မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အခက်အခဲအမျိုးမျိုး ရှိနေပေမယ့် ဒေသန္တရဖွံ့ဖြိုးရေး (သို့မဟုတ်) စည်ပင်သာယာရေးအဖွဲ့တွေရဲ့ အခန်းကဏ္ဍကတော့ အလားအလာကောင်းတယ်လို့ အမေရိကန်အခြေစိုက် Asia Foundation က ပညာရှင်တွေက မြင်ပါတယ်။ စည်ပင်သာယာအဖွဲ့တွေ တိုးတက်ဖွံ့ဖြိုးလာလေလေ ကိုယ်ထူကိုယ်ထ ဒီမိုကရေစီသဘာဝ ရှင်သန်လေလေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်လာအောင်လည်း Asia Foundation က ကူညီနေပါတယ်။ ဒါပေမဲ့ အနှစ် (၅၀) ကျော် ဗဟိုချုပ်ကိုင်မှုစနစ် ကျင့်သုံးတာကြောင့် ဒေသန္တရအဖွဲ့တွေဟာ နေရာတိုင်းမှာ စမ်းတဝါးဝါး လုပ်နေရတဲ့အဆင့်ပဲ ရှိပါသေးတယ်။
ဒါကြောင့် စည်ပင်သာယာရေးအဖွဲ့တွေ လုပ်ငန်းတွင်ကျယ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Asia Foundation နဲ့ Renaissance Institute တို့ ပူးတွဲပြီး လွန်ခဲ့တဲ့နှစ် ဇန်နဝါရီလက ရန်ကုန်မှာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ တိုင်းပြည်နဲ့ ဒေသကိုယ်စားလှယ်တွေ အတွေ့အကြုံချင်း အမြင်ချင်း ဖလှယ်နိုင်အောင် အင်္ဂလိပ်၊ Australia, Swiss အစိုးရတို့ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ ကျင်းပတာ ဖြစ်ပါတယ်။ ဝန်ကြီး (၈) ဦး၊ ညွှန်ကြားရေးမှူး (၁၃) ဦးနဲ့ စည်ပင်အရာရှိ (၁၅) ဦးတို့ တက်ရောက်တဲ့ (၃) ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါတယ်။ စည်ပင်သာယာရေးအဖွဲ့အားလုံး ပါဝင်တဲ့ ပထမအကြိမ်ဆွေးနွေးပွဲ ဖြစ်ပါတယ်။
ဗဟိုချုပ်ကိုင်မှုအားကောင်းတဲ့ အုပ်ချုပ်ရေးစနစ်မှာ စည်ပင်သာယာရေးအဖွဲ့တွေဟာ လုပ်ပိုင်ခွင့်အတော်ရှိတာ တွေ့ရပါတယ်။ ပြည်နယ်နဲ့ တိုင်းအစိုးရ လက်အောက်ခံဖြစ်ပေမယ့် ဘယ်ဝန်ကြီးဌာနကိုမှ အစီရင်ခံစာ မလိုတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင်မှု အနည်းဆုံးအဖွဲ့အစည်းတွေဖြစ်ပြီး အခြားဌာနတွေနဲ့ အဆက်အသွယ်မရှိတာကြောင့် အခြားနေရာတွေမှာ ဖြစ်ပျက်နေတာကိုလည်း သိနိုင်တဲ့ အခြေအနေ မရှိပါဘူး။ စည်ပင်သာယာအဖွဲ့တဖွဲ့ဟာ အခြားအဖွဲ့တွေဆီက သင်ခန်းစာရဖို့ အလားအလာ အလွန်နည်းပါးပါတယ်။ ဒါကြောင့် တိုင်းနဲ့ပြည်နယ်က စည်ပင်သာယာအဖွဲ့တွေအားလုံး တခန်းတည်းမှာ စုဝေးကြပြီး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်တာကို အောင်မြင်မှုလို့ မြင်ကြပါတယ်။ ဝန်ဆောင်လုပ်ငန်းတိုးမြှင့်ရေး၊ ဝန်ဆောင်လုပ်ငန်းကောင်းမွန်ဖို့အတွက် အခွန်ကောက်ယူရေးနဲ့ ပြည်သူလူထုနဲ့ ဆက်ဆံရေးကောင်းမွန်ရေး စတာတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။
၂၀၀၈ အခြေခံဥပဒေ တိုင်းနဲ့ပြည်နယ် လက်အောက်ခံစည်ပင်သာယာအဖွဲ့တွေဟာ ဒေသခံတွေရဲ့ လိုအပ်ချက်နဲ့အညီ အခွန်ကောက်ခံခွင့် ရှိပါတယ်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွေဟာ ကိုယ်ပိုင်ရန်ပုံငွေကိုယ်ရှာပြီး သုံးစွဲရတဲ့ ဒေသခံအဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ မြို့နယ်တွင်း သွားရေးလာရေး၊ သန့်ရှင်းရေး၊ မီးလင်းရေး၊ စည်းကားရေးအတွက် တာဝန်ယူဆောင်ရွက်ရပါတယ်။ မြို့နယ်တွင်းက ဈေးဆိုင်၊ စားသောက်ဆိုင်နဲ့ အခြားစီးပွားရေးလုပ်ငန်းတွေဟာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ ခွင့်ပြုချက်ရယူဖို့ လိုအပ်ပါတယ်။ ဒီလုပ်ငန်းတွေက ပေးဆောင်တဲ့ အခွန်အကောက်ဟာ မြို့နယ်စည်ပင်ရုံးရဲ့ အသုံးစရိတ် ဖြစ်လာပါတယ်။ ဧရာဝတီ၊ ရှမ်း နဲ့ ကရင်ပြည်နယ်တို့မှာ အခွန်စည်းကြပ်ရာမှာ ကွန်ပြူတာစနစ်ကို သုံးလာနေပါပြီ။
မြန်မာနိုင်ငံမှာ ပစ္စည်းခွန်ကောက်ခံတဲ့နှုန်း အနည်းဆုံးဖြစ်နေတာကိုလည်း ဆွေးနွေးကြပါတယ်။ ပစ္စည်းခွန်ဆိုတာ အိမ်ခြံမြေပိုင်ရှင်တိုင်း ပိုင်ဆိုင်မှုတန်းဖိုးကိုလိုက်ပြီး ပေးရတဲ့အခွန် ဖြစ်ပါတယ်။ ဥပမာ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမှာ အိမ်ထောင်စုတစုဟာ (၁) နှစ်မှာ (၁) ဒေါ်လာသာ ပစ္စည်းခွန် ပေးရပါတယ်။ လက်ဘက်ရည် (၄) ခွက်ဖိုး နှစ်စဉ်ပစ္စည်းခွန်ဆောင်ရတဲ့သဘော ဖြစ်ပါတယ်။ စည်ပင်သာယာအဖွဲ့ဟာ ပစ္စည်းခွန်ကို ကောက်ခွင့်သုံးခွင့် ရှိပေမယ့် ရသင့်သလောက်မရတဲ့အခါမှာ လုပ်ရကိုင်ရ ခက်ခဲလာပါတယ်။ ရန်ကုန်မှာတော့ နှစ်စဉ်ကောက်တဲ့ ပစ္စည်းခွန်ဟာ လက်ဘက်ရည် (၂) ခွက်စာလောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ် ဖားအံ့မှာတောင် နှစ်စဉ်ပစ္စည်းခွန်ဟာ လက်ဘက်ရည် (၈) ခွက်စာရှိတာမို့ ရန်ကုန်ရဲ့ ပစ္စည်းခွန်ဟာ သဘာဝမကျဘဲ ဖြစ်နေပါတယ်။
ဒေသခံတွေကို ဒုက္ခပေးသလို မဖြစ်အောင် မြို့နယ်စည်ပင်ရုံးတွေက အခွန်ကောက်ယူကြပါတယ်။ မြို့နယ်စီးပွားရေးဖွံ့ဖြိုးမှုဟာ မြို့နယ်စည်ပင်ရုံးပေါ်မှာ အများကြီးမူတည်ပါတယ်။ စီးပွားရေးလုပ်ငန်းကို ဘယ်မှုနဲ့ အခွန်ကောက်ယူတယ်၊ ရတဲ့ငွေကို ဘယ်လိုသုံးတယ်ဆိုတဲ့ ကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့ လိုပါတယ်။ အမှိုက်ကျူံးတဲ့အလုပ်နဲ့ စွန့်ပစ်တဲ့အလုပ်တွေကိုလည်း စည်ပင်ရုံးကပဲ လုပ်ရပါတယ်။ မြန်မာပြည်က အမှိုက်ပုံတွေဟာ မီးလောင်ပြီး အဆိပ်ငွေ့ထွက်တဲ့ အန္တရာယ် ရှိပါတယ်။ အမှိုက်တွေစုပုံလာရင် အမှိုက်ကို သုံးလေးနှစ်တကြိမ် နေရာရွှေ့ပြောင်းပေးဖို့လိုကြောင်း သိရပါတယ်။
ပြည်သူ့ကျန်းမာရေး မထိခိုက်အောင် အမှိုက်ပုံပြဿနာကို ဘယ်လိုထိန်းသိမ်းမယ်ဆိုတာကိုလည်း ဆွေးနွေးကြပါတယ်။ ဒီကိစ္စဟာ ငွေကြေးကုန်ကျများတဲ့ လုပ်ငန်းဖြစ်လို့ ပစ္စည်းခွန်တိုးပြီး ကောက်ဖို့ ဆွေးနွေးကြပါတယ်။ ပြည်သူလူထုကတော့ အခွန်ပိုပြီးပေးဆောင်ရတာကို နှစ်သက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပွင့်လင်းမြင်သာပြီး တာဝန်သိတဲ့ အခွန်စနစ်ကို ပြည်သူတွေ နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ပြည်သူယုံကြည်တဲ့ စည်ပင်သာယာစနစ် ဖြစ်လာအောင်လုပ်ဖို့ လိုအပ်ပါတယ်။ စည်ပင်သာယာရေးရုံးတွေဟာ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့နေတာမို့ ပွင့်လင်းမြင်သာ တာဝန်ခံမှုရှိကြောင်း ထာဝစဉ်ပြသနိုင်ဖို့ လိုအပ်နေပါတယ်။