နိုင်ငံတကာ ဖက်ရှင်လုပ်ငန်းကြီးတခုဖြစ်တဲ့ H&M ရဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးနေတယ်လို့ ကုမ္ပဏီက ပြောလိုက်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေက လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ ဗြိတိန်အခြေစိုက် BHRRC အဖွဲ့က ထုတ်ပြန်လိုက်တဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေပြီး သက်ဆိုင်သူတွေနဲ့အတူ ပူးပေါင်းပြီး လိုအပ်သလို ပြုပြင်သွားမှာဖြစ်ကြောင်း H&M ကကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
BHRRC အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ လအတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ၁၅၆ ခုကို ဖော်ပြထားပြီး၊ ဒီအရင်နှစ်က ၅၆ ခု ရှိနေရာကနေ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးလာတာကို ထောက်ပြထားပါတယ်။ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေမှာ လစာလျှော့တာ၊ လစာကို မတရားသဖြင့် ဖြတ်ယူတာတွေ အများစု ပါဝင်ပြီး၊ တဖက်သတ်အလုပ်ဖြုတ်တာ၊ လုပ်ငန်းခွင်အခြေအနေ နိမ့်ကျတာ၊ မတရားသဖြင့် အလုပ်ချိန်ထက် ပိုခိုင်းတာတွေ ပါတယ်လို့လည်း ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဆွီဒင်အခြေစိုက် H&M ကုမ္ပဏီကတော့ မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေအပေါ် အထူးစိုးရိမ်ကြောင်းနဲ့ စံသတ်မှတ်ချက်တွေနဲ့အညီ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ စိန်ခေါ်မှုတွေ ကြီးမားလာနေတယ်လို့လည်း ကြေညာချက်မှာ ပြောဆိုထားတာပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အထည်ချုပ်စက်ရုံတွေက အလုပ်သမား အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ BHRRC အဖွဲ့ရဲ့ အစီရင်ခံစာမှာပဲ နောက်ထပ် စက်ရုံ ၁၂၄ ခုက ချိုးဖောက်မှုတွေကိုလည်း ဖော်ပြခဲ့ပါတယ်။