အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝန်းက ယူဆထားတဲ့ ကုမ္ပဏီတခု အပါအဝင် တရုတ်နိုင်ငံက နည်းပညာလုပ်ငန်း ၄ ခုကို သတင်းအချက်အလက်တွေ ဝေမျှပေးဖို့ သဘောတူ လက်ခံထားခဲ့ကြောင်း Facebook အင်တာနက် လူမှုကွန်ယက်က ဝန်ခံပြောဆိုလိုက်ပါတယ်။ အခုနောက်ဆုံး ဝန်ခံပြောဆိုမှုကြောင့် သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလိက အချက်အလက်တွေကို အသုံးချမှုနဲ့ ပတ်သက်လို့ Facebook ရဲ့ ကိုင်တွယ်မှုတွေအပေါ် စိုးရိမ်မှုတွေလည်း ထပ်မံထွက်ပေါ်လာပါတယ်။
Facebook သုံးသူတွေ အနေနဲ့ ဆက်သွယ်ရေး ကရိယာမျိုးစုံကို သုံးနိုင်အာင် တရုတ်ကုမ္ပဏီတွေဖြစ်ကြတဲ့ Huawei, Lenovo, OPPO နဲ့ TCL တို့ အပါအဝင် ဆက်သွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းပေါင်း ၆၀ လောက်နဲ့ အချက်အလက်တွေ ဖလှယ်ရေး အထူးသဘောတူညီချက်တွေ ရှိနေတဲ့အကြောင်း New York Times သတင်းစာကြီးက ဖော်ပြခဲ့အပြီး ၂ ရက်အကြာမှာပဲ Facebook ကုမ္ပဏီက သတင်းမှန်ကန်ကြောင်း အတည်ပြုပြောဆိုခဲ့တာပါ။
အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိသူတွေကတော့ Huawei ကုမ္ပဏီထုတ် ပစ္စည်းတွေနဲ့ အင်တာနက် ဆာဗာတွေက အချက်အလက်တွေကို တရုတ်အစိုးရက တောင်းခံနိုင်တယ်ဆိုပြီး စိုးရိမ်ကြောင်း ပြောဆိုထားကြပါတယ်။ စိုးရိမ်မှုတွေကြောင့် Huawei ကုမ္ပဏီထုတ် အဆင့်မြင့် လက်ကိုင်ဖုန်းတွေကို စစ်စခန်းတွေမှာ ရောင်းချသုံးစွဲခွင့်ကိုလည်း အမေရိကန်စစ်တပ်က တားမြစ်ထားတာပါ။
Facebook ရဲ့ လက်ကိုင်ဖုန်းလုပ်ငန်းတွေနဲ့ တွဲဖက်လုပ်ငန်းတွေမှာ ဒုဥက္ကဋ္ဌ တာဝန်ယူထားတဲ့ Francisco Varela ကတော့ Huawei အပါအဝင် တခြားတရုတ်ကုမ္ပဏီတွေနဲ့ အချက်အလက် ဖလှယ်မှုတွေကို စတင်ဆောင်ရွက်စဉ်ကတည်းက ထိန်းချုပ်မှုတွေ ရှိတဲ့အကြောင်း မနေ့တုန်းကပဲ ပြောဆိုခဲ့ပါတယ်။ ဗြိတိန်နိုငငံ အခြေစိုက် နိုင်ငံရေးဆိုင်ရာ အတိုင်ပင်ခံ လုပ်ငန်းတခုဖြစ်တဲ့ Cambridge Analytica က သန်းနဲ့ချီတဲ့ Facebook သုံးသူတွေရဲ့ အချက်အလက်တွေကို ရယူနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ချိန်ကစလို့ အင်တာနက်လူမှုကွန်ယက် လုပ်ငန်းကြီးဖြစ်တဲ့ Facebook ဟာ အကြီးအကျယ် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။