နိုင်ငံခြား ကူညီထောက်ပံ့ရေးကို လိုချင်ရင် အဲဒီနိုင်ငံက သတ်မှတ်ထားတဲ့ စွမ်းရည်ရှိဖို့ လိုပါတယ်။ ချမ်းသာတဲ့အလှူရှင်နိုင်ငံက ဆင်းရဲတဲ့နိုင်ငံကို ကူညီထောက်ပံ့တာဖြစ်တဲ့အတွက် အလှူရှင်နိုင်ငံတွေ ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ကြရပါတယ်။ သူများထောက်ပံ့တာကို လက်ခံပြီး ကိုယ်ထင်သလို လုပ်လို့မရပါဘူး။ ညွှန်ကြားသတ်မှတ်ထားတဲ့အတိုင်း မလုပ်ရင် နိုင်ငံခြားအကူအညီ ဘယ်လောက်ပေးပေး ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ဘူးလို့ အလှူရှင်နိုင်ငံတွေက ယူဆပါတယ်။ ဒါကြောင့် အလှူရှင်နိုင်ငံက ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ရပေမယ့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံတွေအဖြစ် သတ်မှတ်ကြပါတယ်။
စွမ်းရည်ရှိမှ တိုးတက်ဖွံ့ဖြိုးမှာ ဖြစ်သလို နိုင်ငံခြားအကူအညီကို သုံးရာမှာလည်း စွမ်းရည်ရှိဖို့ လိုတယ်ဆိုတဲ့ သဘောတရားကို သင်တန်းပေးတာဟာလည်း စွမ်းရည်မြှင့်တင်တဲ့သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်လို နေရာမျိုးမှာတော့ အလှူရှင်နိုင်ငံရဲ့ စံသတ်မှတ်ချက်တွေဟာ အလွန်မြင့်မားနေပုံရပါတယ်။ ဒါကြောင့် စီမံကိန်းအောင်မြင်ဖို့အတွက် အလှူရှင်နိုင်ငံ သတ်မှတ်တဲ့အတိုင်း စွမ်းရည်မြှင့်တင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ တရုတ်ပေးတဲ့ ကူညီထောက်ပံ့မှုမှာတော့ ဒီလိုသတ်မှတ်ချက်မျိုးရှိပုံ မရပါဘူး။
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အားပေးတဲ့အနေနဲ့ စွမ်းရည်မြှင့်တင်ရေးဆိုတဲ့ ပေတံကို အလှူရှင်နိုင်ငံက အသုံးပြုပုံနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ ကျိုတိုစန်းဂျိုးတက္ကသိုလ် ပါမောက္ခ Patrick Strefford က ၂၀၁၅ မှာ စာတမ်းထုတ်ဖူးပါတယ်။ အကူအညီပေးတဲ့နိုင်ငံက အပေါ်စီးရယူနိုင်အောင် စွမ်းရည်မြှင့်တင်ရေးကို ဦးစားပေးတယ်ဆိုတဲ့ အယူအဆနဲ့ အကူအညီယူတဲ့ နိုင်ငံဟာ မိမိဘာသာ ဖွံ့ဖြိုးရေးလမ်းစဉ် ချမှတ်ပြီး အကောင်အထည်ဖော်နိုင်အောင် စွမ်းရည်မြှင့်တင်ရတယ်ဆိုတဲ့ အယူအဆတို့ကို ဆန်းစစ်ထားပါတယ်။ ၂၀၁၃ နဲ့ ၂၀၁၄ မှာ မြန်မာပြည်သွားပြီး နိုင်ငံခြားအကူအညီနဲ့ သက်ဆိုင်သူတွေကို တွေ့ဆုံမေးမြန်းတဲ့အပေါ်မှာ အခြေခံတဲ့စာတမ်း ဖြစ်ပါတယ်။ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးဟာ ရေရှည်စီမံကိန်းဖြစ်တာမို့ ပါဝင်သူတွေအားလုံး ယုံကြည်မှုအပြည့်အဝရှိဖို့ လိုပါတယ်။
စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း (၈၀) မတည်ပြီး ဒေသခံဦးစီးတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကို ၂၀၁၃ မှာ စတင်အကောင်အထည်ဖော်ပါတယ်။ အထက်က အမိန့်ပေးပြီး စီမံကိန်းချတဲ့ အလေ့အကျင့်အစား စီမံကိန်းရေးဆွဲရာမှာ အောက်ခြေက ပါဝင်လာအောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ အောက်ခြေအဖွဲ့အစည်းဖြစ်တဲ့ အရပ်သားအသင်းအဖွဲ့တွေ ပါဝင်တဲ့အခန်းကဏ္ဍ ကျယ်ပြန့်လာတဲ့သဘော ရှိပါတယ်။ ဒေသခံတွေ ဘဏ္ဍာရေးစီမံခန့်ခွဲမှု နားလည်သဘောပေါက်အောင် ကမ္ဘာ့ဘဏ်ဝန်ထမ်းတွေက သင်တန်းပေးပါတယ်။ ဒေသခံပြည်သူတွေ လုပ်ရည်ကိုင်ရည်ရှိလာရင် မိမိဒေသဖွံ့ဖြိုးရေး စီမံကိန်းကို မိမိတို့ဘာသာ ရေးဆွဲအကောင်အထည်ဖော်နိုင်အောင် ကမ္ဘာ့ဘဏ်က ကူညီနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသန္တရအစိုးရဝန်ထမ်းတွေက ဘယ်လောက်လက်ခံမယ်ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။
စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ADB အာရှဖွံ့ဖြိုးရေးဘဏ် အတတ်ပညာဆိုင်ရာ အကူအညီတွေ ပေးပါတယ်။ ဝန်ကြီးဌာနတွေနဲ့ နိုင်ငံပိုင်လုပ်ငန်းတွေမှာ စွမ်းရည်မြှင့်တင်နိုင်အောင် ၂၀၁၂ ကစပြီး ကူညီထောက်ပံ့ပါတယ်။ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေးနဲ့ သဘာဝသယံဇာတ လုပ်ငန်းတွေမှာ သင့်တော်တဲ့ စီမံကိန်းရွေးချယ်ဖို့အတွက် အစိုးရဝန်ထမ်းတွေမှာ အရည်အသွေးကင်းမဲ့နေတာကို ဖြည့်ဆည်းဖို့ အာရှဖွံ့ဖြိုးရေးဘဏ်က ကူညီနေတာ ဖြစ်ပါတယ်။ သင့်တော်တဲ့ စီမံကိန်း အကောင်အထည်မဖော်နိုင်တာဟာ ပြုပြင်ရေးဖြစ်စဉ်ကို နှောင့်နှေးကြန့်ကြာစေပါတယ်။ အစိုးရဝန်ထမ်းတွေကိုယ်တိုင် ဘယ်လုပ်ငန်းကို ဦးစားပေးသင့်ကြောင်း ဆုံးဖြတ်နိုင်တဲ့ အရည်အသွေးရှိလာဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ စွမ်းရည်ဖွံ့ဖြိုးတိုးတက်လာရင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးမယ့်သဘော ဖြစ်ပါတယ်။
ဂျပန်ကလည်း လူသားစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာကျောင်းသားတွေ ဂျပန်မှာ ပညာသင်နိုင်အောင် ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ပါတယ်။ ဂျပန်မှာ သင်တန်းတက်သွားတဲ့ အစိုးရဝန်ထမ်းဦးရေ တထောင်လောက်ရှိပေမယ့် သူတို့ကြောင့် မြန်မာ့စွမ်းရည် ဘယ်လောက်ဖွံ့ဖြိုးတယ်ဆိုတာကို တိုင်းတာဖို့ခက်ခဲပါတယ်။ ဂျပန်ဆီက ငွေချေးရင် လိုက်နာရမယ့် လုပ်နည်းလုပ်ထုံးနဲ့ စည်းကမ်းနည်းလမ်းတွေကို နားလည်သဘောပေါက်စေဖို့အတွက် ဗမာအစိုးရဝန်ထမ်း (၄၁) ဦးကို ၂၀၁၃ မှာ တိုကျိုကို ခေါ်ယူပြီး နှီးနှောဖလှယ်ပွဲတွေ လုပ်ပေးပါတယ်။ ရည်ရွယ်ချက်ကတော့ စီမံကိန်းကို ချောချောမောမော အကောင်အထည်ဖော်ပြီး လိုချင်တဲ့ရလဒ် ပေါ်ထွက်လာနိုင်ဖို့ပဲ ဖြစ်ပါတယ်။
လုပ်နိုင်ကိုင်နိုင်တဲ့ စွမ်းရည်အလွန်နိမ့်ကျနေတာဟာ မြန်မာ့ပြုပြင်ရေးရဲ့ အခက်အခဲကြီးတခု ဖြစ်နေတာကို အလှူရှင်နိုင်ငံနဲ့ အဖွဲ့အစည်းတွေက နားလည်ကြပါတယ်။ စစ်တပ်ပုံစံနဲ့ ဖွဲ့စည်းထားတဲ့ အထက်အောက်ဆက်ဆံရေးပုံစံမို့ အမိန့်နာခံတာဟာ အရည်အချင်း ရှိတာထက် ပိုအရေးကြီးနေပါတယ်။ မိမိနဲ့ သင့်တော်တဲ့ စီမံကိန်းကို နိုင်ငံခြားအကူအညီယူပြီး မိမိဘာသာ အကောင်အထည်ဖော်တာကို အလှူရှင်နိုင်ငံတွေက လိုလားပါတယ်။ မြန်မာ့အသွင်ကူးပြောင်းရေးမှာ အရေးကြီးတဲ့ အခန်းကနေ ပါဝင်နေတဲ့ အစိုးရဝန်ထမ်းတွေရဲ့ စွမ်းရည်ဖွံ့ဖြိုးရေးကို အာရှဖွံ့ဖြိုးရေးဘဏ်က စမ်းသပ်လုပ်ကိုင်နေပုံရတယ်လို့ ပါမောက္ခ Patrick Strefford က သုံးသပ်ထားတာကို တင်ပြလိုက်ရပါတယ်။