အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ကျင်းပတဲ့ ရွေးကောက်ပွဲအပေါ် မြန်မာနိုင်ငံက အကဲခတ်တွေ ကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ ကမ္ဘာမှာ နိုင်ငံရေးနဲ့စီးပွားရေး အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်ရဲ့အစိုးရအပြောင်းအလဲတွေဟာ ကမ္ဘာတလွှား ရိုက်ခတ်မှုတွေ ရှိလာနိုင်သလို မြန်မာ့အရေးမှာလည်း သက်ရောက်မှုတွေရှိနိုင်တာကြောင့် စိတ်ဝင်တစား စောင့်ကြည့်နေကြတာပါ။ အမေရိကန် ရွေးကောက်ပွဲအပေါ် မြန်မာ့အရေးအကဲခတ်တွေရဲ့ အမြင်တွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကိုအခြေခံပြီး မခင်လေး တင်ပြထားပါတယ်။
အမေရိကန်အိမ်ဖြူတော် သမ္မတရာထူးအတွက်ယှဉ်ပြိုင်မှုက အမေရိကန်ပြည်ထောင်စုတခုလုံး အကြိတ်အနယ်ဖြစ်နေပါတယ်။ အမေရိကန်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတခု ဖြစ်တာက တကြောင်း၊ အမေရိကန်ဆီကနေ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ ထောက်ပံ့ကူညီမှုတွေနဲ့ မြန်မာပြည်စစ်အာဏာရှင်လက်အောက်က လွတ်မြောက်နိုင်ရေး ဒီမိုကရေစီဖော်ဆောင်နိုင်ရေး ထောက်ခံအားပေးနိုင်မှုတွေ- စတဲ့အချက်တွေကြောင့် မြန်မာလူထုအတွင်းမှာလည်း ဒီရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် အပြောင်းအလဲတွေအပေါ် အထူးစိတ်ဝင်စားလာကြပါတယ်။
သေနင်္ဂဗျူဟာအဖွဲ့က ဦးသိန်းထွန်းဦးက အမေရိကန်ရွေးကောက်ပွဲအလွန်မှာ ဘယ်သူ သမ္မတဖြစ်လာရင် မြန်မာပြည်အပေါ် သက်ရောက်မှုတွေက ဘယ်လိုဖြစ်လာမလဲဆိုတာနဲ့ပတ်သက်လို့ အခုလို သုံးသပ်ပြပါတယ်။
“ဒီမိုကရက်တွေအနိုင်ရရင်တော့ ထုံးစံအတိုင်းပေါ့။ သူတို့သုံးနေကျလမ်းစဉ်အတိုင်း နိုင်ငံရေး ဖိအားတွေရှိလာမယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ သူတို့သုံးနေကျလမ်းစဉ်တွေရှိလာမယ်။ ပြဿနာတွေ ရှိလာမယ်ပေါ့။ တဘက် ရီပတ်ဘလီကန် ကြည့်ပြန်တော့လည်း မြန်မာ့အရေး စိတ်မဝင်စားပေမယ့် တရုတ်ကိုပြိုင်ဘက်အနေနဲ့ခံယူတော့ ဒီ စီးပွားရေးစစ်ပွဲလုပ်တာကို ဒီအချိန်မှာ ဘယ်လိုသူလုပ်ဦးမလဲ။ အကယ်လို့ စီးပွားရေးစစ်ပွဲမလုပ်ဘဲနဲ့ ကစားတဲ့ပုံစံနဲ့ မြန်မာကိုများ သုံးသွား ဦးမလား။ အဲလိုတော့ ရီပတ်ဘလီကန်ဘက်နဲ့ပတ်သက်လို့ စဉ်းစားစရာရှိတယ်။ လောလောဆယ်အရ အမေရိကန်ပင် သူ့နိုင်ငံတွင်းကိစ္စတွေဖြေရှင်းရမှာဖြစ်လို့ လက်ရှိအနေအထား စဉ်းစားချက်အရ ရီပတ်ဘလီကန်တက်လာတာက နည်းနည်းလေးတော့ ကျနော်တို့အတွက် သက်သာရာသက်သာကြောင်း ဖြစ်နိုင်တယ်။ မြန်မာ့အရေးအတွက်ကတော့ ဒေါ်နယ်ထရမ့်အနိုင်ရတာက အားသာချက်ရှိတယ်လို့ကျနော်မြင်ပါတယ်။”
အမေရိကန်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးရှေ့ဆောင်နိုင်ငံတခုဖြစ်တာမို့ သမ္မတရွေးကောက်ပွဲအလွန် မူဝါအပြောင်းအလဲတွေက ကမ္ဘာကြီးအပေါ် သက်ရောက်မှုအားကြီးစေနိုင်တာမို့ အမေရိကန် ရွေးကောက်ပွဲကိုစောင့်ကြည့်နေတယ်လို့ ပြောသူကတော့ လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ပါ။ သူကတော့ ဒီမိုကရေစီအရေး၊ လူ့ အခွင့်အရေးတွေအတွက် ဒီမိုကရက်တွေရဲ့ ချမှတ်တဲ့ လုပ်ကိုင်မှုတွေကစနစ်ကျ တိကျတာမို့ ဒီမိုကရက်တွေနိုင် စေချင်တယ်လို့ ဆိုပါတယ်။
"ကျနော်ကတော့ဒီမိုကရက်ကို ပိုစိတ်ဝင်စားပါတယ်။ ကမ်မလာကို ပိုပြီးစိတ်ဝင်စားတယ်လို့ ကျနော် ပြောချင်ပါတယ်။ အဓိက,က ကမ်မလာမှာပိုပြီးတော့ မူတွေ၊ ပေါ်လစီတွေ၊ သဘောထားတွေနဲ့ ပတ်သက်ရင် ပိုပြီးတော့ တိတိကျကျရှိတယ်လို့ ကျနော်တော့ နားလည်ပါတယ်ဗျ။ ဒီမိုကရေစီရေး အဓိကတော့ လူ့အခွင့်အရေး ဒီကိစ္စတွေနဲ့ပတ်သက်ရင် ဒီမိုကရက်ပါတီရဲ့ ဒီနေ့သဘောထားအမြင်တွေ ကို ပိုသဘောကျတယ်လို့ပြောချင်ပါတယ်။"
မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတဦးကတော့ မြန်မာ့အရေးကိုအလေးထားသူတိုင်း အမေရိကန် သမ္မတရွေးကောက်ပွဲကို စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။ လက်ရှိယှဉ်ပြိုင်နေကြတဲ့ သမ္မတနှစ်ဦးမှာ ဒီမိုကရက်သမ္မတလောင်း Kamala Harris (ကမ်မလာ ဟဲရစ်) ဟာ မြန်မာ့အရေးကို လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ထက် ပိုစိတ်ဝင်တစား လုပ်နိုင်တယ်လို့ သူကသုံးသပ်ပါတယ်။
"မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ရင် အမေရိကန် နိုင်ငံရွေးကောက်ပွဲက စိတ်မဝင်စားဘဲနေလို့မရပါဘူး။ ကမ္ဘာအနှံ့က တခြားနိုင်ငံတွေလိုပဲ မြန်မာ့နိုင်ငံရေးမှာသက်ရောက်မှုရှိပါတယ်။ ၂၀၁၀ ဦးသိန်းစိန် ခေတ်တုန်းက သမ္မတအိုဘားမားဆီကနေ အကူအညီတော်တော်လေး ရခဲ့ပါတယ်။"
အမေရိကန်ရွေးကောက်ပွဲကျင်းပဖို့ နောက်ဆုံးသီတင်းပတ်ရောက်လာချိန်မှာပဲ မဲဆွယ်စည်းရုံးမှုတွေ အတွင်း ပြည်တွင်းရေးကိစ္စတွေနဲ့အတူ တရုတ်နိုင်ငံနဲ့အမေရိကန်ကြား အားပြိုင်တဲ့အခြေအနေတွေ ရှိနေပေမယ့်လည်း အမေရိကန်ပြည်ထောင်စု Yougov လူထုစစ်တမ်းကောက်ခံရေးအဖွဲ့ ထုတ်ပြန်ချက်အရ အမေရိကန်မဲဆန္ဒရှင်တွေဟာ တရုတ်ရဲ့ခြိမ်းခြောက်မှုအန္တရာယ်ထက် ပြည်တွင်းက စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ သန္ဓေဖျက်ချခွင့်-စတဲ့ ပြည်တွင်းရေးကိစ္စတွေကို ပိုပြီး အာရုံစိုက်နေကြတယ်လို့ ပြောပါတယ်။
အမျိုးသမီးအရေးလှုပ်ရှားသူတဦးလည်းဖြစ်၊ နိုင်ငံတကာ မြန်မာ့သတင်းမီဒီယာ စီမံညွှန်ကြားရေးမှူး တဦးလည်းဖြစ်တဲ့ ဒေါ်တင်တင်ညိုကတော့ အမေရိကန် သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်လို့ စိတ်ဝင်စားရတာက သမ္မတအပြောင်းအလဲအလွန်မှာ ဖြစ်လာမယ့်မူဝါဒက အမေရိကန်နိုင်ငံမှာ သွားရောက်နေထိုင်တဲ့ မြန်မာရွှေ့ပြောင်းတွေ တကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ အမျိုးသမီးအခွင့်အရေးတွေအပေါ် သက်ရောက်နိုင်တာကြောင့် စိတ်ဝင်တစား လေ့လာစောင့်ကြည့် ဖြစ်တယ်လို့ သူကခုလိုပြောပြပါတယ်။
"မြန်မာပြည်အရေးနဲ့ဆက်စပ်ပြီးတော့မှ အမေရိကန်နိုင်ငံမှာ ဘယ်သူက သမ္မတဖြစ်မလဲ စိတ်ဝင်စားသလို အမေရိကန်မှာ တယောက်ယောက်သမ္မတဖြစ်ရင် သူ့နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပိုမိုတိုးတက်အောင်လုပ်ဆောင်တဲ့အပိုင်းတွေ၊ နောက် တဦးတယောက်ချင်း ဆိုင်ရာ အခွင့်အရေးတွေအတွက်ပါ အာမခံချက်ပေးနိုင်မှု ဘယ်လောက်ထိရှိနိုင်မလဲ စောင့်ကြည့်တာ ရှိတယ်။ အဲဒီထဲမှာပြောရရင် အမေရိကန်နိုင်ငံမှာသွားရောက် ရွှေ့ပြောင်းတွေကိစ္စကလည်း အရေးကြီးသလို တဘက်ကလည်း အမျိုးသမီးတွေအခွင့်အရေး LGBTQ+ ရဲ့အခွင့်အရေးတွေ အပေါ်လည်း အများကြီးသက်ရောက်မှုရှိနိုင်တယ်။ ဒါကြောင့်မို့ ဒီသမ္မတရွေးကောက်ပွဲကို စောင့်ကြည့်တယ်၊ သုံးသပ်မှုတွေလုပ်ကြတယ်။"
လက်ရှိအချိန်မှာတော့ အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့ နိုင်ငံတဝန်း သမ္မတရွေးကောက်ပွဲ ကျင်းပချိန်နီးကပ်လာတာနဲ့အမျှ သမ္မတလောင်းတွေကလည်း နောက်ဆုံးအချိန်အထိ အပြိုင်အဆိုင် မဲဆွယ်ခဲ့ကြပါတယ်။ လူထုထောက်ခံမှုကတော့ လက်ရှိအခြေအနေမှာ အကြိတ်အနယ်ဖြစ်နေပြီး ရွေးကောက်ပွဲနေ့ မတိုင်ခင် ကြိုတင် မဲပေးပြီးသူပေါင်းကတော့ ၈၂ သန်းကျော် ရှိခဲ့ပါတယ်။
Forum