ဒီတပတ် မျက်မှောက်ရေးရာ အစီအစဉ်မှာ အခုတလော လူပြောသူပြောများနေတဲ့ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်အခြေအနေ နဲ့ပတ်သက်လို့ VOA သတင်းသမားတဦးရဲ့ ကိုယ်တွေ့အခြေအနေနဲ့ သူ့ရဲ့တဦးချင်းအမြင်က ဘယ်လိုရှိပါသလဲ။ ကိုဇော်ဝင်းလှိုင်ဟာ ယခင် ဦးသိန်းစိန်အစိုးရလက်ထက်မှာနဲ့ အခုလက်ရှိ NLD အစိုးရလက်ထက်မှာပါ မြန်မာနိုင်ငံမှာအခြေစိုက်ပြီး VOA အတွက် မြန်မာနိုင်ငံဆိုင်ရာသတင်းတွေကို တာဝန်ယူကြီးကြပ်တဲ့အပြင် ကိုယ်တိုင်လည်း သတင်းလိုက်သတင်းပို့ခဲ့သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ယခင်နဲ့ယခု သတင်းလွတ်လပ်ခွင့်အခြေအနေကို ကိုဇော်ဝင်းလှိုင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဖြေ ။ ။ ဒီနေရာမှာ သတင်းမီဒီယာနဲ့ ပတ်သက်ရင် နှစ်ပိုင်းရှိတယ်လို့ မြင်ပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာတော့ သူက စစ်အစိုးရလက်ထက်ကနေ အရပ်သားတပိုင်း ဒီမိုကရေစီအစိုးရကို ပြောင်းဖို့လုပ်တဲ့အခါကြတော့ သူတို့ဘက်က သတင်းမီဒီယာအပါအဝင် လွတ်လပ်ခွင့်တွေကို လျှော့ပေးဖို့ တော်တော်လေး ကြိုးစားလုပ်ဆောင်ခဲ့တယ်ဆိုတော့ အင်မတန် တင်းကြပ်တဲ့ အာဏာရှင်လက်အောက်ကနေ နည်းနည်းဖြေလျှော့ပေးလိုက်တော့ လူထုကလည်း လွတ်လပ်ခွင့်ရတယ်လို့ ခံစားရတယ်အပိုင်းလည်း ရှိရင်ရှိမှာပေါ့။
ဒါပေမဲ့ အခု ဒီမိုကရေစီအစိုးရလက်ထက်မှာကြတော့ တမျိုးဖြစ်တာက အများစုက မျှော်လင့်ထားတာက အင်မတန် လွတ်လပ်မယ်။ အင်မတန် ကောင်းမယ်လို့ မျှော်လင့်ထားတာကနေ အရင် ဦးသိန်းစိန်အစိုးရလောက်တောင် မကောင်းဘူးဆိုတဲ့ အမြင်မျိုး ဖြစ်လာကြတယ်။ ကျနော် မြင်မိတာကတော့ သတင်းမီဒီယာနဲ့ ပတ်သက်လို့ရှိရင် လွတ်လပ်ခွင့် မရှိတာအပြင်၊ သတင်းရယူခွင့်ကလည်း လွတ်လွတ်လပ်လပ် မရဘူးဖြစ်နေတယ်။
ပြည်တွင်းမှာ သတင်းယူတဲ့အခါ သမ္မတဦးသိန်းစိန်လက်ထက်တုန်းက ဝန်ကြီးတွေကိုလည်း ကြိုက်သလို အင်တာဗျူး လုပ်လို့ရတယ်။ အစိုးရပြောရေးဆိုခွင့် ရှိသူတွေကိုလည်း အတိုင်းအတာတခုအထိ မေးမြန်းခွင့်ရတယ်၊ အင်တာဗျူးခွင့်ရခဲ့တယ်။ ဒါပေမဲ့ NLD အစိုးရလက်ထက်မှာကြတော့ သတင်းမီဒီယာအပေါ်ကို တော်တော်လေး ထိန်းချုပ်တယ်။ ကန့်သတ်တယ်။ လွတ်လပ်ခွင့် မရှိဘူး။ အထူးသဖြင့်တော့ အားလုံးလည်း သိကြတဲ့အတိုင်းပဲ ဖမ်းဆီးမှုတွေလည်း ပိုများလာတယ်။ ပိုပြီးတော့ မလွတ်လပ်ဘူး။ ပိုပြီးတော့ သတင်းယူခွင့် မရှိဘူး။ ကန့်သတ်ခံရတယ်ဆိုတာကတော့ သိသာပါတယ်။
မေး ။ ။ ဆိုတော့ ကိုဇော်ဝင်းလှိုင် တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလတုန်းကလည်း ဦးသိန်းစိန်အစိုးရလက်ထက်က ရရှိခဲ့ဖူးတဲ့ အဆက်အသွယ်တွေ၊ ဝန်ကြီးတွေကို မေးမြန်းပိုင်ခွင့်မျိုးတွေဟာ ဒီ NLD အစိုးရ တက်လာတဲ့နောက်မှာ ဆုံးရှုံးသွားတယ်ပေါ့။
ဖြေ ။ ။ ဆုံးရှုံးသွားတယ်။ မပြောရဲတာလား။ မပြောချင်တာလား။ ပြောခွင့်မရှိတာလား ကျနော်တို့ မသိဘူး။
မေး ။ ။ မေးတော့မေးတယ် သူတို့ ပြန်မဖြေဘူး။
ဖြေ ။ ။ ဟုတ်တယ်။ ဥပမာဆိုရင် ကျနော် ရန်ကုန်တက္ကသိုလ်ထဲမှာ ပညာရေးနဲ့ ပတ်သက်တဲ့ အခမ်းအနားတခု လုပ်တယ်။ ပညာရေးဝန်ကြီးတက်တယ်။ အမေရိကန်သံအမတ်ကြီးလည်း တက်တယ်။ ပညာရေးဝန်ကြီးကို အခမ်းအနားပြီးတော့ Comment လေးတခုပေးပါဆိုပြီး တောင်းတာ သူက မပေးဘူး။ အရပ်စကားနဲ့ ပြောမယ်ဆိုရင်တော့ ပတ်ပြေးသွားတယ်။ အတင်းငြင်းတယ်။ ကျနော် အကြိမ်ကြိမ်တောင်းတယ်။ ဘယ်လိုမှ မပေးဘူး ထွက်ပြေးသွားတယ်။ သူ့နောက်က လိုက်လာတဲ့ အမေရိကန်သံအမတ်ကြီး မေးတဲ့အခါကြတော့ လိုက်လိုက်လျောလျောပဲ ကျနော်ပြောပါမယ်ဆိုပြီးတော့ မေးတဲ့မေးခွန်းတွေကို အကုန်လုံး ဖြေပေးသွားတယ်။ ဆိုလိုချင်တာက ဖုန်းတဲ့ဆက်သွယ်ပြီး မေးတာမျိုးတောင် မဟုတ်ဘဲနဲ့ မျက်နှာချင်းတွေ့ပြီးတော့ ခွင့်တောင်းတာကို သူတို့ မလုပ်ရဲကြဘူး။ မပြောချင်ဘူး ဖြစ်နေကြတယ်။
မေး ။ ။ ပညာရေးဝန်ကြီးကို နမူနာပေးတာပေါ့။ ဆိုတော့ အဲဒါ သူတို့တဦးချင်း Individual နဲ့ ဆိုင်သလား။ အစိုးရရဲ့ မူဝါဒကများ အဲဒီလို မပေးနိုင်အောင် တားမြစ်ထားတာ မဟုတ်တောင်မှ တစုံတရာ အခြေအနေ ဖန်တီးထားတယ် ထင်သလား။
ဖြေ ။ ။ ကျနော်ကတော့ တစုံတရာ ဖန်တီးထားတယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးတပြေညီ ဘယ်သူကမှ ကျနော်တို့ကို လိုလိုလားလား ပြောတယ်လူ မရှိသလောက် ဖြစ်နေတာ။ ဘယ်သူကိုမှ ကျနော်တို့ မေးခွင့်မရဘူး ဖြစ်နေတော့ ကျနော်ထင်တယ် အဲဒီလိုမျိုးလည်း အပြင်မှာ ကြားနေရတယ် မီဒီယာတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သတိထားဖို့၊ မပြောဖို့၊ တားဆီးထားတယ်၊ ကန့်သတ်ထားတယ်လို့ ကြားနေရတယ်။ ကောလာဟလလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ကျနော်တို့ ကြုံတွေ့ခဲ့ရတာနဲ့ နှိုင်းယှဉ်လိုက်ရင် အဲဒီကြားရတဲ့အသံတွေက မှန်သလိုဖြစ်နေတယ်။
မေး ။ ။ ဒါပေမဲ့ လူကယ်ပြန်ဝန်ကြီးဆိုရင် တော်တော်လေး ပြောနေတာ တွေ့ရတယ်။ သူနဲ့ကြတော့ကော။ ဟိုတုန်းက အဲဒီလိုနေရာမျိုး ရှိခဲ့တဲ့ ပုဂ္ဂိုလ်နဲ့ ဆက်ဆံခဲ့ဖူးသလား။
ဖြေ ။ ။ အဲဒီလိုလူမျိုးနဲ့တော့ မဆက်ဆံခဲ့ဖူးဘူး။ ဒေါက်တာဝင်းမြတ်အေးကတော့ ထူးထူးခြားခြား ပုဂ္ဂိုလ်တယောက်လို့ပဲ ပြောရလိမ့်မယ်။ နောက်ပြီးတော့ သူလုပ်နေတဲ့ အလုပ်တွေကလည်း အများပြည်သူသိအောင်၊ ပြောရဆိုရမယ့် အပိုင်းကဏ္ဍတွေရှိတော့ အထူးသဖြင့်တော့ သူ့ရဲ့ Personality နဲ့ပဲ ဆိုင်လိမ့်မယ်လို့ ထင်ပါတယ်။
မေး ။ ။ ဒေသဆိုင်ရာ ဒေသန္တရဝန်ကြီးချုပ်တွေ၊ ပြည်နယ်နဲ့တိုင်း အစိုးရဝင်တွေနဲ့ ဆက်ဆံတဲ့ဟာတွေ ကွဲပြားသွားတာရှိလား။ ဟိုတုန်းကနဲ့ အခုအခါ။
ဖြေ ။ ။ အဲဒါတော့ ကွဲပြားသွားတယ်။ ကျနော် ပြည်နယ်နဲ့တိုင်းဝန်ကြီး နှစ်ယောက်ကို တွေ့ခွင့်ရတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုလည်း လွှတ်တော်ထဲမှာ တွေ့ခွင့်ရတယ်။ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတုန်းက သူကို လွှတ်တော်ထဲမှာ တွေ့တာနဲ့ ရခိုင်ပြည်ကအခြေအနေ၊ သူ့ရဲ့သမ္မတအသစ်ပေါ် အမြင်တွေကိုမေးတော့ မေးတဲ့မေးခွန်းတွေကို လွတ်လွတ်လပ်လပ်ပဲ ဖြေပေးသွားတာကို တွေ့ရတယ်။ ဆိုတော့ ပြည်နယ်နဲ့တိုင်းဒေသ ဝန်ကြီးချုပ်တွေကတော့ နည်းနည်းလေး ကွာနေတာကို တွေ့ရတယ်။ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ပြောရေးဆိုခွင့် ရှိသူတွေနဲ့ ယှဉ်ရင်ပေါ့။
မေး ။ ။ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကရော ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို ချဉ်းကပ်ဖူးလား။ အဲဒီတုန်းကရော ရဖူးလား။
ဖြေ ။ ။ အဲဒီတုန်းကတော့ ကျနော် မချဉ်းကပ်ဖူးဘူး။ မရဖူးဘူး။
မေး ။ ။ ဆိုတော့ တခြားအဓိကအားဖြင့် မြန်မာနိုင်ငံအကြောင်း ပြောတဲ့အထဲမှာ အဖမ်းအဆီးကိစ္စ - ကိုဝလုံး၊ ကိုကျော်စိုးဦးတို့ Reuters သတင်းထောက်တွေကို ဖမ်းဆီးမှုကတော့ အဓိကကိစ္စ ဖြစ်နေတယ်။ ဦးသိန်းစိန်လက်ထက်တုန်းကလည်း သတင်းထောက် တော်တော်များများ ဖမ်းဆီးခံရတယ်လို့ ပြောကြတယ်။ အဲဒီတုန်းက ဖမ်းဆီးမှုတွေဟာ နိုင်ငံတကာက ဒီလောက်စိတ်မဝင်စားလို့လား။ ရိုက်တာဆိုရင် နိုင်ငံတကာသတင်းဌာန သူတို့နဲ့ ထိလိုက်ရင်တော့ အများကြီးဖြစ်မယ်ဆိုတာတော့ သေချာတာပေါ့။ ဟိုတုန်းကလဲ ဖမ်းခဲ့တာပဲ အဲဒီတုန်းက Local Media တွေနဲ့ အများကြီး ပတ်သက်တယ်ထင်တယ်။ အဲဒီအဖမ်းအဆီးကိစ္စကို ဘယ်လို နှိုင်းယှဉ်တွေးမိသလဲ။
ဖြေ ။ ။ ကိုဝလုံးတို့ကိစ္စကတော့ နည်းနည်းလေး ထူးခြားတယ်။ စောစောကပြောသလို သူတို့က နိုင်ငံတကာအခြေစိုက် သတင်းဌာနရဲ့ မြန်မာနိုင်ငံသတင်းထောက်တွေ ဖြစ်နေတာတပိုင်း၊ နောက်တခုက ဒီကိစ္စမှာ မြန်မာနိုင်ငံအတွက် ဆတ်ဆတ်ထိမခံ ဖြစ်နေတဲ့ ရခိုင်ကိစ္စနဲ့ ဆက်နွှယ်နေတာတပိုင်းလည်း ပါလိမ့်မယ်။ နောက်တခုက နိုင်ငံတကာက အာရုံစိုက်တာက Reuters ဖြစ်နေတာအပြင်ကို ဒီမိုကရေစီအစိုးရပါ ဆိုပြီးတော့ ကြွေးကြော်ပြီး တက်လာတဲ့ အစိုးရလက်ထက်မှာ ဖမ်းရသလားဆိုတဲ့ အံ့သြမှုလည်း ပါလိမ့်မယ်ထင်တယ် ကျန်တဲ့တပိုင်းက။
မေး ။ ။ ဦးသိန်းစိန်လက်ထက်က အဖမ်းအဆီးတချို့လဲ ဒီလောက်တော့ ရှိမှာပေါ့ဆိုတဲ့ အမြင်မျိုးနဲ့ မြင်ကြသလား။
ဖြေ ။ ။ ဟုတ်ကဲ့ ကျနော်က စောစောက ပထမပြောခဲ့တာ အဲဒါပဲ - ဦးသိန်းစိန်အစိုးရတုန်းကတော့ စစ်အစိုးရတပိုင်း၊ အရပ်သားအစိုးရဆိုပြီး မြင်တဲ့အခါကြတော့ သူ့အရှေ့မှာ ရှိခဲ့တာတော့ အင်မတန် မလွတ်လပ်တဲ့ တကယ့်ကို တင်းကြပ်တဲ့ အာဏာရှင်အစိုးရဖြစ်နေတော့ ဦးသိန်းစိန်အစိုးရနဲ့ ယှဉ်လိုက်ရင် တော်တော်ကြီးကို လွတ်လပ်နေခဲ့တယ်။ အဲဒီအခါကြတော့ အံ့သြစရာ သိပ်မရှိဘူး ဖြစ်နေတယ်။ ဒါပေမဲ့ အခု NLD အစိုးရလက်ထက်ကြတော့ အားလုံးက အကုန်လွတ်လပ်မယ်လို့ ထင်ထားတဲ့ အခြေအနေမှာ ပြောင်ပြန်ပြန်ဖြစ်သွားသလို ဖြစ်နေတယ်။ ဒီနေရာမှာ ကျနော် တခုထောက်ပြောချင်တာက သမ္မတသစ် ဦးဝင်းမြင့်က သတင်းမီဒီယာဟာ အရေးကြီးတယ်။ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍဟာ မြန်မာနိုင်ငံမှာ လိုအပ်တယ်ဆိုတာကို သမ္မတက သူ့ရဲ့ ပထမဦးဆုံးပြောတဲ့ မိန့်ခွန်းမှာ ထည့်ပြောသွားတယ်။ နောက် နှစ်သစ်ကူးမိန့်ခွန်း ထပ်ပြောတော့လည်း သူက အဲဒီကိစ္စကိုပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကိစ္စကို ထည့်ပြောတယ်။ ဆိုတော့ ကျနော်ထင်တာက သူတို့ အစိုးရအဖွဲ့ထဲမှာ သတင်းမီဒီယာအပေါ် ထားရှိတဲ့သဘောထား နည်းနည်းများ ပြောင်းလာပြီလား။ သမ္မတသစ်နဲ့ အစိုးရသစ်အဖွဲ့နဲ့အတူ ဆိုတာကတော့ နည်းနည်းစဉ်းစားစရာ ဖြစ်လာတယ်။
မေး ။ ။ အဲဒါကိုတော့ ကိုယ်တိုင်စောင့်မကြည့်ရသေးဘူးပေါ့။ နောက်တကြိမ်ဆိုရင်တော့ ကြုံရမှာပေါ့။
ဖြေ ။ ။ ဟုတ်ကဲ့ သမ္မတသစ်ကတော့ တစ်လခွဲလောက်တော့ ရှိသွားပြီ။ ဘာမှတော့ ဖြစ်လာတာ မတွေ့သေးဘူး။ ဒါပေမဲ့ ပြောတယ်ဆိုတာကိုက နည်းနည်းလေး ထူးခြားတဲ့အပိုင်း ဖြစ်လာတာပေါ့။
မေး ။ ။ နောက်တခုက မြန်မာနိုင်ငံမှာ ဟိုတုန်းကသွားခဲ့တဲ့ နောက်ပိုင်းမှာ မီဒီယာအဆင့်အတန်း အဲဒီဟာကိုကော ဘယ်လိုနှိုင်းယှဉ်စရာ တွေ့ရပြီး တစုံတရာ တိုးတက်လာပြီလား။ ဟိုတုန်းက ဗမာပြည်မှာ မီဒီယာ လွတ်လပ်ခွင့် သိပ်မရှိခဲ့တော့ စပြီးတော့ ဖွင့်ပြီဆိုတုန်းကတော့ နည်းနည်းပါးပါး တည့်တည့်ကျခြင်းမှ ကျမှာပေါ့ နည်းနည်းလွဲနေတာတို့ Ethics က အစ၊ စောင့်ကြည့်ရတဲ့ကိစ္စတွေအစ - ဘာကြောင့် ဒီမေးခွန်းကို မေးရသလဲဆိုရင် တလောတုန်းက Facebook မှာ တွေ့မိသလား မသိဘူး - သတင်းထောက်တွေက ရိုက်မောင်းပုတ်မောင်း ရဲတွေကို ဒေါသထွက်ပြီး ဖြစ်နေကြတာ။ အဲဒီလိုမျိုးလဲ တွေ့မိတယ်။ အဲဒါကို ဘယ်လိုပြောမလဲ။
ဖြေ ။ ။ ကျနော်ကိုယ်တိုင်လည်း လွှတ်တော်ဥက္ကဋ္ဌတွေ ပြန်လည်ရွေးချယ်တဲ့ကိစ္စ၊ သမ္မတ ရွေးချယ်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲကို ရောက်သွားခဲ့တယ်။ အဲဒီမှာလဲ လွှတ်တော်မှာ တာဝန်ရှိတဲ့သူတွေနဲ့ မီဒီယာသမားတွေကြားထဲမှာ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ပြဿနာ ဖြစ်သွားတယ်။ ကျနော်ကိုယ်တိုင်လည်း အဲဒီမှာ ပါခဲ့တယ်။ ငြင်းကြခုန်ကြတဲ့အထဲမှာ။ သူတို့က လွှတ်တော်အတွင်းက မဲပေးတာတို့၊ ကျမ်းကျိန်တာတို့ကို သတင်းယူဖို့ကိစ္စမှာ ကန့်သတ်တယ်။ ဓါတ်ပုံမရိုက်ရဘူး။ ကင်မရာ မရဘူး။ ဘယ်နေရာပဲရမယ်။ ဘယ်နေရာမှာပဲ ရှိရမယ်ဆိုပြီး ကန့်သတ်လို့ သတင်းမီဒီယာသမားတွေလည်း မကျေနပ်ကြဘူး။ သူတို့လည်း သတင်းလိုချင်တဲ့အခါကြတော့ ဘယ်သူက တားတာလဲ။ ဘယ်သူ့အမိန့်နဲ့ လုပ်တာလဲဆိုပြီးတော့ အပြန်အလှန် ကတောက်ကဆတွေ ဖြစ်ကြတာတွေရှိတယ်။ ဆိုလိုချင်တာကတော့ လူနဲ့အခြေအနေပေါ် မူတည်ပြီးတော့ အဲဒီလို ဖြစ်ကြတယ်လို့ ကျနော်ထင်တယ်။
သတင်းမီဒီယာက တဘက်သတ်ကြီး အစိုးရကို မကောင်းမြင်ပြီးတော့ မင်းတို့က ချုပ်ချယ်လွန်တယ်လို့ တသမတ်တည်း မြင်နေတာ မဟုတ်သလို၊ အစိုးရဘက်ကလည်း အချိန်ပြည့် ချုပ်ချယ်ကန့်သတ်နေတာတော့ မဟုတ်ပါဘူး။ နောက်ပိုင်း ကျနော်တို့ ညှိတဲ့အခါကြတော့ သူတို့ဘက်က လျှော့ပေးပြီးတော့ သတင်းယူခွင့်ရလိုက်တဲ့ အခြေအနေ ဖြစ်သွားခဲ့တယ်။
မေး ။ ။ နောက်တခု နောက်ဆုံးပဲ ဆိုပါတော့ ကျနော် ဒီက မီဒီယာပါမောက္ခတယောက်နဲ့ ရွေးကောက်ပွဲကာလနဲ့ အဲဒီမတိုင်ခင်က မေးခဲ့ဖူးတယ်။ တချို့နိုင်ငံတွေမှာ မြန်မာနိုင်ငံမှာလည်း မီဒီယာလောကထဲကို ဝင်လာတဲ့ လူငယ်တွေဟာ ဒီမိုကရေစီ တိုက်ပွဲက ပေါက်ဖွားလာခဲ့တဲ့ မီဒီယာသမားတွေ များကြတယ်။ ဆိုတော့ သူတို့က Activist minded ဖြစ်နေကြတယ်။ Concept က အဲဒီလို ဖြစ်နေတယ်။ သူကတော့ အရှေ့တောင်အာရှတခုလုံး အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံရေးရာ ကျွမ်းကျင်သူပါမောက္ခ ဖြစ်တယ်။ အင်ဒိုနီးရှားမှာလည်း ဒီလိုပဲ ပြောင်းလဲလာခါစမှာ တွေ့ရတယ်လို့ ပြောတယ်။ အဲဒီဟာလဲ တဖြည်းဖြည်းနဲ့ Mature ဖြစ်လာလိမ့်မယ်လို့ ပြောတယ်။ ဆိုတော့ မြန်မာနိုင်ငံ မီဒီယာလောကကိုရော ကိုဇော်ဝင်းလှိုင်အနေနဲ့ Activist အမြင်နဲ့ Neutral Media နဲ့ နည်းနည်းလေး ဒီဘက်ကို ယိမ်းလာပြီ၊ တော်တော်လေး အဲဒီ Activist သဘောထားတွေ ပြောင်းလဲလာပြီလို့ ထင်သလား။
ဖြေ ။ ။ အဲဒါကတော့ သိပ်ပြီးတော့ ထူးခြားမှု မရှိသေးဘူးလို့ မြင်တယ်။ ပွင့်ပွင့်လင်းလင်း ကျနော်တို့ ဝန်ခံရမယ်ဆိုရင်တော့ ကျနော်တို့ မီဒီယာ အထူးသဖြင့် ပြည်တွင်းမှာရှိတဲ့ မီဒီယာတွေရဲ့ ရင့်ကျက်မှု Maturity က တော်တော်လေး လိုသေးတယ်လို့ ကျနော်ထင်တယ်။ ဗမာပြည်မှာရှိတာက Activist Media သမားနဲ့ ဘဝရပ်တည်ရေးအတွက်လုပ်တဲ့ မီဒီယာသမား နှစ်မျိုးနှစ်ကန့်လောက်ပဲ မြင်ရတယ်။ မီဒီယာအတွက် သီးသီးသန်သန့် လုပ်နေတဲ့လူတွေရှိတယ်။ သို့သော် ရှားပါသေးတယ်။ ကျနော်တို့ အချိန်တော်တော်လေးတော့ ယူရအုံးမယ် ထင်ပါတယ်။ အများစုကနေ မီဒီယာဟာ မီဒီယာကျင့်ဝတ်နဲ့အညီ မီဒီယာလုပ်ငန်းကိုပဲ လုပ်ရမယ်ဆိုတဲ့ ပုံစံမျိုးပေါက်လာအောင် လူအများစုက အဲဒီလိုပုံစံမျိုး ပေါက်လာအောင် အချိန်အတိုင်းအတာတခုတော့ လိုအုံးမယ် ထင်ပါတယ်။
မေး ။ ။ နောက်ပြီးတော့ တကယ့် Neutral ဘက်မလိုက်ဘဲနဲ့ မီဒီယာ ပီပီပြင်ပြင် ရေးတာကို မီဒီယာပရိသတ် ဖတ်တဲ့ပရိသတ် မြန်မာလူထုကရော လက်ခံပါရဲ့လား။ တဘက်ဘက်စောင်းပြီးရေးတာ အခုဆိုရင် အမျိုးသားရေး ဦးစားပေးပြီးတော့ ရေးကြတယ်။ အဲဒီလိုဟာမျိုးကို ပိုပြီးတော့ ကြိုက်နေကြသလားဆိုတာလည်း စဉ်းစားမိတယ်။
ဖြေ ။ ။ ကျနော်ကတော့ မီဒီယာနဲ့ ပတ်သက်ရင် အရေးကြီးဆုံး အခုလက်ရှိဖြစ်နေတဲ့ ကိစ္စလို့ မြင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါလူ မဟုတ်ရင် ငါရန်သူပဲလို့ မြင်နေကြတယ်။ လူမှုကွန်ရက်တွေကလည်း အင်မတန်ကျယ်ပြန့်တော့ ကိုယ်ရေးချင်တာကို ကိုယ့်ဘာသာဆွဲပြီးတော့ ရေးလို့ရတဲ့ အခွင့်အရေးက ရှိနေတော့ တော်တော်လေးကို စည်းခြားဖို့က အင်မတန် လွယ်တဲ့ကိစ္စ ဖြစ်နေတယ်။ ဆိုတော့ သတင်းမီဒီယာကြီးတွေ အများစုက လက်ခံထားတဲ့ VOA, BBC, RFA စသဖြင့် မီဒီယာကြီးတွေ ဗမာပြည်ထဲမှာ Eleven, the Voice, Seven Media တို့လိုမျိုး သိက္ခာရှိရှိနဲ့ ရပ်တည်နေတဲ့ သတင်းဌာနအကြီးကြီးတွေ အဲဒီအပေါ်မှာ လူထုရဲ့အမြင်ကလည်း ပြောင်းလဲဖို့တော့ လိုလိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က Messenger သက်သက်သာ ဖြစ်တယ်။ ကျနော်တို့က ပြောလိုက်တဲ့အတွက် ကျနော်တို့ရဲ့ သဘောမဟုတ်ဘူးဆိုတာကို လူထုက မသိသေးဘူး။ လူထုရဲ့ ရင့်ကြတ်မှုကလည်း အဲဒီဘက်မှာ အားနည်းနေသေးတယ်လို့ ကျနော်မြင်တယ်။ ဆိုတော့ အဲဒီဟာကတော့ လူထုအနေနဲ့ ရင့်ကြတ်လာဖို့တော့ တော်တော်လေး အရေးကြီးတယ်လို့ထင်တယ်။