အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံက လူ့အခွင့်ရေးအခြေနေတွေ၊ အလုပ်သမားအခွင့်ရေးဆိုင်ရာတွေကို ဆန်းစစ်လေ့လာနေတယ်လို့ ဥရောပကော်မရှင် ပြောခွင့်ရက ကြာသပတေးနေ့မှာ ပြောပါတယ်။ အီးယူက မြန်မာအတွက် သတ်မှတ် ထားတဲ့ ကုန်သွယ်ရေးဆိုင်ရာကင်းလွတ်ခွင့်တွေဟာ မြန်မာနိုင်ငံရဲ့ အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲတွေ ဖြစ်လာစေနိုင်တယ်လို့လည်း ပြောပါတယ်။
မြန်မာအပါအဝင် ဖွံ့ဖြိုးမှုအနည်းဆုံး ၄၇ နိုင်ငံကနေ အီးယူကို လက်နက်၊ ခဲယမ်းမီးကျောက်မှအပ တင်သွင်းတဲ့ကုန်အားလုံးအတွက် သတ်မှတ်အချိုးအဆတွေအပြင် EBA လို့ခေါ်တဲ့ လက်နက်ကလွဲပြီး ကျန်ကုန်ပစ္စည်းတွေအတွက် အီးယူကချမှတ်ထားတဲ့ အခွန်ကင်းလွတ်ခွင့်ကိုပါဖယ်ရှားပစ်ဖို့ လုပ်ဆောင်လာနိုင်တာပါ။
မြန်မာအထည်ချုပ်လုပ်ငန်းမှာ Adidas ၊ H&M နဲ့ Zara ရဲ့ မိခင်ကုမ္ပဏီ Inditex အပါအဝင် ပင်မ ဥရောပအဝတ်အထည်နဲ့ ဖက်ရှင်ဒီဇိုင်းလုပ်ငန်းကြီးတွေ လုပ်ကိုင်နေကြပြီး ဒီအထဲက H&M နဲ့ Inditex ကုမ္ပဏီ ၂ ခုစလုံးက မြန်မာစစ်တပ်ဟာ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ အလုပ်သမားအခွင့်အရေးချိုးဖေါက်တာတွေ တိုးလုပ်လာနေတာကြောင့် မြန်မာနိုင်ငံတွင်းက လုပ်ငန်းတွေ ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အီးယူက မြန်မာနိုင်ငံတွင်း အလုပ်သမားတွေရဲ့အခြေအနေကို ဆက်လက်ပြီး အနီးကပ်စောင့်ကြည့်နေသလို လိုအပ်ရင် အီးယူရဲ့ မူဝါဒဆိုင်ရာ အပြောင်းလဲတွေ လုပ်မှာ ဖြစ်ကြောင်းလည်း ဥရောပကော်မရှင် ပြောခွင့်ရက ပြောပါတယ်။
အီးယူက ၂၀၁၃ ကစပြီး မြန်မာအထည်ချုပ်လုပ်ငန်းက အလုပ်သမားတွေရဲ့ အခြေအနေတိုးတက်စေမယ့် စီမံကိန်းတွေအတွက် ရံပုံငွေချထားပေးနေတာ ဖြစ်ပြီး ဒီစီမံကိန်းတွေကနေ မြန်မာအလုပ်သမား ထောင်ပေါင်းများစွာ အထူးသဖြင့် အမျိုးသမီးအလုပ်သမားတွေရဲ့ လူနေမှုဘဝ အထောက်အကူရအောင် လုပ်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် ၂၀၂၁ မှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးပြဿနာတွေ နဲ့ လူသားစာနာမှုဆိုင်ရာ ပြဿနာတွေ တိုးလာနေတာကြောင့် မြန်မာ့အခြေနေကို အီးယူက အနီးကပ်စောင့်ကြည့် လေ့လာနေတာဖြစ်ကြောင်းလည်း ပြောပါတယ်။