သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MoU နဲ့ အလုပ်ထွက်လုပ်သူ မြန်မာနိုင်ငံသားတွေများလာ


ထိုင်းနိုင်ငံ ညဈေး
ထိုင်းနိုင်ငံ ညဈေး

[[ ZAWGYI / UNICODE ]]

MoU နဲ့ အလုပ်ထွက်လုပ်သူ မြန်မာနိုင်ငံသားတွေများလာ

ကိုဗစ်ကပ်ရောဂါ ကာလ အကန့်အသတ်နဲ့ တားမြစ်ချက်တွေကို ဖြေလျှော့နေပြီဖြစ်တဲ့ အာရှနိုင်ငံတချို့က မြန်မာနိုင်ငံက လုပ်သားတွေကို MoU စာချုပ်နဲ့ ဆက်တိုက် ခေါ်ယူနေပါတယ်။ ဒီအထဲမှာ ထိုင်းနိုင်ငံက ကမ်းလှမ်းတဲ့ အရေအတွက်က အများဆုံးပါ။ အလုပ်သမားရေးရာ ကိစ္စတွေကို ကူညီပေးနေတဲ့ အဖွဲ့တွေကတော့ အခွင့်အလမ်းနဲ့အတူ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေကိုလည်း မျက်ခြေမပျက်ဘဲ သက်ဆိုင်ရာ အဖွဲ့အားလုံးက တာဝန်ယူမှုရှိဖို့ လိုမယ်ဆိုပြီး အကြံပြုကြပါတယ်။ ဒီသတင်းပေးပို့ချက်ကို ကိုရဲမွန်က ပြောပြမှာပါ။

တခြားနိုင်ငံတွေနဲ့ MOU နားလည်မှုစာချွန်လွှာအရ မေလ ၁၀ ရက်ကစလို့ ပြည်ပကို အလုပ်သမားတွေ သောင်းနဲ့ချီ တသုတ်ပြီး တသုတ် စေလွှတ်နေတယ်လို့ အလုပ်သမားရေးရာ အဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီအထဲမှာ ထိုင်းကိုသွားတဲ့ အရေအတွက်က အများဆုံးဖြစ်ပါတယ်။ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားလိုအပ်ချက် မြင့်တက်နေဆဲဖြစ်တယ်လို့ မြန်မာအလုပ်သမားရေးဌာနက အမြဲတမ်း အတွင်းဝန် ဦးညွှန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

"လက်ရှိသွားတဲ့ နှုန်းအရတော့ (ထိုင်းက) ၉ သောင်းလောက် ခေါ်မယ်လို့မဟုတ်ဘူး တောက်လျှောက်တော့ Demand တွေက တက်နေတာ။ ဆိုတော့ တလကို ပုံမှန်အားဖြင့် တသောင်းကျော်လောက် တောက်လျှောက် လွှတ်နေတယ်။ ငါးလပိုင်းကနေ အခု ဆယ်လပိုင်းပေါ့ ခြောက်လအတွင်းမှာ ၇၀,၀၀၀ ကျော်ဆိုတော့ တလကို တသောင်းကျော်လောက် လွှတ်တယ်။ ကျနော်တို့သိထားတာ သူတို့ဆီမှာ အလုပ်သမား အလုပ်သမားလိုအပ်ချက် တော်တော် မြင့်တက်နေတယ်လို့ ကြားတယ်။"

ပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှု၊ အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု စီးပွားရေး အခက်အခဲတွေကြောင့် ပြည်ပကိုထွက်ပြီးအလုပ်လုပ်ချင်တဲ့ မြန်မာလူငယ်တွေ ပိုများလာပါတယ်။ ထိုင်းမှာတော့ မြန်မာကျပ်ငွေတန်ဖိုးနဲ့ တရက်ကို ၂၆,၀၀၀ လောက် ဝင်ငွေရပါတယ်လို့ အကြမ်းမျဉ်း ပြောကြပါတယ်။ ဂျပန်နဲ့ ကိုရီးယားသွားတဲ့ သူတွေကတော့ အလုပ်ပေါ်မူတည်ပြီး လစာရတာတွေ ကွဲပြားနိုင်ပါတယ်။ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်က တာဝန်ရှိသူတဦး က အခုလို ရှင်းပြပါတယ်။

" ထိုင်းကတော့ လုပ်ငန်းပေါင်းစုံပါပဲ စက်ရုံတွေလည်း ရှိတာပေါ့နော်၊ အထည်ချုပ်တွေလည်း ရှိတယ်၊ ဆောက်လုပ်ရေးတွေလည်း ရှိပါတယ်။ ဒီ ၁၀လပိုင်းမှာတော့ လစာနည်းနည်း အပြောင်းအလဲရှိမယ်လို့ ပြောတယ် ယခင်နှုန်းတားကတော့ ၃၃၁ ဘတ်ပေါ့နော် အလုပ်ချိန်၈နာရီလေ။ ဂျပန်ကတော့ Training visa ပေါ့နော် ကိုရီးယားလည်း training visa သဘောမျိုးပါပဲ။ ဒါကတော့ အလုပ်သမား ဝန်ကြီးဌာနက ကိုင်ထားတော့လေ ကျမတို့က လစာပိုင်း သိပ်မသိလှဘူး။ တခုနဲ့တခုမတူဘူး လုပ်ငန်းမတူဘူး။"

MoU နဲ့အလုပ်သွားလုပ်ကြသူတွေအပြင် ထိုင်းနိုင်ငံမှာ သက်သေခံကတ်ပြား (CI) နဲ့ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားလည်း သောင်းနဲ့ချီရှိပါတယ်။ မြန်မာအလုပ်သမားတွေ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု၊ ခေါင်းပုံဖြတ်ခံရမှုတွေလည်း မကြာခဏ ဖြစ်လေ့ရှိပြီး အဲဒီလိုခံရသူတွေထဲမှာ MoU အရလာအလုပ်လုပ်တဲ့ အလုပ်သမားတချို့လည်း ပါဝင်နေတယ်လို့ ထိုင်းအခြေစိုက် မြန်မာ အလုပ်သမားရေး အဖွဲ့တွေက ပြောပါတယ်။ ဒီကိစ္စကို ထိုင်းအလုပ်ရှင်တွေက တာဝန်ယူမှုရှိအောင် မြန်မာဘက်ကလည်း ဖြေရှင်းသင့်တယ်လို့ အကြံပြုနေကြပါတယ်။ မြန်မာအလုပ်သမားရေး ဌာနဘက်ကတော့ တရားဝင် စေလွှတ်ထားတဲ့ အလုပ်သမားတွေ အရေးကိစ္စကို တာဝန်ယူပြီး ဖြေရှင်းပေးမှာဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက ပြောပါတယ်။

" အေဂျင်စီကရှင်းမယ်၊ အေဂျင်စီက ရှင်းလို့မရရင် ဟိုမှာလည်း အလုပ်သမား သံအရာရှိတွေ ရှိပါတယ်။ ဘန်ကောက်မှာလည်းရှိတယ်၊ ထိုင်းမှာဆို ငါးယောက်တောင် ခန့်ထားတာဖြစ်တယ်။ ချက်ချင်း လိုအပ်ရင် လိုအပ်သလို ဖြန့်လွှဲပြီးတော့ အေဂျင်စီရော အလုပ်သမား သံအရာရှိရော၊ လိုအပ်ရင် သံအမတ်ကြီးကအစ၊ တရားဝင် လက်မှတ်ထိုးထားတာ ဖြစ်တဲ့အတွက် အရေးတယူနဲ့ ထိထိရောက်ရောက် ဖြေရှင်း ဆောင်ရွက်မှုတွေကို လုပ်သွားမှာ ဖြစ်ပါတယ်။"

အခုနောက်ပိုင်းမှာ ဂျပန်နဲ့ တောင်ကိုရီးယားကလည်း မြန်မာနိုင်ငံက အလုပ်သမားတွေကို တိုးပြီးခေါ်ယူနေပါတယ်။ ထိုင်းနိုင်ငံအပြင် ဂျပန်၊ ကိုရီးယားနဲ့ မလေးရှားကိုပါ ထည့်တွက်မယ်ဆိုရင် ခြောက်လအတွင်း ပြည်ပမှာ အလုပ်သွားလုပ်တဲ့ မြန်မာအရေအတွက်က တသိန်းနီးပါး ရှိသွားပြီလို့လည်း အလုပ်သမားရေး အဖွဲ့အစည်းတွေက ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

=================

{{ UNICODE }}










XS
SM
MD
LG