ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက သက်တမ်းလွန်လုပ်ကွက်တွင်း မနေ့ကမြေပြိုကျမှုမှာထဲ ပါသွားတဲ့ ရေမဆေးကျောက် ရှာဖွေ ပျောက်ဆုံးနေသူ တွေထဲက လူပျောက်လာတိုင်ထားတာ ၂၇ဦးအထိ ရှိနေပြီဖြစ်ပြီး အခုအချိန်အထိ အလောင်းတလောင်းမှ မဆယ်ယူနိုင်သေးဘူးလို့ ဖားကန့်ဒေသခံတွေ က ပြောပါတယ်။ ၂၀၁၈ခုနှစ်အတွင်းမှာကို ဖားကန့်ဒေသထဲ မြေပြိုကျမှုကြောင့် သေဆုံးသူပေါင်း ၁၂၀ကျော်အထိ ရှိသွားပြီဖြစ်တဲ့ အတွက် မြေပြိုကျမှုအန္တရာယ် သိပ်ကြီးမားလွန်းနေတဲ့နေရာတွေ လုပ်ကွက်တွေကို ဝင်ရောက်ကျောက်တူးရှာဖွေတာ မလုပ်နိုင်အောင် အာဏာပိုင်တွေဘက်က တင်းတင်းကျပ်ကျပ် တားမြစ်သင့်တယ်လို့ ဒေသခံနိုင်ငံရေးပါတီတွေက တိုက်တွန်းပါတယ်။ မဆုမွန် အသေးစိတ် ဆက်သွယ်မေးမြန်းထားပါတယ်။
မနေ့ တနင်္လာနေ့ ဇူလိုင်လ ၂၄ရက်နေ့ မနက် ၅း၀၀နာရီ လောက် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆပ်မူအုပ်စု မက်မုံကျေးရွာအပိုင် အောက်မက်လင်ချောင် ကျေးရွာအနီး ကျာက်စိမ်းနန်းတော် ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီ သက်တမ်းကုန် လုပ်ကွက်ကနေ ကျောက်ကမ်းပါး နံရံပြိုကျခဲ့တဲ့အတွက် ရေမဆေးကျောက်ရှာဖွေနေသူ လူအတော်များများ မြေပြိုကျမှုထဲ ပါသွားခဲ့ပါတယ်။
အခုအချိန်အထိကတော့ ကျောက်တူးသမားတွေရဲ့မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေက သက်ဆိုင်ရာကို လူပျောက်လာတိုင်ကြားထားတာကတော့ ဒီကနေ့ ဇူလိုင်လ ၂၅ရက်နေ့အထိ ၂၇ဦးအထိရှိသွားပြီဖြစ်ပြီး မြေပြိုကျသွားတဲ့ ကမ်းပါးက အင်မတန်မတ်စောက်လွန်းတဲ့အတွက် မြေပိခံရသူတွေကို ကယ်ဆယ်ဖို့ခက်ခဲတာမို့ အခုအချိန်အထိ တဦးတယောက်ကိုမှ ဆယ်ယူနိုင်သေးတာ မရှိသေးဘူးလို့ ဖားကန့်ဒေသခံလည်းဖြစ် နယ်မြေခံသတင်းသမားတဦးဖြစ်တဲ့ ကိုဇော်မိုးထက်က နောက်ဆုံးအခြေအနေကို ပြောပြပါတယ်။
" ဒီကနေ့ နောက်ဆုံးစာရင်းကတော့ ၂ ယောက်တိုးလာတယ်။ အားလုံးကတော့ ၂၇ ယောက်ဖြစ်မယ်။ သူတို့ ပြန်မလာတဲ့လူတွေကို စာရင်းပေးတာ။ ဆယ်ဖို့ကတော့ မစဉ်းစားပါနဲ့ဦး အဲဒီနေရာကို ရောက်ဖို့က လမ်းတွေဘာတွေဖောက်နေတယ်။ စက်ယန္တယားတွေနဲ့ အဲဒီနေရာကို ဖောက်ဖို့အတွက်။"
သက်ဆိုင်ရာ အာဏာပိုင်တွေ၊ နာရေးကူညီမှုအသင်းနဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဘက်ကတော့ အဲ့ဒီ့မြေပြိုကျမှုဖြစ်ခဲ့တဲ့နေရာအထိ သွားရောက်ပြီး ကူညီကယ်ဆယ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ဒီလိုမြေပြိုကျမှုတွေဖြစ်နေပေမဲ့လည်း အဲ့ဒီ့မြေပြိုကျတဲ့နေရာအနီးတဝိုက်- အထူးသဖြင့် မြေပြိုကျနိုင်တဲ့အန္တရာယ်ရှိတဲ့နေရာတွေမှာ အခုအချိန်အထိ ကျောက်ရှာဖွေနေကြဆဲဖြစ်တာကို တွေ့ရတာကတော့ အင်မတန် စိုးရိမ်စရာကောင်းတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံသတင်းသမားကိုဇော်မိုးထက်ကပြောပြပါတယ်။
"အဲဒီနေရာကို နေ့ခင်းပိုင်းက ကျနော်တို့ရောက်တာပေါ့နော် ။ အဲဒီနားမှာရှိတဲ့ လူမှုကူညီရေးအသင်းတွေ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ကားလမ်းဖောက်နေတယ်ပေါေ့န်ာ။ လမ်းဖောက်နေတယ်ဆိုတာက အဲဒီနေရာကတော့ တော်တော်ခက်ခဲတယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာကိုသွားဖို့အတွက်ကို လောလောဆည် အဲဒီနားကကုမ္မဏီ က ယန္တယားတွေခေါ်ပြီးတော့မှ အဲဒီနေရာကို ဆင်းဖို့အတွက် လမ်းဖောက်တာပေါ့ ။ နာရေးကူညီမှုအသင်းတွေလည်း အလောင်းပေါ်ရင် ကောက်ဆယ်ဖို့ ဆင်းဖို့အတွက်ရှိတယ်။ တချို့နေရာတွေက အန္တရာယ်ရှိသတိပေး ဆိုင်းပုဒ်တွေစိုက်ထားတာရှိတယ်၊ ကျောက်ကမ်းပါးတွေမှာ မသွားလာဖို့အတွက်။ ဒါပေမယ့် ဒီမှာလည်း မနေ့က မြေပြိုတဲ့အောက်ကိုသွားပြီးတော့ အပေါ်ကလည်း ထပ်ပြိုဖို့အလားအလာရှိသေးတာကို ရေမဆေးသမားတွေက ထပ်ပြီးရှာတယ်၊ ရဲတွေကတားတယ်၊ ဂရုကိုမစိုက်တာ ။ ဒီထက်ဆိုးတာက အဲဒီက ပြိုကျသွားတဲ့ ကမ်းပါးတောင်ထိပ်ကနေ မျောတိုက်ချတာရှိသေးတယ်ခင်ဗျ။ အဲဒါကတော့ လူတွေကလည်း စည်းကမ်းလိုက်နာတဲ့အပိုင်းမှာ အရမ်းလိုနေတာကို တွေ့တယ်။"
အခုဆိုရင်တော့ ၂၀၁၈ခုနှစ်အတွင်း ဖားကန့်ကျောက်စိမ်းနယ်မြေထဲ ဇန်နဝါရီလကနေ အခုဇူလိုင်လကုန်အထိ မြေပြိုကျမှုတွေအတွင်း သေဆုံးသူအလောင်းရှာဖွေတွေ့ရှိခဲ့တာဆိုရင် ၁၂၀ကျော်အထိ ရှိသွားပြီဖြစ်လို့ ဒီနှစ်ကတော့ အတော်လေးကို အခြေအနေဆိုးဝါးလွန်းနေပြီဖြစ်တယ်လို့လည်း ဒေသခံသတင်းသမားက ပြောပါတယ်။
အခုလို မြေပြိုကျလို့ လူရာနဲ့ချီပျောက်ဆုံးသေဆုံးနေရတဲ့ အန္တရာယ်များလွန်းတဲ့ကျောက်စိမ်း တူးဖောက်ရေးလုပ်ငန်းခွင်တွေ၊ မြေစာပုံတွေ၊ သက်တမ်းလွန်လုပ်ကွက်တွေထဲ ဝင်ရောက်ကျောက်တူးဖော်တာမျိုးမလုပ်အောင် သက်ဆိုင်ရာအာဏာပိုင်တွေနဲ့တာဝန်ရှိသူတွေဘက်က တင်းတင်းကျပ်ကျပ် တားဆီးပိတ်ပင် သင့်တယ်လို့ Kachin National Congress Party (KNC) ကချင်အမျိုးသား ကွန်ကရက်ပါတီက ဦးလဖိုင်အောင်လ က တိုက်တွန်းပြောဆို လိုက်ပါတယ်။
"ကျောက်စိမ်းတွင်းနဲ့ ပတ်သက်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ သတ္တုတွင်း သံယံဇာတတွေကို တူးဖော်ဖို့ ကျနော်တို့ နိုးဆော်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ သက်ဆိုင်တဲ့ လူတွေကနေပြီးတော့ ကျနော်တို့ပြောတာတွေကို အလေးမထားကြပါဘူး။ သတ္တုတွင်း ဝန်ကြီးဌာနတွေကလည်း မိုင်းခွဲတာတို့ တူးဖော်တဲ့နေရာမှာ တိတိကျကျ စည်းကမ်းနဲ့ ကြည့်ပေးဖို့ စည်းစနစ်ကျကျလုပ်ဖို့ တောင်းဆိုချင်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ဒီတူးဖော်တဲ့နေရာမှာလည်း တားမြစ်ထားတဲ့နေရာကို မသွားဖို့အတွက် အဲဒါတချက်တောင်းဆိုချင်ပါတယ်။"
အခုလို ဖားကန့်ဒေသကျောက်စိမ်းတွင်းမှာ လူရာနဲ့ချီ အစုလိုက်အပြုံလိုက်သေကြေ ပျက်စီးနေရတဲ့အဖြစ်ကို ပြည်ထောင်စုအစိုးရဘက်ကအထူးကိစ္စရပ်အနေနဲ့ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းသင့်နေပြီလို့လည်း ကချင်ပြည်နယ် တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုဆိုင်ရာ အရေးဆောင်ရွက်နေတဲ့ ဥပဒေပညာရှင်တွေက တိုက်တွန်းနေကြသလို မြေပြိုကျမှုတွေကြောင့် လူပျောက်ဆုံး သေဆုံးခဲ့ရတဲ့ ထိခိုက်နစ်နာမှုတွေနဲ့ ကျန်ရစ်သူမိသားစုတွေကို ကချင်ပြည်နယ်အစိုးရ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ထိရောက်တဲ့ ကူညီဖြေရှင်းမှုတွေနဲ့ဆောင်ရွက်ပေးဖို့ကို ဒေသခံတွေက တိုက်တွန်းနေကြပါတယ်။