတဲ့ စစ်သင်တန်းတွေ ပြန်ဖွင့်ပြီး ဗမာစစ်ဗိုလ်တွေကို သင်တန်းပေးရင် စိတ်ဓါတ်ပြောင်းလဲလာဖွယ် ရှိပါတယ်။ တချိန်က ဂျပန်တပ်ကို ထောက်ခံပြီးမှ ဆန့်ကျင်ခဲ့တဲ့ အစဉ်အလာရှိတာမို့ လက်ရှိ စစ်ဗိုလ်တွေဟာ မိမိဆန့်ကျင်ခဲ့တဲ့ ဒီမိုကရေစီကို ထောက်ခံလာနိုင်တယ်လို့ stanley Weiss က ဆိုပါတယ်။ သင်တန်းပေးရင် ဖြစ်တယ်ဆိုပြီး အလွယ်တကူ ပြောနေတာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာလည်း စစ်မှုထမ်း ပီသရေး၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နားလည်ရေး နဲ့ စစ်ဘက်အရပ်ဘက် ဆက်ဆံမှုကောင်းမွန်ရေးအတွက် စစ်ဗိုလ်တွေကို အမေရိကန်က သင်တန်းပေးပါတယ်။ အမေရိကန် စစ်တက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့ကြတဲ့ အင်ဒိုနီးရှား စစ်ဗိုလ် (၃) ထောင်ကျော် ရှိပါတယ်။ ဒါပေမဲ့ ၁၉၇၅ မှာ အင်ဒိုနီးရှားစစ်တပ်က အရှေ့တီမော်ကို သိမ်းပိုက်တဲ့အခါ (၅) နှစ်အတွင်း အရပ်သား (၂) သိန်းကျော် သေဆုံးခဲ့ရပါတယ်။ လူဦးရေ သုံးပုံတပုံကို အစိုးရတပ်က သတ်ဖြတ်လိုက်တဲ့ သဘောပါ။ သင်တန်းပေးတာနဲ့ လက်တွေ့လုပ်ပုံ တခြားစီ ဖြစ်တာကို သက်သေပြတာ ဖြစ်ပါတယ်။