ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံတတိယအစည်းအဝေးဟာ ဇန်နဝါရီလကုန်မှာ ကျင်းပဖို့ ရည်ရွယ်ထားပေမဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ မပြီးပြတ်သေးတာကြောင့်ဖြစ်နိုင်ခြေအလားအလာ နည်းပါးကြောင်း ညီလာခံဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အဓိကအချက် အနေနဲ့ကတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲနဲ့ လူထုတွေ့ဆုံပွဲတွေ ကျင်းပရာမှာ အခက်အခဲတွေ ရှိ နေတာကြောင့်လို့လည်း သုံးသပ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံတတိယအစည်းအဝေးဟာ ဇန်နဝါရီလကုန်မှာ ကျင်းပဖို့ အတွက် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ နိုဝင်ဘာ ၂၇ ရက်ကပြုလုပ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ခြောက်ကြိမ်မြောက်အစည်းအဝေးတွင် သဘောတူညီခဲ့တာ ဖြစ်ပါ တယ်။
လောလောဆည်အခြေအနေအရ ဒီလကုန်မှာ ကျင်းပနိုင်ဖို့ အခြေအနေနည်းပါးနေကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ အတွင်းရေးမှုး စိုင်းကျော်ညွှန့် ပြောပါတယ်။
“ အခုပဲ လဝက်ရောက်နေပြီပေါ့ဗျာ။ ဒါပေမဲ့ ညီလာခံအတွက် ကြိုတင်ပြင်ဆင်တာတခုမှ မရှိသေးဘူး။ လောလောဆည်အထိ။ ညီလာခံအတွက် ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တွေ၊ ညီလာခံကျင်းပရေး အကုန်လုံးပေါ့ဗျာ။ ဘာမှ ကျနော်တို့ ဘာမှ မသိရသေးဘူးပေါ့ဗျာ။ အခုချိန်ထိ။ ပြီးခဲ့တဲ့ ၉ရက်နေ့က ကျနော်တို့ UPDJC ခေါ်မယ် ဆိုပြီးတော့ စီစဉ်ထားတာရှိတယ်။ အဲဒါလည်း မဖြစ်ခဲ့ဘူးပေါ့။ ညီလာခံမတိုင်ခင်မှာ ကြိုတင်ဆွေးနွေးစရာရှိတာ ဆွေးနွေးတဲ့ လုပ်ငန်းစဉ်တွေလည်း ဘာမှ မရှိခဲ့ဘူးပေါ့ဗျာ။ အဲတော့ကာ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်အရပေါ့။ ဒီလကုန်မှာ ညီလာခံဖြစ်ဖို့က တော်တော် ခက်သွားပါပြီ။”
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ပြီးတဲ့အပတ်က ၂ရက်ကြာ အရေးပေါ်အစည်းအဝေးကျင်းပပြီး နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးမှသာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာ ခံ-၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို ဆက်လက်ပြုလုပ်မှာဖြစ်ကြောင်း သတင်းထုတ်ပြန် ခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ အကြံပေးနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကလည်း လက်ရှိ အခြေအနေအရ ဒီလကုန်မှာကျင်းပဖို့ ခက်ခဲကြောင်း အခုလို ပြောပါတယ်။
“ ကျင်းပဖို့ကတော့ အခက်အခဲရှိမယ်ထင်တယ်။ ဘာလို့လည်းဆိုတော့ ကျနော်တို့ ဒီ RCSSရဲ့ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကလည်း ပထမအကြိမ်တုံးကလည်းမဖြစ် ဒီတခေါက်လည်း မဖြစ်ဆို တော့။ ကျန်တဲ့ အစုအဖွဲ့ကလည်း မပြီးသေးဘူး။ ALP တို့ကလည်း သူတို့ အဆိုပြုစာတမ်းတွေတင်ဖို့ကလည်း သူတို့ လူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်လည်း မရသေးတဲ့အပေါ်မှာ အခက်အခဲရှိမှာပဲ။ ဆိုလိုတာက ကြားထဲမှာ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ မပြီးပြတ်သေးတော့ ရက်အနည်းငယ်တော့ ရွှေ့ရမယ့်သဘောတော့ ရှိတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်အတိအကျတော့ မရှိသေးဘူးပေါ့။ အဲလိုနားလည်မှုတော့ ရှိထားကြတယ်။ အစိုးရဖက်နဲ့ ကျနော်တို့ ဖက်ပေါ့။ ”
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဒီဇင်ဘာလအတွင်း ကျင်းပတဲ့လူထုအကြို တွေ့ဆုံပွဲတွေ ကို တပ်မတော်က တားဆီးခဲ့တဲ့နောက် လင်းခေးမှာ ကျင်းပမယ့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရွှေ့ဆိုင်းခဲ့သလို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF က ကျင်းပတဲ့ လူထုတွေ့ဆုံပွဲတွေကိုလည်း ပိတ်ပင်ခံခဲ့ရပါတယ်။
UPDJC က နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ အတွင်းရေးမှုး စိုင်းကျော်ညွှန့်က နှစ်ဖက်ကျေကျေလည်လည်ဆွေးနွေးဖို့ လိုအပ်နေကြောင်းလည်း အခုလို သုံးသပ်ပါတယ်။
“ အခုက ဖြစ်နေတာက ဒီလိုဗျ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ဟာကို နားလည်မှုတွေက တဖက်နဲ့ တဖက် မတူကြဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေက နားလည်တာက ပုံစံတမျိုး၊ အစိုးရ၊ တပ်မတော်ဖက် က နားလည်တာက ပုံစံတမျိုး။ အဲဒါကြောင့်မို့လည်း လုပ်ရင်းကိုင်ရင်းနဲ့ လုပ်ရမယ်၊ မလုပ်ရဘူးဆိုတဲ့ ပဋိပက္ခတွေ ဖြစ်တာပေါ့ဗျာ။ အဲဒါ ကျေကျေလည်လည်ဆွေးနွေးသင့်တယ်။ ဘယ်ကိစ္စမဆိုပေါ့ဗျာ။ NCA နဲ့ ပတ်သက် လာရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် နှစ်ဦးနှစ်ဖက် ကျေကျေလည်လည်ဖြစ်ပြီးတော့ နှစ်ဦး နှစ်ဖက် သဘောတူထားတဲ့ ပုံစံသာလျှင်ဖြစ်သင့်တာပေါ့။ အဲလိုမှ နားလည်မှုမရှိဘူး။ ကျေလည်မှုမရှိဘူးဆိုရင် နှောင့်နှေးတာတို့ ဘာတို့က ဖြစ်လာမှာပဲ။ ”
၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကျင်းပရေးအတွက် လုပ်ဆောင်ဖို့ ကျန်နေတဲ့လုပ်ငန်းစဉ်တွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ ဆွေးနွေးဘက်တွေနဲ့ အလွတ်သဘောဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
တချိန်တည်းမှာတော့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ဟာ NCAမှာ ပါဝင်လက်မှတ်ရေးထိုးပြီး ၂၁ပင်လုံမှာ ပါဝင် ရေးအတွက်ထိုင်းမြန်မာနယ်စပ်အခြေစိုက် UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ဆွေးနွေးညှိနှိုင်းနေသလို တရုတ်မြန်မာနယ်စပ်ခြေစိုက်အဖွဲ့တွေနဲ့လည်း ဆွေးနွေး နေပါတယ်။