သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တွေအကူအညီပေးမှု ပိတ်ပင်ခံနေရ


ကချင်ဒုက္ခသည်များ
ကချင်ဒုက္ခသည်များ

မြန်မာ့တပ်မတော်နဲ့ ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ကချင်စစ်ဘေးရှောင်တွေ ထောင်သောင်းချီရှိနေဆဲဖြစ်ပြီး ပြည်ပနိုင်ငံတကာအဖွဲ့အစည်းတွေ အဲဒီဒုက္ခသည်တွေဆီ သွားပြီးကူညီတာကို မြန်မာတာဝန်ရှိသူတွေ အထူးသဖြင့် မြန်မာစစ်တပ်က ပိတ်ပင် ကန့်သတ်မှုတွေမလုပ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တခုဖြစ်တဲ့ Fortify Rights အဖွဲ့ကတောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ ရန်ကုန် ရှန်ဂရီလာဟော်တယ်မှာ ကျင်းပတဲ့ Fortify Rights အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း ို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပါလိမ့်မယ်။

ကချင်ရွှေ့ပြောင်းဒုက္ခသည်တွေကို နိုင်ငံတကာနဲ့ ပြည်တွင်းကအဖွဲ့အစည်းတွေက အကူအညီတွေမပေးနိုင်အောင်လို့ မြန်မာအစိုးရက ၂၀၁၁ ခုနှစ်ကနေ အခုအချိန်အထိ ကန့်သတ်မှုတွေလုပ်နေတယ်ဆိုပြီး Fortity Rights အဖွဲ့က အစီရင်ခံစာထုတ်ပြန်လိုက်တာပါ။

စစ်ဘေးရှောင် ဒုက္ခသည်တွေ လိုအပ်နေတဲ့ အထောက်အပံ့ခံစားခွင့်ကို ပိတ်ပင်တားဆီးတာဟာ ရာဇဝတ်မှုဖြစ်ပြီး ဒီလုပ်ရပ်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က အရေးယူဖို့အထိ ဦးတည်နေတဲ့အကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်ကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သတ်ပြီး Fortify Rights အဖွဲ့က သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ ဒေါက်တာဝင်းမြတ်အေး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဦးတေဇကျော်နဲ့ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမရ ဆီကို အခု သြဂုတ်လ ၈ရက်မှာ စာပေးပို့ပြီး အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း စစ်တပ်ရော၊ အစိုးရပါ ဘာတုန့်ပြန်ချက်မှ မပေးတဲ့အကြောင်း Fortify Rights အဖွဲ့က ပြောဆိုခွင့်ရှိသူဖြစ်တဲ့ David Baulk ကအခုလိုပြောပါတယ်။

“ကချင်ဒုက္ခသည် စခန်းတွေမှာအကူအညီပေးနေတဲ့ သူတွေ ကျွန်တော်တို့ကိုပြောတာက သူတို့သွားလာခွင့် နောက်ဆုံး ခွင့်ပြုချက်ကို တပ်မတော်ဆီက တောင်းခံရတယ် ဆိုတာပါ။ ဒါကို NLD အစိုးရ၊ အရပ်သားအစိုးရက အရေးယူပြီး ဖြေရှင်းပေးတာ မရှိခဲ့ပါဘူး။ အရပ်သားအစိုးရနဲ့ စစ်တပ်က သဘောထားတခုတည်းလို့ ပြောရမှာပါ။ ဒါကိုမြင်ရတာကျွန်တော်တို့ စိတ်ပျက်မိတယ်။”

သြဂုတ်လ ၂၇ရက်က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ အချက်အလက်ရှာဖွေရေးအဖွဲ့ကလည်း မြန်မာအာဏာပိုင်တွေက ကချင်ပြည်နယ်မှာရှိတဲ့ အရပ်သား ပြည်သူတွေကို လူသားချင်းစာနာတဲ့အထောက်အပံ့တွေ ပေးတာ ပိတ်ပင်ခံနေရတဲ့အကြောင်း အစီရင်ခံစာမှာ ဖေါ်ပြခဲ့ပါတယ်။

ဒီကိစ္စတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ ချက်ခြင်း အရေးယူဖို့ တင်ပြသင့်တယ်လို့ Fortify အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ Amy Smith ကအခုလိုပြောပါတယ်။

“ကချင်အရပ်သားတွေတင်မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့အရပ်သားတွေပေါ် တလျှောက်လုံးကျူးလွန်ခဲ့တာတွေက ယုံကြည်လောက်တဲ့ သက်သေ အထောက်အထားတွေ ရှိနေပါတယ်။ ကျွန်မတို့ ဘယ်သူတွေအပေါ်မှာ တာဝန်ရှိလဲဆိုတာ သက်သေအထောက်အထားတွေကိုလည်း စုံစမ်းစစ်ဆေးတာတွေလုပ်နိုင်ဖို့ ထုတ်ဖော်သွားပါမယ်နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ အရေးယူဖို့ပါ။ ဒါက ရှေ့ဆက်ဖို့သိပ်အရေးကြီးပါတယ်။”

Fortify Rights က အမေရိကန်ပြည်ထောင်စုနဲ့ ဆွစ်ဇာလန်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့အဖွဲ့အစည်းဖြစ်ပြီး ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်တာ တွေကို စုံစမ်းဖော်ထုတ်နေတဲ့ အရှေ့တောင်အာရှ အခြေစိုက် အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ အစီရင်ခံစာ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ မြန်မာအစိုးရဘက်ကတော့ တစုံတရာ တုံပြန်တာမျိုး မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG