တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ဟာ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး NCA ကို လက်မှတ်ရေးထိုးမယ့်အကြောင်း ဒီကနေ့ပဲ တရားဝင်ကြေညာလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေးပြီး နောက်မှာပဲ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့က ကြေညာလိုက်တာပါ။
NLD အရပ်သား အစိုးရလက်ထက် ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ NCA လက်မှတ်ရေးထိုးမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးမှာ ဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ နိုင်ထောမွန်ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ ဒီကနေ့ မနက်ပိုင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ သီးခြားတွေ့ဆုံခဲ့ပြီးတဲ့နောက် လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU ဥက္ကဌ ကြာခွန်ဆာခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေဆုံ ဆွေးနွေးခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲတွေမှာ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲအပြီး နိုင်ငံတော်အတိုင်ပင်ခံနဲ့အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပမှာ NMSP အထွေထွေအတွင်းရေးမှုး နိုင်အောင်မင်းက သတင်းထုတ်ပြန်ချက်ကို အခုလိုဖတ်ကြားပြပါတယ်။
“ တွေ့ဆုံဆွေးနွေးမှုများအရ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU တို့အနေဖြင့် မကြာခင် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး ”
တိုင်းရင်းသားအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကို ကြေညာအပြီးမှာတော့ နိုင်ငံတေ်ာအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်ကြောင်း ပြောဆိုပါတယ်။
“ ကျမတို့ဟာ ငြိမ်းချမ်းရေးရရှိဖို့အတွက် တဆင့်ပြီးတဆင့် သွားရမယ်။ ဒီလို တဆင့်ပြီးတဆင့်သွားရတဲ့အခါ အဆင့်တိုင်းအဆင့်တိုင်းဟ ကျမတို့အတွက် အင်မတန်မှ တန်ဖိုးကြီးပါတယ်။ ဒီလို ကျမတို့ရဲ့ ပြည်ထောင်စုကို တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုအတွင်းမှာ ငြိမ်းချမ်းမှုရရှိရေးအတွက် ငြိမ်းချမ်းမှုကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ကူညီတဲ့ ကျမတို့ တိုင်းရင်းသားညီအကိုမောင်နှမများ၊ မွန်တိုင်းရင်းသားများ၊ လားဟူတိုင်းရင်းသားများကို အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျမတို့အတွက်တင်ရည်ရွယ်တာ မဟုတ်ဘူး။ ကျမတို့ရဲ့နောင်လာနောက်သားများအားလုံးတွက် ခြေလှမ်းနေတဲ့ ခြေလှမ်းတွေလို့ ယုံကြည်တာ ဖြစ်ပါတယ်။ ”
NCA မှာ ပါဝင် လက်မှတ်ရေးထိုးမယ့်အပေါ် ပြည်ထောင်စုသားအားလုံးက ဝမ်းမြောက်ဂုဏ်ယူလိမ့်မယ်၊ နိုင်ငံအတွက်အားသာမှုတွေဆီကို ရှေ့ရှုလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောဆိုပါတယ်။
လက်မှတ်ရေးထိုးမယ့် ရက်အတိအကျကိုတော့ ထုတ်ပြန်တာမရှိသေးပေမဲ့ ပြည်ထောင်စုနေ့ မတိုင်မီ လက်မှတ်ရေးထိုးဖွယ်ရှိကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။
မွန်သတင်းအေဂျင်စီရဲ့ အယ်ဒီတာ နိုင်ဗညားအောင်ကတော့ မွန်ပြည်သစ်ပါတီကို NCA လက်မှတ်ရေးထိုးရေးအတွက် မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့ မွန်နိုင်ငံရေးပါတီတွေက တိုက်တွန်းတာတွေရှိကြောင်းပြောပါတယ်။
“ ပြည်နယ်က ဝန်ကြီး အစိုးရအဖွဲ့တွေဆို သိပ်ကို ထိုးစေချင်တယ်။ အဲဒါမှလည်း ပြည်နယ်ဖွံ့ဖြိုးရေးအတွက် လုပ်ရကိုင်ရတာ ပိုပြီးတော့ လွယ်ကူမယ်ဆိုတဲ့ သဘောမျိုးပေါ့ဗျာ။ အဲဒါ ခုကိစ္စကို ဝန်ကြီးချုပ်လည်းအတော်လေး ထဲထဲဝင်ဝင်လှုပ်ရှားနေတယ်။ နောက် မွန် ၂ပါတီလည်း ရှိသေးတယ်။ သူတို့က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ချင်တယ် မွန် ၂ပါတီက။ ဒါမှ မဟုတ်ရင် ပင်လုံကလည်း ဆက်သွားနေမယ်။ မွန်တွေ အသံလည်း မပါဘူးဆို အဲဒီစိုးရိမ်မှုတွေရှိတယ်။ ”
မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်ပါတီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ဖွဲ့ပါဝင်ထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က အဖွဲ့ဝင်တွေဖြစ်ပါတယ်။ လောလောဆည်မှာ အခြား UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ရခိုင်အမျိုးသားကောင်စီ ANC တို့က NCA ကို လက်မှတ် မရေးထိုးသေးပါဘူး။
UNFC ရဲ့ အလားအလာနဲ့ပတ်သက်ပြီး နိုင်ဗညားအောင်က အခုလို ဆက်ပြောပါတယ်။
“ UNFC က အရင်တုံးက ၈ဖွဲ့ ထဲမှာ ထိုးတဲ့အဖွဲ့တွေကို ထိုးတဲ့အတွက်ကြောင့် ထုတ်လိုက်တာတို့ ဘာတို့ ရှိတယ်လေ။အခုခါကျတော့ UNFC ပဲ ဆုံးဖြတ်ရလိမ့်မယ်။ ဒါပေမဲ့ မွန်ပြည်သစ်ကလည်း ဥက္ကဌဖြစ်တဲ့အတွက်ကြောင့် မွန်ပြည်သစ်ရဲ့သဘောထားက ကျနော်တို့ တိတိကျကျမသိရသေးဘူး။ UNFC မှာ ဆက်ပြီးတော့ ဦးဆောင်မလား မပါဘူးလားဆိုတာ သူတို့လည်း ပြတ်ပြတ်သားသားမပြောသေးဘူး။”
မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးက NCA ကို လက်မှတ်ရေးထိုးမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ကို ဖတ်ကြားပေမဲ့ သတင်းမီဒီယာတွေကို မေးခွန်းဖြေဆိုတာမျိုးမရှိပါဘူး။
UNFC အဖွဲ့ဟာ NCA ဖြစ်မြောက်ရေးအတွက် ဆွေးနွေးစဉ်က ၁၇ဖွဲ့ ရှိခဲ့ပြီး NCA လက်မှတ်ရေးထိုးချိန်မှာ ၇ဖွဲ့ သာလက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်မှတ်ရေးထိုးပြီးနောက်မှာ ဒီ ၇ဖွဲ့ကို အဖွဲ့ဝင်အဖြစ်က ပယ်ဖျက်ခဲ့သလို ကချင်လွတ်လပ်ရေးအဖွ့ဲ KIO နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPPအပါအဝင် အဖွဲ့ဝင်အချို့ကထပ်မံနုတ်ထွက်ပြီး တရုတ်နယ်စပ်အခြေစိုက် ဝနဲ့ မိုင်းလားအဖွဲ့တို့နဲ့ ပူးပေါင်းခဲ့တဲ့နောက် UNFC မှာ ၄ဖွဲ့သာ ကျန်ခဲ့တာဖြစ်ပါတယ်။