မြန်မာအစိုးရကနေ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ မူလ NCA သဘောတူညီချက်တွေနဲ့ လက်ရှိ ဖေါ်ဆောင်နေတဲ့ NCA လုပ်ငန်းစဉ်တွေ ကွဲလွှဲနေတာကြောင့် လာမဲ့၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို ဆိုင်းငံထားစေလိုတယ်လို့ KNU - ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ရဲ့ သောကြာနေ့က ကျင်းပတဲ့ အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့အပြင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လက်နက်ကိုင်လမ်းစဉ် စွန့်ပြီးတော့ နိုင်ငံရေးပါတီ ထူထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့နဲ့ လက်နက်ဖြုတ်သိမ်းရေးကိစ္စတွေဟာ KNU ရဲ့ရည်မှန်းချက်နဲ့ မကိုက်ညီဘူးလို့လည်း တာဝန်ရှိ သူတွေကပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား လက်မှတ်ရေးထိုးထားတဲ့ NCA သဘောတူညီချက်တွေ လက်တွေ့ကျင့်သုံးမှုမှာ ကွဲလွဲလာလို့ ၂၁ ရာစုပင်လုံ တတိယအကြိမ်ညီလာခံကို ဆိုင်းငံဖို့ သောကြာနေ့က ကျင်းပခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြတယ်လို့ KNLA ဒုတိယ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ က အခုလိုပြောပါတယ်။
“ဆိုင်းငံ့ထားသင့်တာပေါ့။ အခြေအနေ သဘောထား မကိုက်ညီဘူးလေ။ မတိုက်ဆိုင်ဘူးလေ။”
လက်ရှိ NCA သဘောတူညီချက်အရ မြန်မာ့တပ်မတော်ရဲ့ ဦးတည်ချက်နဲ့ လုပ်ငန်းတွေအပေါ် ပြန်လည်ဆန်းစစ် သုံးသပ် ဆွေးနွေးခဲ့ကြပြီး ယခုလို သဘောထား ချမှတ် ဆုံးဖြတ်လိုက်ခြင်း ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ NCA ကို အခြေခံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ နောက်ဆုံး ရည်မှန်းချက်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်နက်ကိုင်လမ်းစဉ်စွန့်ပြီးတော့ နိုင်ငံရေးပါတီ ထူထောင် ရွေးကောက်ပွဲဝင်ဖို့ လက်နက်ဖြုတ်သိမ်းရေး အရပ်သားအဖြစ်သာ ဆက်လက်ရပ်တည်သွားဖို့ စီးပွားရေး လုပ်ငန်းလုပ်ဆောင်ဖို့ ကို ဦးတည် ပြောဆိုနေတာကို KNLA အနေနဲ့ လက်မခံခဲ့တာပါ။
ပြီးခဲ့တဲ့လတုန်းက မြန်မာ့တပ်မတော်ခေါင်းဆောင်နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တို့ နေပြည်တော်တွေ့ဆုံမှုအတွင်း တပ်မတော်ဘက်က ပြောဆိုခဲ့တယ်လို့ KNLA တပ်မှူးတဦးက ဆိုပါတယ်။
တပ်မတော်ရဲ့သဘောထားဟာ KNU ရဲ့ရည်မှန်းချက်နဲ့ မကိုက်ညီဘူးလို့လည်း ကရင်အမျိုးသားအစည်းအရုံးရဲ့ ပြည်ထဲရေး၊ သာသနာရေးတာဝန်ခံ ပဒိုစောအားတိုးကပြောပါတယ်။
“တပ်မတော်ဘက်က အဲဒီလို သဘောထားတယ်ဆိုတာကတော့ ကျွန်တော်တို့ KNU ရဲ့ရည်မှန်းချက်လမ်းစဉ်တော့ မကိုက် ညီဘူးပေါ့။ ကျွန်တော်တို့ KNU ရဲ့ မူ ၅ ချက်အပေါ်မှာ ရပ်တည်ပြီးတော့လုပ်သွားမှာပါ။ ရပ်တည်သွားမှာပါ။”
မနေ့ကကျင်းပခဲ့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA) ရဲ့ အရေးပေါ်အစည်းအဝေးကနေ NCA သဘောတူညီချက်တွေ ကွဲလွဲလာတယ်လို့ ဆုံးဖြတ်ခဲ့ပေမဲ့ KNU အနေနဲ့က NCA လမ်းကြောင်းအတိုင်းဆက်သွားမယ်လို့ ပဒိုစောအားတိုးကပြောပါတယ်။
“မနေ့ကအစည်းအဝေးက NCA ကိုကျွန်တော်တို့ ဘာမှမပြောဘူး။ NCA ကတော့ကျွန်တော်တို့ ဆက်သွားနေမှာဘဲ။”
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ဟာ KNU ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံအဖွဲ့ဖြစ် နေတဲ့အတွက် KNLA ရဲ့ ဆုံးဖြတ်ချက်တွေဟာ KNU အပေါ် သက်ရောက်နိုင်မှုရှိ မရှိဆိုတဲ့အပေါ် ကရင်နိုင်ငံရေးအကဲခတ်သူ တဦးက အခုလိုသုံးသပ်ထားပါတယ်။
“KNLA ရဲ့ ဆုံးဖြတ်ချက်ပဲပြောပြော သဘောထားပဲပြောပြော။ KNU ရဲ့လုပ်ငန်းဆောင်ရွက်မှု အပေါ်ဘယ်လောက်အထိ ရိုက်ခတ်မလဲဆိုတော့ KNU ရဲ့ နိုင်ငံရေး ဦးဆောင်မှုအောက်မှာ ဒီ KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် ကနေ ပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စအ၀၀တွေကိုတော့ ဦးဆောင်မှုရဲ့ အခန်းကဏ္ဍမှာ သူကအကြွင်းမဲ့ လိုက်ပါဆောင်ရွက်ရမယ့် သဘောရှိတာပေါ့နော်။”
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်တချို့နဲ့ KNU ဗဟို အကြား မြန်မာ့တပ်မတော်လုပ်ဆောင်ချက်အပေါ် ရှုမြင်ရာမှာ အမြင်မတူမှုတွေ ရှိနေတယ်လို့လည်း သူကပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ရဲ့ အရေးပေါ်အစည်းအဝေးကို - KNLA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ၊ တပ်မဟာအသီးသီးကတပ်မှူးတွေ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ - KNDO က တပ်မှူးတွေ ကရင်အမျိုးသားရဲတပ်ဖွဲ့ - KNPF က တပ်မှူးတွေ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
တခြား NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တခုဖြစ်တဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော် - RCSS/SSA အနေနဲ့လည်း တောင်ကြီးမြို့မှာ အမျိုးသားအဆင့် အကြိုဆွေးနွေးပွဲကျင်းပဖို့ဟာ တပ်မတော်ကနေခွင့်မပြုဘူးလို့ တောင်ကြီးဆက်ဆံရေးရုံး တာဝန်ခံဗိုလ်မှူးကြီး စိုင်းဦး က ပြောပါတယ်။
“ကျွန်တော်တို့ တောင်ကြီးမှာလုပ်ဖို့ စီစဉ်ထားတာ သူ့ရဲ့အကြိုပေါ့နော်။ အဲတာမလုပ်ဖြစ်ဘူး။ ခွင့်ပြုချက်မရလို့ ကျွန် တော်တို့ သွားညှိနှိုင်းတာ အဆင်မပြေလို့။ ဒါကြောင့်မို့ လင်းခေးကိုလည်း ပြန်ပြီးတော့သ ုံးသပ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ပြန်ဆွေးနွေးရမှာ ဖြစ်ပါတယ်။ လုပ်ဖြစ် မလုပ်ဖြစ်မသေချာသေးဘူးပေါ့ လင်းခေးမှာ။”
ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ တပ်မတော်ကနေ သဘောတူထားတဲ့လင်းခေးမြို့မှာ ကျင်းပဖို့ကလည်း မသေချာသေးသလို လာမယ့် တတိအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ တက် မတက်ကိုလည်း ဗဟိုကော်မီတီအဖွဲ့ကနေ ဆွေးနွေး သွားမယ်လို့ ဗိုလ်မှူးကြီး စိုင်းဦး က ပြောပါတယ်။
NCA လက်မှတ်ရေးထိုးထားတဲ့ ABSDF ကျောင်းသားတပ်မတော်အဖွဲ့ ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးအကြို လူထုတွေ့ဆုံပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ KNU - ကရင်အမျိုးသားအစည်းအရုံး ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် - DKBA၊ တောင်ပိုင်းရှမ်းပြည်တပ်မတော် - RCSS/SSA၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ် - PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်ဦး - ALP၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF အစရှိတဲ့ အဖွဲ့ ၈ ဖွဲ့တို့ဟာ ၂၀၁၅ခုနှစ် အောက်တိုဘာလမှာ NCA အပစ်ရပ်လက်မှတ် ရေးထိုးနိုင်ခဲ့ကြတာဖြစ်ပါတယ်။