တိုင်းနိုင်ငံတွေဟာ ပြိုင်ဆိုင်စီးပွားရှာရင်း ဖွံဖြိုးတိုးတက်လာတာဖြစ်လို့ ယှဉ်ပြိုင်နိုင်စွမ်းမရှိတဲ့ တိုင်းပြည်ဟာ တိုးတက်ဖွံ့ဖြိုးဖို့ အလားအလာနည်းနေပါတယ်။ တိုင်းပြည်အချင်းချင်း ယှဉ်ပြိုင်တယ်ဆိုပေမယ့် တကယ်ကတော့ နိုင်ငံသားအချင်းချင်း ပြိုင်ဆိုင်ကြတာ ဖြစ်ပါတယ်။ နိုင်ငံသားပိုင်ကုမ္မဏီတွေ ကမ္ဘာ့ဈေးကွက်မှာ ပြိုင်ဆိုင်စီးပွားရှာတာကို နိုင်ငံအချင်းချင်း ယှဉ်ပြိုင်တယ်လို့ ပြောနေတာပါ။ တိုင်းပြည်ရဲ့ ယှဉ်ပြိုင်မှုစွမ်းအားကို ဆန်းစစ်တဲ့စာတမ်းတွေ မကြာခဏ ထွက်ပေါ်တတ်ပါတယ်။ ဒီအထဲမှာ ဂျနီဗာအခြေစိုက် World Economic Forum က နှစ်စဉ်ထုတ်ဝေတဲ့ Competitiveness Report ဟာ ထင်ရှားပါတယ်။
၂၀၁၃-၂၀၁၄ အစီရင်ခံစာဟာ စာမျက်နှာ (၆၀၀) နီးပါးရှိပြီး မြန်မာအပါအဝင် (၁၄၈) နိုင်ငံရဲ့ ယှဉ်ပြိုင်မှုစွမ်းရည်တွေကို ပိုင်းခြားသတ်မှတ်အကဲဖြတ် ထားပါတယ်။ ဒီစာရင်းထဲမှာ စင်္ကာပူက ဒုတိယ နေရာယူထားပြီး မလေးရှားရဲ့ အဆင့်က (၂၄)၊ ဘရူနိုင်းက (၂၆)၊ ထိုင်း (၃၇)၊ အင်ဒိုနီးရှား (၃၈)၊ ဖိလစ်ပိုင် (၅၉)၊ ဗိယက်နမ် (၇၀)၊ လာအို (၈၁)၊ ကမ္ဘောဒီယား (၈၈) မှာရှိကြပြီး၊ မြန်မာ့အဆင့်က (၁၃၉) ဖြစ်ပါတယ်။ မြန်မာထက်ညံ့တာ အာဖရိက (၉) နိုင်ငံပဲ ကျန်ပါတယ်။ တိုင်းပြည်က မဏ္ဍိုင်ကြီး (၁၂) ခုရဲ့ အခြေအနေကို လေ့လာသုံးသပ်ပြီး ယှဉ်ပြိုင်မှုစွမ်းအားကို ခန့်မှန်းထားတာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေး၊ နိုင်ငံရေး နဲ့ တရားဥပဒေ၊ အခြေခံအဆောက်အအုံ၊ စီးပွားရေးတည်ငြိမ်မှု၊ ကျန်းမာရေးနဲ့ အခြေခံပညာ၊ အထက်တန်းပညာနဲ့ လေ့ကျင့်မှု၊ ကုန်စည်ဈေးကွက်၊ အလုပ်သမားဈေးကွက်၊ ဘဏ္ဍာရေး၊ အတတ်ပညာ၊ ဈေးကွက်ပမာဏ၊ လုပ်ငန်းကျွမ်းကျင်မှုနဲ့ တီထွင်မှု ကြံဆမှုစတာတွေမှာ အားကောင်းရင်ကောင်းသလို ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ စစ်အုပ်စုကြီးစိုးတဲ့ အနှစ် (၅၀) အတွင်းမှာ မြန်မာနိုင်ငံသားတွေရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ကျဆင်းသွားခဲ့ပါတယ်။ ၁၄၈ နိုင်ငံရဲ့ အတတ်ပညာအခြေအနေကို ဆန်းစစ်တဲ့အခါမှာ မြန်မာဟာ အောက်ဆုံးအဆင့်ကို ရောက်နေပါတယ်။ လုပ်ငန်းကျွမ်းကျင်မှုနဲ့ တီထွင်ကြံဆမှုမှာလည်း မြန်မာဟာ အောက်ဆုံးအဆင့်မှာ ရှိနေပါတယ်။ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ တရားရေး၊ ဘဏ္ဍာရေး၊ ပညာရေးစတဲ့ မဏ္ဍိုင်တွေမှာလည်း မြန်မာ့အဆင့်က အောက်ဆုံးအပိုင်း (၁၄၀) ကျော်မှာ ရောက်နေပါတယ်။
မြန်မာပြည်မှာ စစ်အာဏာရှင်တွေ အနှစ် (၅၀) ထင်သလို အုပ်ချုပ်ပြီး ပြုပြင်ရေးလုပ်တာဟာ (၂) နှစ်သာ ရှိသေးတဲ့အတွက် ယှဉ်ပြိုင်နိုင်စွမ်းရည်ဟာ အလွန်နှိမ့်ကျနေပါတယ်။ ဗမာအစိုးရ မြှင့်တင်အားပေးတဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေဟာ တိုင်းပြည်ရဲ့ ယှဉ်ပြိုင်မှုစွမ်းရည်ကို မြှင့်တင်နိုင်တာ မဟုတ်ပါဘူး။ စစ်အုပ်စုအသိုင်းအဝိုင်းကို အခွင့်ထူးပေးတာနဲ့ တိုင်းသူပြည်သားရဲ့ စွမ်းရည်ကို မြှင့်တင်တာဟာ ပြဒါးတလမ်း သံတလမ်း ဖြစ်နေပါတယ်။ ဒါကြောင့်မို့ စစ်အုပ်စုကြီးစိုးစဉ်မှာ မြန်မာပြည်သူပြည်သားတွေ အညွှန့်တုံးကုန်ပါတယ်။ နိုင်ငံခြားအလုပ်သွားလုပ်သူတွေထဲမှာသာ ယှဉ်ပြိုင်မှုစွမ်းရည် ရှိလာတာမို့ နိုင်ငံခြားက ပြန်လာသူကို အသုံးပြုဖို့ အာဆီယံသုတေသနဌာနက အကြံပေးထားပါတယ်။ ဒါပေမဲ့ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာအင်ဂျင်နီယာတွေ မြန်မာပြည်ပြန်ပြီး အလုပ်လုပ်မလားဆိုတာ စဉ်းစားစရာပါ။
အာဆီယံအသင်း၊ မဲခေါင်မြစ်ဝှမ်းနိုင်ငံများအဖွဲ့၊ ဘင်္ဂလားပင်လယ်ကွေ့နိုင်ငံများအဖွဲ့ စတဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေမှာ ဗမာအစိုးရ ပါဝင်လာတာကြာပြီဖြစ်လို့ အစည်းအဝေး အများအပြား တက်ရောက်ခဲ့ပေမယ့် ဒေသဆိုင်ရာမှာ မြန်မာ့ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းလေးတွေ ဘယ်လို ပါဝင်ယှဉ်ပြိုင်မယ်ဆိုတာကို လေ့လာဆန်းစစ်တာမျိုး အလွန်နည်းနေပါတယ်။ ယှဉ်ပြိုင်မှုစွမ်းရည် တိုးပွားလာအောင် နိုင်ငံခြားလုပ်ငန်းတွေ ကြိုးစားနေချိန်မှာ မြန်မာ့လုပ်ငန်းတွေဟာ ရပ်တည်နိုင်အောင် မနည်းကြိုးပမ်းနေရပါတယ်။ ယှဉ်ပြိုင်မှုစွမ်းရည်ကို တိုးပွားစေတဲ့ အတတ်ပညာ တတ်ကျွမ်းဖို့ အချိန်ယူရပါတယ်။ ခု ရေတွင်းတူး၊ ခု ရေကြည်သောက်ချင်လို့ ရတာမဟုတ်ပါဘူး။ သုတေသနလုပ်ငန်းနဲ့ တီထွင်ကြံဆမှုဟာ ဆက်စပ်နေပေမယ့် ဒီကိစ္စမှာ အစိုးရပေါ်လစီလမ်းစဉ် မရှိသေးကြောင်း သိရပါတယ်။
တရုတ်ပြည် 'ဘောအောင်း (Boao) ဖိုရမ်' ကလည်း အာရှနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုစွမ်းရည်ကို ၂၀၁၃ မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ဒီလေ့လာချက်ထဲမှာ မြန်မာနိုင်ငံ မပါပါဘူး။ စာရင်းအင်း၊ ကိန်းဂဏန်းရရှိဖို့ ခက်ခဲတဲ့အတွက် ချန်ထားတာလို့ ဆိုပါတယ်။ တကယ်တော့ မြန်မာပြည်က ကိန်းဂဏန်းဟာ ယုံကြည်စရာ မကောင်းပါဘူး။ စာရင်းလိမ်တဲ့နေရာမှာ ယှဉ်ပြိုင်ရင်တော့ ဗမာအစိုးရကို ဘယ်သူမှ မီမှာမဟုတ်ပါဘူး။ အထက်လူကြီးကြိုက်အောင် စာရင်းလိမ်ပြပြီး ကိုယ်ကျိုးရှာတာ ဖြစ်ပါတယ်။ ဒီအကျင့်ဆိုး ဘယ်လောက်အထိ ကျန်နေသေးတယ်ဆိုတာလဲ မသိနိုင်ပါဘူး။
စစ်အစိးရခေတ် (၂၃) နှစ်ကာလမှာ စစ်အုပ်စုရဲ့ ဆွေမျိုးမိတ်သင်္ဂတွေကို အခွင့်ထူးပေးခဲ့ပြီး ပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွားရေးလုပ်ငန်းကို လျစ်လျူရှုခဲ့ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းလေးတွေ ပြိုင်ဆိုင်မှုစွမ်းရည်ရှိလာအောင် အစိုးရက ကူညီအားပေးဖို့ လိုပါတယ်။ ကမ္ဘာမှာ တရုတ်ကုမ္ပဏီတွေကို ယှဉ်ပြိုင်နိုင်အောင် တရုတ်အစိုးရက ကူညီပါတယ်။ ကမ္ဘာ့ယှဉ်ပြိုင်မှု အစီရင်ခံစာတွေကိုကြည့်ရင် ဉာဏ်ပညာ အမြော်အမြင်ရှိတဲ့ အစိုးရ၊ အုပ်ချုပ်တဲ့ တိုင်းပြည်တွေမှာသာ ယှဉ်ပြိုင်မှုစွမ်းရည် ရှိတာကို တွေ့ရပါတယ်။ ကံဆိုးတဲ့ မြန်မာပြည်မှာတော့ ဉာဏ်ပညာ အမြော်အမြင်ကင်းမဲ့စွာ အနှစ် (၅၀) အုပ်ချုပ်ခဲ့တဲဒဏ်ကို အခုထက်ထိ ခံနေရတုန်း ဖြစ်နေပါတယ်။