သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားအကူအညီနဲ့ စွမ်းရည်မြှင့်တင်ရေး


တိုက်ရိုက် လင့်ခ်


ဗမာစစ်အစိုးရခေတ်မှာ ပြည်ပအကူအညီအများဆုံး ပေးသူမှာ တရုတ်၊ ထိုင်း နဲ့ ဂျပန်ဖြစ်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကူညီတာမို့ မူဝါဒသဘောတရား ထုတ်ပြန်တာမျိုး မရှိသလောက် ဖြစ်ပါတယ်။ ဒါပေမဲ့ OECD ခေါ် အနောက်တိုင်းအုပ်စုကတော့ သူတို့သတ်မှတ်ထားတဲ့ မူနဲ့ညီမှ နိုင်ငံခြားအကူအညီ ပေးသင့်တယ်လို့ မြင်ပါတယ်။ ဒါကြောင့် နိုင်ငံခြားအကူအညီ ထိရောက်စွာ ပေးနိုင်ဖို့အတွက် ၂၀၁၅ မှာ ပဲရစ် သဘောတူချက်ကို ရယူပါတယ်။ အဲဒီတုန်းက ဗမာစစ်အစိုးရကို စာရင်းသွင်းတာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ပျဉ်းမနားကြပ်ပြေးမှာ နေပြည်တော် တည်ဆောက်ဖို့သာ စိတ်ဝင်စားပါတယ်။

ပဲရစ်သဘောတူချက်မှာ အခြေခံပြီး (၂၀၀၈) မှာ အက္ကရာ သဘောတူချက်၊ (၂၀၁၁) မှာ ဘူစန် သဘောတူချက် စတာတွေကို ရယူတာမို့ အနောက်တိုင်း အကူအညီ ရယူလိုတဲ့နိုင်ငံဟာ ဒီမူဝါတွေနဲ့အညီ လုပ်နိုင်ဖို့ ကြိုးပမ်းရပါလိမ့်မယ်။ ဦးသိန်းစိန်အစိုးရကလည်း ဒီသဘောကိုလိုက်ပြီး (၂၀၁၃) ဇန်နဝါရီမှာ နေပြည်တော် သဘောတူချက်ကို ကြေညာပါတယ်။ ဖွံ့ဖြိုးရေးစီမံကိန်းနဲ့ ပတ်သက်ရင် အရပ်သားအဖွဲ့နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို တိုင်ပင်ဆွေးနွေးဖို့ အစိုးရမှာ တာဝန်ရှိလာပါတယ်။ ဒီမိုကရေစီဓလေ့ ရှင်သန်ရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတစွာ ဖွံ့ဖြိုးရေးနဲ့ သိသာမြင်သာရေး စတာတွေကို ဦးစားပေးဖို့ တာဝန်ရှိပါတယ်။

ပဲရစ်မူဝါဒအရ အကူအညီယူတဲ့ နိုင်ငံဟာ ဖွံ့ဖြိုးရေးစီမံကိန်းကို ရေးဆွဲဖို့ လိုပါတယ်။ ဆင်းရဲမှု ကျဆင်းရေးနဲ့ မညီမျှမှုလျော့ပါးရေး စီမံကိန်းတွေမှာ ထွက်ပေါ်လာတဲ့ရလဒ်ကို အဓိကထားပါတယ်။ စီမံကိန်းအကောင်အထည်ဖော်စဉ်အတွင်းမှာ တိုးတက်မှုကို စောင့်ကြည့်နိုင်ဖို့ လိုပါတယ်။ အလှုရှင်နိုင်ငံတွေဟာ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံတွေ ဖြစ်လာပြီး အပြန်အလှန်နားလည်မှု အပြည့်နဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အမျိုးသားဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲရာမှာ အရပ်သားအဖွဲ့အစည်းနဲ့ လွှတ်တော် ပါဝင်လာအောင် အစိုးရက ကြိုးပမ်းရပါလိမ့်မယ်။ ဖွံ့ဖြိုးမှု မိတ်ဖက်နိုင်ငံတွေကလည်း အစိုးရစွမ်းရည် တိုးတက်လာရေးနဲ့ တာဝန်ခံမှု ရရှိရေးအတွက် ကူညီရမယ်လို့ ဆိုပါတယ်။ ဦးသိန်းစိန်ရဲ့ ပြုပြင်ရေးအစီအစဉ်မှာ ငြိမ်းချမ်းရေးနဲ့ အစိုးရစွမ်းရည် မြှင့်တင်ရေးကို အစပျိုးသွားတာ တွေ့ရပါတယ်။

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ဖို့အရေးမှာ အစိုးရယန္တရားကို ဘယ်လောက်ပြုပြင်နိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်လို့ အလှုရှင်နိုင်ငံတွေက ယူဆပါတယ်။ နှစ်ပေါင်းများစွာ အကျင့်ပျက်လာတဲ့ အစိုးရယန္တရားကို လုပ်ရည်ကိုင်ရည်ရှိလာအောင် ဘယ်လို လုပ်မလဲဆိုတာကို စဉ်းစားလာကြပါတယ်။ အရင်ကတော့ အတတ်ပညာ အကူအညီ ပေးတာမျိုးသာ ရှိပါတယ်။ အခုတော့ ကိုယ်တိုင်ပြဿနာ ဖြေရှင်းနိုင်အောင် စွမ်းရည်မြှင့်တင်ဖို့ Capacity Department ကို အဓိကထား လာကြပါတယ်။ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြတာရှိပေမယ့် နိုင်ငံခြားအကူအညီပေးမှုမှာတော့ စွမ်းရည်ရှိလာအောင် နိုင်ငံခြားက ဝင်ရောက်ကူညီဖို့ ဖြစ်ပါတယ်။ ကဏ္ဍပေါင်းစုံ စွမ်းရည်မြှင့်တင်ရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် တည်ထောင်ရေးဟာ ဒွန်တွဲနေပါတယ်။

ပဲရစ်နဲ့ ဘူစန်ဝါဒတွေမှာ ဖော်ပြတဲ့ မိမိကိုယ်တိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကိစ္စမှာ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ လုပ်ရည်ကိုင်ရည်ရှိမှုဟာ အဓိက ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေ စွမ်းရည်မရှိတဲ့ တိုင်းပြည်မှာ ကိုယ်တိုင်စီမံကိန်းချပြီး အကောင်အထည်ဖော်နိုင်အောင် နိုင်ငံခြားက ကူညီရမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ တိုင်းသူပြည်သားအကျိုးကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် အစိုးရစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ဖို့ ဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားတွေ လုပ်ရည်ကိုင်ရည်ရှိလာစေဖို့ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍတွေမှာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ လိုပါတယ်။ ဒါကြောင့် ဆင်းရဲတဲ့နိုင်ငံတွေကို အကူအညီပေးရာမှာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးကြီးဆုံးဖြစ်တယ်လို့ ပဲရစ်၊ အက္ကရာ နဲ့ ဘူစန် သဘောတူချက်တွေမှာ အလေးပေးဖော်ပြထားပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တွေကလည်း နိုင်ငံစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးပြီး အကူအညီပေးကြပါတယ်။ အစိုးရယန္တရားဟာ စစ်ဗိုလ်ဟောင်းနဲ့ စစ်ဗိုလ်တွေ ကြီးစိုးရာနေရာဖြစ်လို့ ပြည်သူ့အကျိုးပြု စီမံကိန်းရေးဆွဲဖို့ အခက်အခဲ ရှိပါတယ်။ အမိန့်နာခံဖို့သာ အဓိကထားလာတဲ့ ဝန်ထမ်းတွေဟာ ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည် ကင်းမဲ့နေတာမို့ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ကြောင်း ဦးသိန်းစိန်ကလည်း အသိအမှတ်ပြုပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးမှု အစီအစဉ် ထိရောက်အောင်မြင်ရေး ၂၀၁၃ နေပြည်တော်သဘောတူချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားအကူအညီပေးရာမှာ အလှုရှင်နိုင်ငံနဲ့ အဖွဲ့အစည်းက ချမှတ်ထားတဲ့ စည်းကမ်းနည်းလမ်းကို လိုက်နာရတာများပါတယ်။ အခုနောက်ဆုံးချမှတ်တဲ့ စည်းမျဉ်းကတော့ နိုင်ငံခြားအကူအညီလက်ခံတဲ့ တိုင်းပြည်မှာ စွမ်းရည်ရှိဖို့ ဖြစ်ပါတယ်။ စွမ်းရည်ရှိတဲ့နိုင်ငံကသာ ဖွံ့ဖြိုးရေးစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်နိုင်စွမ်း ရှိမယ်လို့ ယူဆပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်က ရင်ဆိုင်ခဲ့တဲ့ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး ပြဿနာကို NLD အစိုးရက ဆက်လက်ရင်ဆိုင်နေရပါတယ်။ အနှစ် (၅၀) စွမ်းရည်ကင်းမဲ့လာတဲ့ အဖွဲ့အစည်းတွေကို (၅) နှစ်အတွင်းမှာ စွမ်းရည်ရှိလာအောင်လုပ်ဖို့ ဖြစ်ပါတယ်။

XS
SM
MD
LG